သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အထည်ချုပ်လုပ်ငန်းတချို့ မြန်မာနိုင်ငံကထွက်ခွာ


ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမြင်ကွင်း။ ၁၈ စက်တင်ဘာ ၂၀၁၅
ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံတခုမြင်ကွင်း။ ၁၈ စက်တင်ဘာ ၂၀၁၅

ရန်ကုန်မှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံတချို့ဟာ ကုန်ကြမ်းနဲ့ အထည်အမှာတွေ မရတော့တာကြောင့် မြန်မာနိုင်ငံက ထွက်ခွာနေကြပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြားမှာ တရုတ်လုပ်ငန်းရှင်တွေဟာ လုပ်ခလစာတိုးမပေးနိုင်တဲ့ ပြဿနာတွေ၊ ချုပ်ထည်အမှာ အော်ဒါသစ်တွေ မရရှိတာတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ကို ရွှေ့ပြောင်းနေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ ပြောပြမှာပါ။

ရန်ကုန်တိုင်းထဲက တရုတ်အထည်ချုပ် စက်ရုံတချို့ဟာ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းတွေကို ရပ်နားပြီး တရုတ်ရွှေလီမြို့မှာ ပြောင်းရွှေ့ လုပ်ကိုင်နေကြကြောင်း ရွှေလီမြို့က မြန်မာလုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားလည်း ဒီစက်ရုံတွေမှာ အလုပ်လုပ်နေကြကြောင်း ရွှေလီမြို့က ဌာနဆိုင်ရာတွေနဲ့နီးစပ်တဲ့ မြန်မာလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ သိရသလောက်က ရန်ကုန်က တရုတ်ပိုင် စက်ရုံတွေက ကျနော်တို့ ရွှေလီနယ်စပ်ဘက်ကို အကုန် ပြောင်းကုန်ကြတယ်။ အထည်ချုပ်ပေါ့ဗျာ၊ ဦးထုပ်စက်ရုံတို့ အထည်ချုပ်တို့က သူတို့ဝန်ထမ်းတွေလို့ ပြောတယ်ဗျ။ ခြောက်ရုံလောက်ရှိတယ်ဗျ၊ ဦးထုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံတွေ။"

ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်း နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် ရန်ကုန်မှာရှိတဲ့ တရုတ် အထည်ချုပ်လုပ်ငန်းတွေဟာ အလုပ်သမား ဆန္ဒပြတာတွေ၊ အပ်ထည်ထပ်မရတာတွေ၊ ကုန်ကြမ်း ပြတ်လပ်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပိတ်သိမ်းခဲ့တဲ့ စက်ရုံတွေရှိသလို အလုပ်သမား လျှော့ချပြီး ရသလောက် လည်ပတ်နေသူတွေလည်း ရှိနေတာပါ။ အထည်အော်ဒါချပေးတဲ့ နိုင်ငံတွေကလည်း ပြည်တွင်းအခြေအနေကြောင့် အထည်မအပ်တော့ဘဲ အထည်ချုပ်စက်ရုံတွေကို အာရှနိုင်ငံတချို့ဆီ ရွှေ့ပြောင်းဖို့ ဖိအားပေးခဲ့ကြပါတယ်။ ဒါကြောင့် တချို့စက်ရုံတွေက စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက တဖြည်းဖြည်း ရွှေ့ပြောင်းခဲ့ကြောင်း အလုပ်သမားသမဂ္ဂတချို့က ဗွီအိုအေကို ပြောပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့က ရွှေလီစက်မှုဇုန် (Ruili Industrial Park) ဆိုင်းဘုတ်တခု
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့က ရွှေလီစက်မှုဇုန် (Ruili Industrial Park) ဆိုင်းဘုတ်တခု

အထူးသဖြင့် ရန်ကုန်တိုင်း၊ ငွေပင်လယ်စက်မှုဇုန်က စက်ရုံတွေကို ချုပ်ထည်အော်ဒါချပေးတဲ့ နိုင်ငံတချို့က ဖိအားပေးခဲ့ကြောင်း အလုပ်သမားရေးရာ အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကတည်းက အထည်ချုပ်အော်ဒါပေးတဲ့ buyer တွေဘက်က သူတို့က မြန်မာပြည်ကို အော်ဒါမချတော့ဘူးဆိုတဲ့ informationကို သူတို့ရတယ်ပေါ့လေ။ ဦးပိုင်ကပိုင်တဲ့ စက်မှုဇုန်ပေါ့နော် ငွေပင်လယ်စက်မှုဇုန်ထဲမှာ ရှိနေတဲ့ စက်ရုံတွေလို့ ကျနော်တို့ သိရတယ်။ စစ်တပ်ကို တိုက်ရိုက်အကျိုးရှိစေတဲ့ စက်မှုဇုန်ထဲမှာ စက်ရုံတည်ထားတာမို့လို့ အဲဒါကို ရွှေ့ရမယ် အဲလို (buyer) တွေကပြောတယ်။ အဲဒီတော့ ရွှေ့ရမဲ့အတူတူ တခါတည်းပဲ ငွေပင်လယ်စက်မှုဇုံ အပြင်ဘက်ကို ရွှေ့တာမျိုး မဟုတ်တော့ဘဲနဲ့ တရုတ်ပြည်ဘက်ကို တခါတည်း ရွှေ့တော့မယ်ပေါ့နော်၊ အလုပ်သမားတွေလည်း ခေါ်သွားလို့ရှိရင် လွယ်ကူတယ်ပေါ့လေ။ အဲလိုမျိုး စဉ်းစားချက်မျိုးနဲ့ သူတို့ အဲမှာကတည်းက စပြီးလုပ်လာတာ သိရတယ်ပေါ့။"

တရုတ်စက်ရုံ ဘယ်လောက်များများ ရန်ကုန်ကနေ ပြောင်းရွှေ့ပြီး မြန်မာနယ်စပ်က တရုတ်ရွှေလီစက်မှုဇုံထဲမှာ လည်ပတ်နေလဲဆိုတာ အတိအကျ ထုတ်ပြန်ထားတဲ့ စာရင်းတွေတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ တရုတ်အစိုးရပိုင် Global Times သတင်းစာရဲ့ ၂၀၂၃ စာရင်းအရဆိုရင် ရွှေလီစက်မှုဇုန် (Ruili Industrial Park) က ကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အရေအတွက်က အခြေခံလုပ်သားအားလုံးရဲ့ ၈၀ရာခိုင်နှုန်းလောက် ရှိပါတယ်။ အခုဆိုရင် တရုတ်-မြန်မာ နယ်စပ်ကိုဖြတ်ပြီး အလုပ်သွားလုပ်ဖို့ ယာယီနေထိုင်ခွင့် လျှောက်ထားတဲ့ မြန်မာအရေအတွက်က တရက်ကို ၁၀,၀၀၀ နီးပါးရှိကြောင်း တုံကင်ပေးသူတချို့က ဗွီအိုအေကို ပြောပါတယ်။

သူတို့ထဲက အများစုဟာ လျှပ်စစ်ပစ္စည်း စက်ရုံတွေနဲ့ အထည်ချုပ်စက်ရုံ မျိုးစုံမှာ အလုပ်လုပ်ဖို့ သွားကြတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

XS
SM
MD
LG