ပုေလာၿမိဳ႕နယ္ ကဒဲေက်း႐ြာမွာ စစ္ဆင္ေရးလႈပ္ရွားလာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းတပ္ဖြဲ႕အၾကား ေဖေဖာ္ဝါရီလ ၁၅ရက္ေန႔က တိုက္ပြဲျဖစ္ၿပီး ေက်း႐ြာေနအိမ္တခ်ိဳ႕ မီးရႈိ႕ဖ်က္ဆီးခံရပါတယ္။ ဒီကေန႔မွာေတာ့ သကၤန္းေတာေက်း႐ြာဖက္ကို စစ္ေကာင္စီ စစ္ေၾကာင္းစစ္ဆင္လာတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ပုေလာၿမိဳ႕နယ္တြင္း ခပ္စိတ္စိတ္ျဖစ္လာတဲ့ စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ေရးလႈပ္ရွားမႈအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးပါမယ္။
ၿပီးခဲ့တဲ့ ေဖေဖာ္ရီလ ၁၅ ရက္ေန႔က ပုေလာၿမိဳ႕နယ္ ကဒဲေက်း႐ြာမွာ ႏွစ္ဖက္အျပန္အလွန္ တိုက္ပြဲျဖစ္တယ္လို႔ ႐ြာခံတစ္ဦးက VOA ကို ေျပာပါတယ္။ တိုက္ပြဲျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁၆ ရက္မွာေတာ့ ကဒဲေက်း႐ြာ ေနအိမ္ေတြကို စစ္ေကာင္စီတပ္ေတြ မီးရႈိ႕ဖ်က္စီးၿပီး ေဖေဖာ္ဝါရီ ၁၇ ရက္ ဒီကေန႔မနက္ ၁၁ နာရီေလာက္မွာေတာ့ သကၤန္းေတာေက်း႐ြာဘက္ကို စစ္ေၾကာင္းျပန္ဆင္းလာတယ္လို႔ ႐ြာခံတစ္ဦးက ေျပာပါတယ္။
“ကဒဲမွာ တိုက္ပြဲျဖစ္တာ၊ တိုက္ပြဲကေတာ့ စဲသြားတာပဲ ဒါေပမယ့္ သူတို႔ဘက္က လက္နက္ႀကီးေတြ မၾကာမၾကာထုေနတာ တအားပဲ၊ ဟို… ၁၆ ရက္ေန႔က ၉ နာရီခြဲလာ မီးရႈိ႕သြားတာ ညအထိပဲ။ အခု ဒီတေန႔ေလ သူတို႔ ကဒဲဖက္ကေန ညီမေလးတို႔ သကၤန္းေတာ ႐ြာဖက္ကို စစ္ေရွာင္စခန္းေတြ ေနတယ္ ေတာင္နံေဘးမွာ တဲေလးေတြထိုးၿပီးေနတာ အဲ့ေနရာအနီးျဖတ္ၿပီးလာတာ အမ်ားႀကီး စစ္အင္အား ၄၀ ေလာက္ရွိတယ္(အေဝး လွမ္း)ျမင္တယ္ေလ ျမင္တယ္။”
အခု ေဖေဖာ္ဝါရီလ ဒုတိယအပတ္ထဲက စစ္ေကာင္စီတပ္ေတြဟာ လက္နက္ႀကီးေတြပစ္ခတ္ၿပီးေနာက္၊ အေနာက္ကေန အင္အားမ်ားမ်ားနဲ႔ တစ္႐ြာဝင္ တစ္႐ြာထြက္ စစ္ေၾကာင္းထိုး ဝင္လာတာလို႔ ႐ြာခံေတြက VOA ကို ေျပာဆိုၾကပါတယ္။
ပုေလာနယ္ဘက္က လတ္တေလာ စစ္ေရးအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္တာမရွိေသးပါဘူး။
ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ သတင္းျပန္ၾကားေရး တာဝန္ခံတစ္ဦးကလည္း ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ဦးေဆာင္တဲ့ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီအၾကား ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ ညပိုင္းက ႏွစ္ဖက္အျပန္လွန္ပစ္ခတ္မႈ ျဖစ္ေၾကာင္း VOA ကို ေျပာပါတယ္။
“၁၅ ရက္ေန႔ ၇နာရီေလာက္ကေလ ႏွစ္ဖက္ အျပန္အလွန္တိုက္ပြဲျဖစ္တယ္ ၊ သူက အင္အားအလုံးအရင္းနဲ႔ ဝင္လာတာ မိုင္းကြင္းေတြဘာေတြ ျဖတ္ၿပီးေတာ့ အဲ့မွာ ည ၇နာရီကေနစၿပီးေတာ့ တိုက္ပြဲျဖစ္တယ္ ၉ နာရီေလာက္မွာ ႏွစ္ဖက္အျပန္အလွန္ပစ္တဲ့ မပစ္ေတာ့ဘူးေပါ့ေနာ္၊ ေနာက္ၿပီးေတာ့ သူတို႔ဘက္ကေနၿပီးေတာ့ လက္နက္ႀကီးသုံးတာကေတာ့ တညံးလုံးနီးပါး လက္နက္ႀကီးေတြ သုံးၿပီးေတာ့မွ သူတို႔က အဲ့မွာ မိုင္းကြင္းေတြဘာေတြ ျဖတ္ၿပီးေတာ့မွ တက္လာတာ အဲ့လိုမ်ိဳး စစ္ေၾကာင္းထိုးလာတာေပါ့၊ အဲ့လိုမ်ိဳးထိ အင္အားအလုံးအရင္းနဲ႔ ဝင္လာတဲ့အခါက်ေတာ့ အဲ့ဘက္က အစ္မတို႔လူေတြက ဆုတ္ေပးလိုက္ရတာေပါ့ေနာ္ အဲ့ဆိုေတာ့ စိုးမိုးထားတဲ့ ကဒဲကို ျပန္ၿပီးေတာ့ သူတို႔ ျပန္သိမ္းသြားတာ၊ အဲ့မွာ သူတို႔ ျပန္သိမ္းသြားတာနဲ႔ အဲ့ထဲမွာရွိတဲ့ အိမ္ေတြ အကုန္လုံးကို မီးရႈိ႕တာေပါ့ေနာ္။”
ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြ နယ္ေျမ စိုးမိုးထားတဲ့ ပုေလာၿမိဳ႕နယ္ ကဒဲေက်း႐ြာစခန္းဘက္ကို ၿပီးခဲ့တဲ့ရက္က စစ္ေကာင္စီတပ္ေတြ လက္နက္ႀကီးပစ္ခတ္ၿပီး အင္အားအေျမာက္အမ်ားနဲ႔ စစ္ေၾကာင္းထိုးခဲ့တာပါ။ ဒါေၾကာင့္ ကဒဲေက်း႐ြာစခန္းကေန ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ေတြ ဆုတ္ခြာခဲ့ရတယ္လို႔လည္း သိရပါတယ္။
စစ္ေကာင္စီတပ္ေတြဟာ စစ္ေရးလႈပ္ရွားတိုင္းမွာ လက္နက္ႀကီးေတြ အလြန္အကြၽံအသုံးျပဳပစ္ခတ္သလို အရပ္သားျပည္သူေတြကို ေတြ႕ရင္ ဖမ္းဆီးႏွိပ္စက္တာေတြရွိတယ္လို႔ ႐ြာခံ တစ္ဦးက ေျပာပါတယ္။
“စိုးရိမ္းေၾကာက္ၾကမႈေတာ့ တအားရွိတယ္၊ အခုညီမေလးတို႔ေနတဲ့ စစ္ေရွာင္စခန္းဘက္ကို လာရင္ ေျပးေနရတာေပါ့ ဘာျဖစ္လို႔လဲဆို ေတြ႕တဲ့လူေတြကို ဖမ္းတယ္ေလ၊ အခုလူမရွိဘဲ ထားထားတဲ့စားနပ္ရိကၡာကို အဲ့ဒါ သူတို႔ ယူတယ္၊ လူေတြကို ဖမ္းတယ္ဆိုလို႔ အဲ့ေၾကာက္ေျပးေနရတာေပ့ါ။ စားေရးေသာက္ေရးက ခက္ခဲတာေပါ့ ဆရာမရယ္ ကူညီလိုတယ္၊ အကူအညီေတာ့လိုတယ္ ဘယ္သူမွကူညီလို႔မရေသးဘူးေလ အခုခ်ိန္က ဘယ္မွသြားလာလို႔မွမရတာ။”
ဒီရက္ပိုင္းအတြင္း စစ္ေကာင္စီ စစ္ေရးလႈပ္ရွားမႈေၾကာင့္ ေက်း႐ြာအေတာ္မ်ားမ်ား ေထာင္နဲ႔ ခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရၿပီး အစားအေသာက္အကူအညီေတြလည္း လိုအပ္ေနၾကပါတယ္။ အာဏာသိမ္းစစ္ေကာင္စီဟာ တိုင္းျပည္ဟာ ပုံမွန္အေျခအေနမေရာက္ေသးဘူးဆိုၿပီး ၿမိဳ႕နယ္ေပါင္း ၃၇ ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရးေၾကညာခဲ့ရာမွာ၊ ပုေလာၿမိဳ႕နယ္လည္း ပါဝင္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းကတည္းက ပုေလာမွာ စစ္ေကာင္စီတပ္ရဲ႕ လႈပ္ရွားမႈေတြ ပိုၿပီး ခပ္စိတ္စိတ္ျဖစ္လာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
{Unicode}
ပုလောမြို့နယ်တွင်း စစ်ဆင်ရေး နေအိမ်တချို့မီးလောင်ဖျက်ဆီးခံရ
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
ပုလောမြို့နယ် ကဒဲကျေးရွာမှာ စစ်ဆင်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့အကြား ဖေဖော်ဝါရီလ ၁၅ရက်နေ့က တိုက်ပွဲဖြစ်ပြီး ကျေးရွာနေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒီကနေ့မှာတော့ သင်္ကန်းတောကျေးရွာဖက်ကို စစ်ကောင်စီ စစ်ကြောင်းစစ်ဆင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပုလောမြို့နယ်တွင်း ခပ်စိတ်စိတ်ဖြစ်လာတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ ဖေဖော်ရီလ ၁၅ ရက်နေ့က ပုလောမြို့နယ် ကဒဲကျေးရွာမှာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်တယ်လို့ ရွာခံတစ်ဦးက VOA ကို ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ ကဒဲကျေးရွာ နေအိမ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်စီးပြီး ဖေဖော်ဝါရီ ၁၇ ရက် ဒီကနေ့မနက် ၁၁ နာရီလောက်မှာတော့ သင်္ကန်းတောကျေးရွာဘက်ကို စစ်ကြောင်းပြန်ဆင်းလာတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။
“ကဒဲမှာ တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲကတော့ စဲသွားတာပဲ ဒါပေမယ့် သူတို့ဘက်က လက်နက်ကြီးတွေ မကြာမကြာထုနေတာ တအားပဲ၊ ဟို… ၁၆ ရက်နေ့က ၉ နာရီခွဲလာ မီးရှို့သွားတာ ညအထိပဲ။ အခု ဒီတနေ့လေ သူတို့ ကဒဲဖက်ကနေ ညီမလေးတို့ သင်္ကန်းတော ရွာဖက်ကို စစ်ရှောင်စခန်းတွေ နေတယ် တောင်နံဘေးမှာ တဲလေးတွေထိုးပြီးနေတာ အဲ့နေရာအနီးဖြတ်ပြီးလာတာ အများကြီး စစ်အင်အား ၄၀ လောက်ရှိတယ်(အဝေး လှမ်း)မြင်တယ်လေ မြင်တယ်။”
အခု ဖေဖော်ဝါရီလ ဒုတိယအပတ်ထဲက စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေပစ်ခတ်ပြီးနောက်၊ အနောက်ကနေ အင်အားများများနဲ့ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုး ဝင်လာတာလို့ ရွာခံတွေက VOA ကို ပြောဆိုကြပါတယ်။
ပုလောနယ်ဘက်က လတ်တလော စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။
ပုလောပြည်သူ့ကာကွယ်ရေးတပ် သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းက နှစ်ဖက်အပြန်လှန်ပစ်ခတ်မှု ဖြစ်ကြောင်း VOA ကို ပြောပါတယ်။
“၁၅ ရက်နေ့ ၇နာရီလောက်ကလေ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်တယ် ၊ သူက အင်အားအလုံးအရင်းနဲ့ ဝင်လာတာ မိုင်းကွင်းတွေဘာတွေ ဖြတ်ပြီးတော့ အဲ့မှာ ည ၇နာရီကနေစပြီးတော့ တိုက်ပွဲဖြစ်တယ် ၉ နာရီလောက်မှာ နှစ်ဖက်အပြန်အလှန်ပစ်တဲ့ မပစ်တော့ဘူးပေါ့နော်၊ နောက်ပြီးတော့ သူတို့ဘက်ကနေပြီးတော့ လက်နက်ကြီးသုံးတာကတော့ တညံးလုံးနီးပါး လက်နက်ကြီးတွေ သုံးပြီးတော့မှ သူတို့က အဲ့မှာ မိုင်းကွင်းတွေဘာတွေ ဖြတ်ပြီးတော့မှ တက်လာတာ အဲ့လိုမျိုး စစ်ကြောင်းထိုးလာတာပေါ့၊ အဲ့လိုမျိုးထိ အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အခါကျတော့ အဲ့ဘက်က အစ်မတို့လူတွေက ဆုတ်ပေးလိုက်ရတာပေါ့နော် အဲ့ဆိုတော့ စိုးမိုးထားတဲ့ ကဒဲကို ပြန်ပြီးတော့ သူတို့ ပြန်သိမ်းသွားတာ၊ အဲ့မှာ သူတို့ ပြန်သိမ်းသွားတာနဲ့ အဲ့ထဲမှာရှိတဲ့ အိမ်တွေ အကုန်လုံးကို မီးရှို့တာပေါ့နော်။”
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေ စိုးမိုးထားတဲ့ ပုလောမြို့နယ် ကဒဲကျေးရွာစခန်းဘက်ကို ပြီးခဲ့တဲ့ရက်က စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ခတ်ပြီး အင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးခဲ့တာပါ။ ဒါကြောင့် ကဒဲကျေးရွာစခန်းကနေ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ရေးလှုပ်ရှားတိုင်းမှာ လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြုပစ်ခတ်သလို အရပ်သားပြည်သူတွေကို တွေ့ရင် ဖမ်းဆီးနှိပ်စက်တာတွေရှိတယ်လို့ ရွာခံ တစ်ဦးက ပြောပါတယ်။
“စိုးရိမ်းကြောက်ကြမှုတော့ တအားရှိတယ်၊ အခုညီမလေးတို့နေတဲ့ စစ်ရှောင်စခန်းဘက်ကို လာရင် ပြေးနေရတာပေါ့ ဘာဖြစ်လို့လဲဆို တွေ့တဲ့လူတွေကို ဖမ်းတယ်လေ၊ အခုလူမရှိဘဲ ထားထားတဲ့စားနပ်ရိက္ခာကို အဲ့ဒါ သူတို့ ယူတယ်၊ လူတွေကို ဖမ်းတယ်ဆိုလို့ အဲ့ကြောက်ပြေးနေရတာပေ့ါ။ စားရေးသောက်ရေးက ခက်ခဲတာပေါ့ ဆရာမရယ် ကူညီလိုတယ်၊ အကူအညီတော့လိုတယ် ဘယ်သူမှကူညီလို့မရသေးဘူးလေ အခုချိန်က ဘယ်မှသွားလာလို့မှမရတာ။”
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာအတော်များများ ထောင်နဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အစားအသောက်အကူအညီတွေလည်း လိုအပ်နေကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်ဟာ ပုံမှန်အခြေအနေမရောက်သေးဘူးဆိုပြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာမှာ၊ ပုလောမြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက ပုလောမှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေ ပိုပြီး ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။