ထိုင်းနိုင်ငံ ဘန်ကောက်မှာ စက်တင်ဘာ ၃ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပနေတဲ့ ၅၁ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းဝေးနဲ့ ဆက်စပ်အစည်းဝေးတွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း တက်ရောက် နေပါတယ်။
သောကြာနေ့ကတော့ ဆက်စပ်အစည်းဝေးတခုဖြစ်တဲ့ CLMV ၄ နိုင်ငံဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေက စီးပွားရေးဆိုင်ရာ ဝန်ကြီးများအဆင့် ၁၁ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး CLMV ၄ နိုင်ငံ ရဲ့ လုပ်ငန်းအစီစဉ်တွေ အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ကြောင်း တက်ရောက်လာတဲ့ ဝန်ကြီးတွေက ကတိပေးခဲ့ကြပါတယ်။
ဒီ ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ စီးပွားရေးနဲ့ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ကျန်အာဆီယံ နိုင်ငံတွေနဲ့ စီးပွားရေး ကွာဟမှု သိပ်မရှိတော့ပဲ ဖြစ်လာအောင် ဆောင်ရွက်ဖို့ ဗီယက်နမ် စီးပွားရေးဝန်ကြီးက အစည်းဝေးမှာ ပြောကြားခဲ့ပါတယ်။
အဓိက လိုအပ်ချက်တွေ ဖြစ်နေတဲ့ လမ်းပမ်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ၊ကုန်သွယ်ရေးနဲ့ ပို့ဆောင်မှု၊ ၄ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အပြင်ဧည့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး တွေမှာ လက်တွဲလုပ်ဆောင်ဖို့ နဲ့ မဲခေါင်ဒေသတွင်း ၄ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ် မြှင့်တင်ဖို့ ဆွေးနွေးကြတာပါ။
မဲခေါင်ဒေသတွင်း နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးပွားရေးနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေ တိုးမြှုင့်ဖို့ တောင်ကိုရီးယား သမ္မတ Moon Jae-in ဟာ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံ တွေကို ၆ ရက်ကြာ ခရီးစဉ်လာရောက်ခဲ့ပြီး သောကြာနေ့မှာ လာအိုနိုင်ငံကနေ တောင်ကိုရီးယားကို ပြန်သွားခဲ့တာပါ။ ထိုင်းနိုင်ငံနဲ့ ၂ နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှုင့်ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့သလို မြန်မာနိုင်ငံမှာတော့ စီးပွားရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တာပါ။