သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုတွေကြောင့် ချင်းပြည်နယ်နဲ့ မကွေးတိုင်းမှာ ဒေသခံထောင်ချီတိမ်းရှောင်


စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေတဲ့မြို့များ။ ချင်းပြည်နယ် မတူပီ (၁)၊ မင်းတပ်မြို့ (၂) နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ (၃)
စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေတဲ့မြို့များ။ ချင်းပြည်နယ် မတူပီ (၁)၊ မင်းတပ်မြို့ (၂) နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ (၃)

ချင်းပြည်နယ် ကန်ပက်လက်မြို့နဲ့ မကွေးတိုင်း ဆောမြို့နယ်ကြားမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ဒေသခံ ၂,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ကန်ပက်လက် မြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား စစ်ရေး တင်းမာမှုတွေ ဆက် ရှိနေတဲ့အကြောင်း ကိုဝင်းခန့်မောင် က တင်ပြပေးပါမယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့ကနေ ဆင်းလာတဲ့ စစ်တပ် ယာဉ်တန်းဟာ ချင်းပြည်နယ် နဲ့ မကွေးတိုင်း ဆောမြို့နယ်ကြားက မဆာတွီ ကျေးရွာကို ရောက်နေတဲ့အတွက် မဆာတွီကျေးရွာအပြင် ဆောမြို့နယ်ထဲက ဆွဲလွဲကျင်း ၊ နတ်ကောင်းကျင်း စတဲ့ ကျေးရွာ ၃ ရွာက ဒေသခံ ၂,၀၀၀ ထောင်လောက် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။

အများစုက ဆောမြို့နယ်ထဲမှာပဲ တိမ်းရှောင်နေကြပေမဲ့ တောတောင်တွေထဲ တိမ်းရှောင်နေရတဲ့ သူတွေလည်း ရှိပါတယ်။ စစ်ရှောင်တွေအတွက် အလှူရှင်အချို့က အစားအသောက် လှူဒါန်းတာတွေ ရှိပေမဲ့လို့ ကုန်ပစ္စည်းတွေ သယ်ယူရာမှာ ကန့်သတ် ဟန့်တားမှုတွေ ရှိတာကြောင့် စားနပ်ရိက္ခာ အကူအညီတွေ ကတော့ လိုအပ်နေတယ်လို့ ဆောမြို့ လူသားစာနာဌာနက တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“(စစ်တပ်) က ဆောနဲ့ ကန်ပက်လက် မြို့နယ်ကြားထဲက ကျေးရွာတွေကို ရောက်လာပြီ။ အဲ့လမ်းမှာလည်း စစ်ရှောင်တွေတော့ ဒီနေ့ လူ ၂,၀၀၀ လောက် ရှောင်နေရတယ်။ စစ်ရှောင်တွေကတော့ ဆောမြို့နယ်ထဲမှာပဲ ခိုလှုံတယ်။ ဥပမာ မဆာတွီ ကတော့ ဆောမြို့နယ်ကို ဆင်းလာဖို့ မလွယ်တော့ တောထဲတောင်ထဲကို ရှောင်ကြတာပေါ့။ ဆွဲလွဲကျင်း၊ နတ်ကောင်းကျင်း တို့ကျတော့ ဆောမြို့နယ်အပိုင်းထဲကို ရောက်လာတဲ့ အခါကျတော့ ကျမတို့တွေက တခြားလုံခြုံမယ့် နေရာတွေကို ရွှေ့ပြောင်း ပေးထားတယ်။ အလှူရှင်တွေ ရှိသော်ငြားလည်း လမ်းကြောင်းမှာ ပိတ်ဆို့ ခံထားရတာတွေ ရှိတဲ့အခါကျတော့ ကျမ တို့ မိုးကာတွေ ရဖို့မလွယ်ဘူးပေါ့နော်။ ဆန်အမြောက်အများ တင်လို့မရဘူးပေါ့။ စားနပ်ရိက္ခာပဲ လိုတာပါ။ လိုအပ်နေတာက။”

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် လလယ်ကစလို့ မကွေးတိုင်းထဲက ဆောမြို့နယ်ကို ဖြတ်ပြီး ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲကို စစ်ယာဉ်တန်းတွေနဲ့ ရိက္ခာပို့ဆောင်ဖို့ သွားလာနေတာဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်နေတာလည်း ဖြစ်ပါတယ်။

ကန်ပက်လက်မြို့ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ရိက္ခာပို့ဆောင်ပြီး ပြန်ဆင်းလာချိန်မှာလည်း ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး လက်ရှိ ကန်ပက်လက် မြို့တွင်းမှာလည်း စစ်ရေးတင်းမာနေတယ်လို့ ကန်ပက်လက် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

“အခုထောက်ပို့ယာဉ်တန်းကတော့ ပြန်ဆင်းလာတာ မဆာတွီကျေးရွာမှာရှိတယ်။ တချို့ရှေ့ပြေး ရှေ့ပွိုင့်တွေကတော့ မနက်ကတည်းက စ ဆင်းလာ နေပြီပေါ့နော်။ ဒီစစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့မှ သူတို့က ပြန်ဆုတ်တယ်ပေါ့နော်။ ပြန်ထွက်သွားတဲ့ အနေအထားဆိုတော့ မတင်းမာတော့ဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပုံမှန်မြို့ပေါ်မှာကတော့ တင်းမာနေတာပေါ့နော်။ နှစ်ဘက်စလုံး ရင်ဆိုင်ထားတယ်။ မြို့ထဲလည်း ခဏခဏ ဝင်ပစ်တာတွေ ရှိတယ်။ စောနက ရိက္ခာသွားပို့တဲ့ ယာဉ်တန်းဆိုလည်း သွား သွားပစ်လိုက် ပြန်ဆုတ်လာလိုက် အဲ့လိုတော့ လုပ်နေတာရှိတယ်ပေါ့နော်။”

စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား ကန်ပက်လက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်တပ်ဘက်က လေကြောင်းကနေ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို၊ နှစ်ဘက်အကျအဆုံးရှိတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး လက်နက်ကြီးအစ ထိမှန် သေဆုံးခဲ့သလို၊ စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေ နင်းမိတာကြောင့် ၃ ဦး ဒဏ်ရာ စိုးရိမ်ရပြီး ကုသနေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG