သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လုံခြုံရေးနဲ့ လူသားချင်းစာနာ အကူအညီ CIA ဒုအကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ် ဆွေးနွေး


CIA ဒုတိယညွှန်ကြားရေးမှူး David Cohen. (ဓာတ်ပုံ - cia.gov)
CIA ဒုတိယညွှန်ကြားရေးမှူး David Cohen. (ဓာတ်ပုံ - cia.gov)

(Zawgyi / Unicode)

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ဒုတိယအကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်တို့ သောကြာနေ့က ဘန်ကောက်မြို့၊ အစိုးရအိမ်တော်မှာ တွေ့ဆုံချိန်အတွင်း ဆွေးနွေးကြတဲ့ ကိစ္စရပ်တွေထဲမှာ မြန်မာ့လုံခြုံရေး အခြေအနေနဲ့ ထိုင်းနိုင်ငံက လူသားစာနာမှု အကူအညီပေးနေတဲ့ အခြေအနေတွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းအစိုးရအဖွဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ရေးထားပါတယ်။

ဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ CIA ဒုတိယညွှန်ကြားရေးမှူး David Cohen တို့ဟာ ကြိုတင် ကြေညာမထားဘဲ သောကြာနေ့မနက် ၉ နာရီခွဲလောက်က ထိုင်းအစိုးရအိမ်တော်မှာ ၄၅ မိနစ်လောက်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးပါတယ်။ အဲဒီတွေ့ဆုံပွဲကို သတင်းမီဒီယာတွေ တက်ရောက်သတင်းယူခွင့် ပိတ်ပင်ခဲ့ပါတယ်။

မစ္စတာ Cohen နဲ့ ဝန်ကြီးချုပ် Prayut တို့ တွေ့ဆုံခဲ့တယ်ဆိုတာ ထိုင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Supoj Malaniyom က သောကြာနေ့နှောင်းပိုင်းမှာ အတည်ပြုခဲ့ပေမယ့် ထိုင်းနိုင်ငံနဲ့ တခြား အာဆီယံနိုင်ငံတွေကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံမှု အားကောင်းရေး အဓိက ဆွေးနွေးခဲ့ကြတာလို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို CIA အကြီးအကဲတဦး တနှစ်တကြိမ် လာရောက်တာ ပုံမှန်ကိစ္စတခုဖြစ်ပြီး သတင်းအချက်အလက် ဖလှယ်ဖို့နဲ့ အမေရိကန်နဲ့ ထိုင်း ထောက်လှမ်းရေးအဖွဲ့နှစ်ခုကြား ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး Malaniyom က ပြောပါတယ်။

မစ္စတာ Cohen ဟာ ထိုင်းနိုင်ငံကနေ အရှေ့တောင်အာရှဒေသထဲက နောက်နိုင်ငံနှစ်ခုကိုလည်း သွားဖို့ရှိတယ်လို့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်မှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)







XS
SM
MD
LG