သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထန်တလန်မှာ တိုက်ပွဲပြင်းထန်


ယခင်မှတ်တမ်းရုပ်ပုံ | ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် အဆောက်အဦပေါင်း ၁၆၀ ကျော်ပျက်စီးခဲ့ (၂၀၂၁ အောက်တိုဘာ ၂၉)
ယခင်မှတ်တမ်းရုပ်ပုံ | ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ မီးစွဲလောင်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် အဆောက်အဦပေါင်း ၁၆၀ ကျော်ပျက်စီးခဲ့ (၂၀၂၁ အောက်တိုဘာ ၂၉)

ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်တပ်တပ်စွဲထားတဲ့ နေရာကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေ မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် အကျအဆုံး များတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်က ပြောပါတယ်။ တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်ခဲ့သလို၊ ဟားခါးမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဟားခါးမြို့အနီးမှာလည်း ဒီရက်ပိုင်း တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အကြောင်း ချင်းပြည်နယ်က နောက်ဆုံး အခြေအနေတွေကို ကိုစံကျော်က စုစည်းတင်ပြပေးပါမယ်။

ချင်းပြည်နယ် ထန်တလန်မြို့က စစ်တပ်တပ်စွဲထားတဲ့ နေရာကို ချင်းအမျိုးသားတပ်မတော်က ဦးဆောင်ပြီး သြဂုတ် ၂၈ ရက် မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုရှိသလို လက်နက်တွေလည်း သိမ်းဆည်း ရမိတယ်လို့ ချင်းအမျိုးသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဗွီအိုအေကို အခုလို ပြောပါတယ်။

“တနေကုန်နီးပါး တိုက်ပွဲဖြစ်တယ်။ ထန်တလန် သူတို့ရဲ့ တပ်ကုန်းစခန်းကို သွားပြီးတော့ တိုက်ခိုက်တယ်။ ကျွန်တော်တို့ဘက်က ၁၀ ယောက်ကျော် အကျအဆုံး ရှိတယ်။ သူတို့ဘက်က ၃၀ နီးပါး အကျအဆုံးရှိတယ်။ သူတို့ဆီက လက်နက်အချို့ရရှိတယ်။ သူတို့က စခန်းပေါ်ကနေ ပစ်သလို ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂ ကြိမ် လာကြဲသွားတယ်။ ပြီးတော့ သူတို့က လက်နက်ကြီးကို ပိုပြီးတော့ ဖိသုံးတဲ့ အနေအထားမှာ ရှိတယ်။ လက်နက်ကြီးဆိုတာ ဟားခါး၊ သူတို့ရဲ့ ဗျူဟာကုန်းကနေ ထန်တလန်မြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်တာဆိုတော့ ကျနော်တို့ ယာယီပြန်ပြီး ဆုတ်ပေးလိုက် ရတာပေါ့နော်။”

ထန်တလန်မြို့ကို စစ်ကူလာတဲ့ စစ်တပ်ကားတွေကိုလည်း ကြားဖြတ် တိုက်ခိုက်တာတွေ လုပ်ခဲ့ပြီး စစ်တပ်ဘက်မှာ သေဆုံးတာတွေ ဆက်ရှိနိုင်တယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိ ထန်တလန်မြို့ထဲမှာ စစ်တပ်ရော၊ ချင်းကာကွယ်ရေး အဖွဲ့တွေရော တပ်စွဲထားပြီး အခြေအနေ စောင့်ကြည့်တဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။

ထန်တလန်တိုက်ပွဲ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီ အာဘော်တွေဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ သေဆုံးနေတဲ့ ရုပ်အလောင်းအချို့နဲ့ သိမ်းဆည်းရမိတဲ့ လက်နက်တွေကို ဖော်ပြထားပါတယ်။ ထန်တလန်မြို့မှာ ခုလို တိုက်ပွဲမဖြစ်ခင် သြဂုတ် ၂၇ ရက်နေ့တုန်းကတော့ ဟားခါးမြို့အနီးမှာ တိုက်ပွဲ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“(သြဂုတ် ၂၆ ရက်) တနင်္ဂနွေနေ့ ညနေ ၆ နာရီလောက်ကနေ ဟားခါးမှာ ပစ်ခတ်ကြတာပေါ့။ ဝန်ကြီးအိမ်ယာပေါ့နော်။ နောက်တနေ့ မနက် စောစော ကတော့ ထန်တလန်ဘက်ကနေ ပြန်ပစ်ကြတယ်။ ထန်တလန်မြို့ထဲမှာ အဲ့မှာ တိုက်လေယာဉ်တွေ ပျံဝဲတာနဲ့ မနက်စောစော မိုးလင်းတာနဲ့ ဟားခါးကနေ တောက်လျှောက် လက်နက်ကြီး ပစ်တာပေါ့။ ဟားခါးမှာ တနင်္ဂနွေ မိုးမချုပ်ခင်လေးမှာ အရင်ပစ်ခတ်တာ။”

ဒီကနေ့ သြဂုတ် ၂၉ ရက်မှာတော့ တိုက်ပွဲဖြစ်သံတွေ မကြားရသလို၊ ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာလည်း မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခု သြဂုတ်လ ၁၂ ရက် ကလည်း ချင်းအမျိုးသား တပ်မတော်က ဦးဆောင်ပြီး စစ်တပ်ရဲ့ ဖလမ်းမြို့ အခြေစိုက် ခလရ (၂၆၈) တပ်ရင်း ဌာနချုပ်နဲ့ သြဂုတ်လ ၁၄ ရက်မှာ ထန်တလန်အခြေစိုက် ခလရ (၂၆၉) တပ်ရင်းဌာနချုပ်တို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။ ဝင်ရောက် တိုက်ခိုက်ချိန်အတွင်း လက်နက် အများအပြား သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG