သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထန်တလန်ကို ထိန်းချုပ်လိုက်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက် CNF ပယ်ချ


စစ်ကောင်စီက ထုတ်ပြန်ထားသည့် ချင်းပြည်နယ် ထန်တလန်မြို့ဓါတ်ပုံများနှင့် Google မှမြင်ရသည့်မြေပုံ
စစ်ကောင်စီက ထုတ်ပြန်ထားသည့် ချင်းပြည်နယ် ထန်တလန်မြို့ဓါတ်ပုံများနှင့် Google မှမြင်ရသည့်မြေပုံ

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့ အပေါ် ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦးဘက်က တုန့်ပြန်ထားပါတယ်။ ထန်တလန်မှာ တိုက်ပွဲမဖြစ်တာ ၁ လနီးပါး ရှိပြီဖြစ်ပြီးတော့ ချင်းအမျိုးသားတပ်ဖွဲ့တွေ ဆက်ပြီး ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မဆုမွန်က ပြောပြမှာပါ။

စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်နေ့ ညနေမှာ စစ်ကောင်စီဘက်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အခုလို စစ်ကောင်စီဘက်က ထုတ်ပြန်တာဟာ သတင်းအမှားသာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောပါတယ်။

"ထန်တလန်မှာ ဘာမှ သတင်းထူးခြားမှုလည်း မရှိဘူး။ ကျနော်တို့နဲ့ ထန်တလန်မှာ တိုက်ပွဲလည်း မရှိဘူး။ တိုက်ပွဲမဖြစ်တာ ၃ ပတ်၊ ၁ လနီးနီး ရှိပါပြီ။ အဲဒါကြောင့် သူတို့ပြောနေတဲ့ဟာတွေက လိမ်ညာနေတဲ့ သတင်းကြီးပါခင်ဗျ။"

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ CNF / CDF အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေဟာ မြို့ရဲ့တဖက်စီမှာ ဆက်ပြီးရှိနေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

"ထန်တလန် အနေအထားကတော့ နဂိုအတိုင်းပါပဲ။ ကျနော်တို့ ထန်တလန်ကို အပိုင်းခွဲရင်တော့ သူတို့က အထိုင်စခန်းရှိတဲ့ ဘက်ကနေတဝက်၊ ကျနော်တို့က သူတို့တပ်စခန်းတွေ မရှိတဲ့ဘက်ကနေတဝက်။ တဝက်စီတော့ ကျနော်တို့ အဲလိုပဲ ထိန်းချုပ်နေဆဲပေါ့နော်။"

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ နောက်ဆုံး ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇၊ ၂၈ နှစ်ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး၊ အပြန်အလှန် ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ထန်တလန်ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ချင်းကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ထန်တလန်မြို့ပေါ်မှာ တဘက်တချက် အပြန်အလှန် တပ်စွဲထားပြီး စောင့်ကြည့်နေကြတဲ့ အခြေအနေမှာ ရှိနေတာပါ။

"အခုတလောကတော့ ကျနော်တို့ ချင်းတောင်ကတော့ ဘာထိုးစစ်မှ မရှိဘူး။ အထိုင်တပ်တွေကတော့ ဘယ်တော့မှ ထိုးစစ်လုပ်လေ့ မရှိပါဘူး။ မြေပြန့်ကနေ သူတို့က စစ်ဆင်ရေး အင်အားအလုံးအရင်းနဲ့ တက်လာမှ တိုက်ပွဲက ရှိတဲ့အနေအထားပါ။ ဒါက ချင်းတောင် အနေအထားပေါ့နော်။ အထိုင်တပ်တွေကတော့ ဘာလှုပ်ရှားမှုမှ မရှိပါဘူး။"

တဖက်မှာ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထန်တလန်မြို့မှာ အရင်က လူဦးရေ ၅၀,၀၀၀ ဝန်းကျင်လောက် နေထိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ အားလုံးနီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနေအထား ရှိနေတာပါ။ လူနေအိမ်တွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေဟာလည်း လက်နက်ကြီးဒဏ်နဲ့ မီးရှို့ခံရလို့ ပျက်စီးဆုံးရှုံးတာတွေ အများအပြားရှိနေတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေကလည်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG