သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ်မှာတိုက်ပွဲဖြစ်ပြီး အိုးအိမ်စွန့်ဒုက္ခသည်တွေကူညီဖို့ ICRC ယာဉ်တန်းရောက်နေ


မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)
မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)

(Zawgyi/Unicode)

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဒေသခံ ချင်းကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ မင်းတပ်မြို့နယ်အတွင်း စားနပ်ရိက္ခာတင်ဆောင်မှုကိုလည်း စစ်ကောင်စီဘက်က စစ်ဆေး စိစစ်နေတာကြောင့် ဒေသခံတွေ စားနပ်ရိက္ခာအခက်ခဲနဲ့ ကြုံနေရပါတယ်။ ဒေသခံတွေကို အကူညီပေးဖို့ နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံအာဏာပိုင်တွေ ညှိနှိုင်းနေတယ်လို့ ဒုက္ခသည်ကူညီရေးကော်မတီဝင်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာမှာ သြဂုတ်လ ၂၅ ရက်နေ့က မင်းတပ်ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ CDF ဘက်က ၂ ယောက်သေဆုံးခဲ့တယ်လို့ မင်းတပ် CDF ပြန်ကြားရေးတာဝန်ခံ ဒေါက်တာယောမာန်က ပြောပါတယ်။
“အဲဒီ ပလိပ်ထွီရွာတိုက်ပွဲ ပြီးတော့ ကျနော်တို့ ဘက်က CDFတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးတယ်ပေါ့။ သူတို့ဘက်က ဒီပလိပ်ထွီရွာထဲကို လက်နက်ကြီးနဲ့ပစ်တယ်ပေါ့နော်။ ရွာထဲမှာ မပစ်ခတ်ခင်မှာပေါ့နော်။ ကျနော်တို့တဖြည်းဖြည်း ဆုတ်ပေးရင်းနဲ့ သူက ရှေ့ကိုတိုးလာ တိုးလာရင်းနဲ့ တောက်လျှောက်လက်နက်ကြီးနဲ့ပစ်။ လက်နက်ကြီး ထိသွားတာပေါ့။ ကျဆုံးသွားတာပေါ့ ၂ ယောက်။”

ဒီနေ့အစောပိုင်းကတော့ မင်းတပ်မြို့နယ် ချပ် ကျေးရွာဖက်မှာ စစ်ကောင်စီတပ်ဘက်ကနေ လက်နက်တွေနဲ့ ပစ်ခတ်နေပေမဲ့ အပြန်အလှန်တိုက်ပွဲတော့ မရှိဘူးလို့ ဒေါက်တာယောမာန်ကပြောပါတယ်။
“ဒီနေ့မနက်မှာ လက်နက်ကြီးလက်နက်ငယ်တွေပေါ့။ အဲတာတွေနဲ့လှမ်းပြီးမှ ပစ်ခတ်တယ်ပေါ့နော် ချပ်ရွာကို။ မင်းတပ်မတူပီ မိုင် ၄၀ အောက်နားကရွာပေါ့။”

ဧပြီလကုန်ပိုင်းထဲကစလို့ မင်းတပ်မှာ စစ်တပ်နဲ့ CDF အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေတာပါ။ မင်းတပ်မြို့နယ်အတွင်း စားနပ်ရိက္ခာတင်ဆောင်မှုကိုလည်း စစ်ကောင်စီဘက်က စိစစ်ထိန်းချုပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလိုရိက္ခာတင်သွင်းခွင့် ပိတ်ပင်ထားတဲ့အတွက် မင်းတပ်မြို့နယ်အတွင်း စားနပ်ရိက္ခာအခက်ခဲရှိနေတယ်လို့ မင်းတပ်မြို့ စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီဝင်တဦးကပြောပါတယ်။

“မင်းတပ်မြို့ပေါ်မှာတော့ ဆန်ကုန်သည်လည်းမရှိတော့ဘူး။ ဆန်ရောင်းသူလည်းမရှိ။ စားနပ်ရိက္ခာတွေက ခက်ခဲ မရှိတဲ့ဟာက များလာတယ်။ ရွာမှာရော မြို့မှာရော။ ”

မင်းတပ်မြို့နယ်မှာ ဆန်ရိက္ခာတင်သွင်းခွင့်ကို စစ်ကောင်စီဘက်ကနေ ကန့်သတ်ထားတဲ့ဖြစ်စဉ်အပေါ် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။
“မင်းတပ်ဘက်မှာတော့ ကျနော်တို့လိုအပ်တဲ့စစ်ဆေးမှု ဆောင်ရွက်တာတော့ရှိတာပေါ့။ မင်းတပ်ဘက်မှာလည်း သူက အကြမ်းဖက်ဆောင်ရွက်မှုတွေ ရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့စစ်ဆေးတာတော့ရှိပါတယ်။ ”

မင်းတပ်ဘက်က ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတွေ မနေ့ သြဂုတ်လ ၂၆ ရက်က မင်းတပ်မြို့ကို ရောက်ရှိလာခဲ့ပြီး ဒေသခံအာဏာပိုင်တွေနဲ့ လာရောက် ညှိနှိုင်းတယ်လို့ မင်းတပ်မြို့ စစ်ဘေးဒုက္ခသည် စီမံခန့်ခွဲရေးကော်မတီဝင်တဦးက ပြောပါတယ်။

“ရောက်ပါတယ်။ ထွေအုပ်စီမံနဲ့ စစ်ကောင်စီဘက်နဲ့သူတို့လမ်းညွှန်ချက်ပေးတဲ့အတိုင်းပဲလို့ယူဆတယ်။ သူတို့ လာရောက်ညှိနှိုင်းပြီးတော့မှ သူတို့အကူညီပေးနိုင်ဖို့ကိစ္စ သူတို့နဲ့ပဲ တိုက်ရိုက် သိရတယ်။”

ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေက ICRC ကို ဆက်သွယ်မေးမြန်းခဲ့တာမှာ "မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ICRC ပူးတွဲ အကူအညီပေးယာဉ်တန်းဟာ တိုက်ပွဲဒဏ်ခံခဲ့ရတဲ့ အဲဒီဒေသက ဘေးဒဏ်သင့်သူတွေကို အကူအညီပေးဖို့ မင်းတပ်မှာ ရောက်နေပါပြီ။ အဲဒီဒေသက အိုးအိမ်စွန့်လူထုကို အကူအညီပေးရေး ဘေးရန်ကင်းစွာ သွားလာနိုင်ဖို့ မိမိတို့ရဲ့ လုပ်ငန်းလုပ်ဆောင်မှု နည်းနာတွေအတိုင်း သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပါတယ်။ အဲဒီဆွေးနွေးမှုအသေးစိတ်ကို ICRC အနေနဲ့ လူသိရှင်ကြား ပြောဆိုတာမျိုးမလုပ်ပါဘူး။ အကြီးမားဆုံးလိုအပ်နေသူတွေကို အကူအညီပေးဖို့ရည်ရွယ်ချက်နဲ့ လုံးဝ လူသားစာနာမှုသက်သက်ကိုသာ မိမိတို့ ဦးတည်ချက်ထားပါတယ်" လို့ အီးမေးလ်ကနေတဆင့် ပြန်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ ရက်နေ့ကတော့ မင်းတပ်မြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ အစားအသောက်နဲ့ ကိုဗစ်ကာကွယ်ရေး ထောက်ပံ့ကူညီမှုတချို့ပေးခဲ့ပါတယ်။ မင်းတပ်မြို့ပြင်မှာ ယာယီခိုလှုံနေကြတဲ့ ဒုက္ခသည်တွေရှိရာကိုတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ သွားခွင့်မရတဲ့အတွက် အကူအညီ မရခဲ့ကြပါဘူး။

မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ဇူလိုင်လ ၄ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲချိန်ကာလ သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း ဇူလိုင် ၂၁ ရက်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတာပါ။ နှစ်ဘက် စစ်ရေးတင်းမာနေတာနဲ့အတူ ဒေသခံသောင်းနဲ့ချီ စစ်ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။

................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG