အမေရိကန်ပြည်ထောင်စုမှာ လူတန်းစားအားလုံးအတွက် အကျိုးရှိမယ့် စီးပွားရေးစနစ်ကို ကျင့်သုံးမယ်လို့ Democratic သမ္မတလောင်း Hillary Clinton က ပြောကြားခဲ့ပြီး သူ့အဓိကစားဆောင်ရွက်မယ့် စီးပွားရေးဆိုင်ရာ အစီအစဉ်တွေကို ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့တုန်းက Pennsylvania ပြည်နယ် Scranton မြို့မှာပြုလုပ်ခဲ့တဲ့ မဲဆွယ်ပွဲမှာ Clinton ကခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ Clinton မဲဆွယ်ပွဲကို ပထမဆုံးအကြိမ် လာရောက် မိန့်ခွန်း ပြောကြားခဲ့တဲ့ အမေရိကန်ဒုတိယသမ္မတ Joe Biden ကလည်း Hillary Clinton ဟာ အမေရိကန်သမိုင်းရဲ့ အခန်းသစ်ကို ရေးသားမယ့်သူ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ Republican သမ္မတလောင်း Donald Trump ကလဲ အကြမ်းဖက်မှုနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မိန့်ခွန်းကို Ohio ပြည်နယ်မှာ ပြောကြားပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီး တင်ပြပါလိမ့်မယ်။
Democratic သမ္မတလောင်း Hillary Clinton ရဲ့ဖခင် မွေးရပ်မြို့ဖြစ်ရုံမက အမေရိကန် ဒုသမ္မတ Joe Biden ရဲ့မွေးရပ်မြို့လည်းဖြစ်တဲ့ Pennsylvania ပြည်နယ် Scranton မြို့မှာ Clinton မဲဆွယ်ပွဲကို တနင်္လာနေ့က လုပ်ခဲ့တာပါ။ ရွေးကောက်ပွဲကျရင် မဲအနိုင်ရရေးအတွက် အရေးပါတဲ့ Pennsylvania ပြည်နယ်က လူလတ်တန်းစားတွေကို ရည်ရွယ်တဲ့ စည်းရုံးမဲဆွယ်ပွဲမှာ Hillary Clinton က လူတန်းစားအားလုံးအတွက် အကျိုးရှိမယ့် စီးပွားရေးစနစ်ကို ကျင့်သုံးမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
“ကျွန်မ အဓိက ဦးစားပေးလုပ်မှာက အချမ်းသာဆုံး ထိပ်ပိုင်းလူတန်းစားတွေအတွက်သာမဟုတ်ဘဲ လူတန်းစားအားလုံး အကျိုးခံစားနိုင်မယ့် စီးပွားရေးမျိုးကို ဖန်တီးပေးမှာဖြစ်ပါတယ်။ အဲဒီလိုဖန်တီးနိုင်ဖို့အတွက်လည်း ရည်မှန်းချက် ၅ ခုထားပြီးဆောင်ရွက်သွားမှာပါ။ ပထမက ဒုတိယကမ္ဘာစစ်ပွဲပြီးထဲက ပထမဆုံး လစာကောင်းကောင်းပေးမယ့်အလုပ်အကိုင်တွေ ပေါ်ထွန်းလာအောင်လုပ်ပါမယ်။ နံပါတ် ၂ က၊ လက်ရှိမှာ တက္ကသိုလ်ကျောင်းစရိတ် ချေးငွေ မနည်းပြန်ဆပ်နေကြရတဲ့ သန်းနဲ့ချီသူတွေ အကြွေးကင်းသွားအောင် ဆောင်ရွက်ပါမယ်။ တတိယက နိုင်ငံခြားကို လုပ်ငန်းတွေရွှေ့ပြီး အမေရိကန်အပြင်မှာ အကျိုးအမြတ်ရအောင်လုပ်နေကြတဲ့ ကုမ္ပဏီတွေကို နှိမ်နှင်းပါမယ်။ တချိန်ထဲမှာ လွန်ခဲ့တဲ့ အနှစ် ၁၀၀ နီးပါးတုန်းက Scranton ဇာထည်ကုမ္ပဏီလုပ်ခဲ့သလို ရရှိတဲ့အကျိုးအမြတ်တွေကို ဝန်ထမ်းတွေကို မျှဝေတဲ့ လုပ်ငန်းတွေကို ဆုလာဘ်တွေ ပေးမှာဖြစ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ လုပ်မှာက Corporate လုပ်ငန်းကြီးတွေနဲ့ အင်မတန် ကြွယ်ဝသူတွေ ထိုက်တန်တဲ့ အခွန်ဆောင်အောင် လုပ်မှာဖြစ်ပါတယ်။ နောက်ဆုံးကတော့ ကလေးသူငယ် ပြုစုစောင့်ရှောက်တဲ့နေရာမှာ အမေရိကန်မိသားစုတိုင်း တတ်နိုင်အောင် စရိတ်သက်သက်သာသာဖြစ်အောင် လုပ်ပေးပါမယ်။ ဒါ့အပြင် ကိုယ့်မိသားစုဝင်တွေကို ပြုစုစောင့်ရှောက်ဖို့ ခွင့်ရက်ယူလို့ အလုပ်ကနေ ဖြုတ်မခံရအောင်၊ မိသားစုဝင်တွေ နေမကောင်းဖြစ်လို့ ပြုစုတဲ့ရက်တွေမှာ လစာရအောင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”
အားလုံး ပါဝင်အားထုတ်မှုနဲ့ဆိုရင် ဒီအစီအစဉ်တွေက မျှတ ခိုင်မာတဲ့ စီးပွားရေးတည်ဆောက်ရေးမှာ ရေရှည်အကျိုးရှိမှာဖြစ်တယ်လို့ Hillary Clinton ကပြောကြားခဲ့ပါတယ်။ Mrs. Clinton ရဲ့ စည်းရုံးမဲဆွယ်ပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒုတိယသမ္မတ Joe Biden ကလည်း ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ Hillary Clinton သာအမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာခဲ့မယ်ဆိုရင် အမေရိကန်အမျိုးသမီးတွေရဲ့ ဘဝတွေ ပြောင်းလဲသွားမှာဖြစ်တယ်လို့ ခုလိုပြောကြားသွားခဲ့ပါတယ်။
“အခု ကျွန်တော့်ရှေ့မှာ တွေ့နေရတဲ့ ချစ်စရာ မိန်းကလေးငယ် ၃ ယောက်အတွက် Hillary Rodham Clinton သမ္မတဖြစ်လာတာက ဘယ်လို အဓိပ္ပါယ်သက်ရောက်မှာလဲဆိုရင်တော့ သူတို့ရဲ့ ဘဝတွေ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝတွေကို ပြောင်းလဲသွားစေပါလိမ့်မယ်။ ကျွန်တော့်သားနဲ့ ကျွန်တော့် မြေးယောင်္ကျားလေးတို့ လုပ်နိုင်တဲ့ ကိစ္စတိုင်းကို ကျွန်တော့်သမီးနဲ့ ကျွန်တော့မြေးမလေးတို့လုပ်နိုင်မယ်ဆိုတဲ့ နမူနာကို သက်သေပြလိုက်ရာရောက်ပါလိမ့်မယ်။ သူသမ္မတဖြစ်လာခဲ့ရင် ဖြစ်လာမဲ့ အကျိုးသက်ရောက်မှုကတော့ အဲဒါပါပဲ။”
Hillary Clinton ဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုလည်း ယူခဲ့ဖူးတဲ့အတွက် သူနဲ့ပြိုင်ဘက် Donald Trump ရဲ့အကြံပေးအဖွဲ့တခုလုံးထက်ကို အမေရိကန်နိုင်ငံခြားရေးမူဝါဒကို နားလည်သူဖြစ်တယ်လို့လဲ ဒုသမ္မတ Joe Biden ကပြောကြားခဲ့ပါတယ်။ အမေရိကန်သမိုင်းရဲ့ အခန်းသစ်ကို ရေးသားမယ့်သူဖြစ်တယ်လို့လဲ ဒုတိယသမ္မတ Joe Biden က Pennsylvania ပြည်နယ် Scranton မြို့မှာ မဲဆွယ် မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။ Hillary Clinton ရဲ့ ပြိုင်ဘက် Republican သမ္မတလောင်း Donald Trump ကလည်း တနင်္လာနေ့ကပဲ Ohio ပြည်နယ်မှာ မဲဆွယ်မိန့်ခွန်းပြောကြားပါတယ်။ Youngstown ပြည်နယ်တက္ကသိုလ်မှာ ပြောကြားတဲ့မိန့်ခွန်းထဲမှာ နိုင်ငံခြားရေးမူဝါဒနဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ ကိစ္စတွေကို ပြောကြားသွားပါတယ်။ အစ္စလာမ်ဘာသာရေးအစွန်းရောက်တွေကို နှိမ်နှင်းမယ့်အစီအစဉ်ကို ခုလို ပြောပါတယ်။
“ကျွန်တော်သမ္မတဖြစ်လာရင် ပထမဆုံးလုပ်မဲ့တခုက အစွန်းရောက်အစ္စလာမ်နှိမ်နှင်းရေးအတွက် ကော်မရှင်တခုဖွဲစည်းပါမယ်။ မွတ်ဆလင်အသိုင်းအဝိုင်းထဲက ကျွန်တော်တို့နဲ့ အတူတွဲလုပ်မယ်လို့ မျှော်လင့်ရတဲ့ ပြုပြင်ပြောင်းလဲချင်သူတွေ ပါဝင်မှာပါ။ ကျွန်တော်တို့ကတော့ သဘောထားကွဲမှုတွေကို ပပျောက်စေချင်တယ်။ ပေါင်းကူးတံတားတွေကို ဆောက်ပေးချင်ပါတယ်။ အဲဒီကော်မရှင်ရဲ့ ရည်ရွယ်ချက်က အစ္စလာမ်အစွန်းရောက်မှုဆိုတာဘာလဲ ဘယ်လိုကျူးလွန်မှုတွေကို လုပ်သလဲဆိုတာကို အမေရိကန်ပြည်သူတွေ သိအောင် ရှင်းပြဖို့ဖြစ်ပါတယ်။ အစွန်းရောက်အမြင်နဲ့ လက္ခဏာပြနေသူတွေကို ဖော်ထုတ်နိုင်ဖို့၊ လူမှု အသိုင်းအဝိုင်းထဲမှာ အစွန်းရောက်မှုကို ထောက်ခံနေတဲ့ ကွန်ယက်တွေကို ဖော်ထုတ်နိုင်ဖို့က ကော်မရှင်ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံရဲ့ တန်ဖိုးနဲ့ ပြည်သူတွေကို လေးစားသူတွေကိုသာ နိုင်ငံထဲကို ဝင်ခွင့်ပြုမယ့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကြပ်မှုတွေ လုပ်သွားမယ်ဆိုတာကိုလည်း စစ်အေးစစ်ကာလတုန်းက လုပ်ခဲ့တဲ့ စစ်ဆေးမှုမျိုးကို ဥပမာပေးပြီး DonaldTrump ကပြောကြားသွားခဲ့ပါတယ်။