(Zawgyi/Unicode)
ကွန်ပျူတာတွေကို အွန်လိုင်းကနေထိန်းချုပ်ပြီးငွေညှစ်တဲ့ Ransomware တိုက်ခိုက်မှုနဲ့ရင်ဆိုင်ခဲ့ရတဲ့ အမေရိကန်က အကြီးဆုံး ရေနံပိုက်လိုင်းကုမ္ပဏီ အကြီးအကဲတယောက်က နိုင်ငံအကျိုးစီးပါွးကိုရှေ့တန်းတင်တဲ့အနေနဲ့ ဟက်ကာတွေကိုငွေပေးခဲ့တာပါ ပြောပါတယ်။ မေလ ၇ ရက်နေ့က ဒီတိုက်ခိုက်မှုကြောင့် အမေရိကန်အရှေ့ပိုင်းပြည်နယ်တွေကို ပို့ပေးနေတဲ့ရေနံပိုက်လိုင်းတွေ ရက်အနည်းငယ် ပိတ်သွားခဲ့ပြီး ဆီဈေးတွေလည်းတက်သွားခဲ့ပါတယ်။
Ransomware တိုက်ခိုက်မှုနဲ့ကြုံခဲ့ရတဲ့ Colonial Pipeline ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Joseph Blount က ဒီကိစ္စနဲ့ပတ်သက်ပြီး အမိမြေလုံခြုံရေးနဲ့ အစိုးရကိစ္စရပ်များဆိုင်ရာ အထက်လွှတ်တော်ကော်မတီရှေ့မှောက် အင်္ဂါနေ့မှာလာရောက်ထွက်ဆိုခဲ့တာပါ။ လောင်စာပေးပို့မှုတွေ အကြီးအကျယ် နှောင့်နှေးမသွားအောင် ရုရှားအခြေစိုက် DarkSide ကွန်ယက်ကို ဒေါ်လာ၅ သန်းပေးဖို့ သဘောတူခဲ့ရတဲ့ကိစ္စကို သူတာဝန်ယူပါတယ်လို့လည်း ပြောပါတယ်။ စွမ်းအင်ကဏ္ဍမှာ လုပ်သက် ၃၉ နှစ်အတွင်း ဒါအခက်ခဲဆုံးဆုံးဖြတ်ချက်တခုဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဆိုတာ ယုံကြည်ပါတယ်လို့လည်းပြောပါတယ်။ အမေရိကန်ပြည်ထောင်စုစုံစမ်းရေးဗျူရို FBI အပါအဝင် တရားဥပဒေစိုးမိုးရေးနဲ့ ဆိုင်ဘာပညာရှင်တွေက ဟက်ကာတွေကို ငွေမပေးဖို့ ကုမ္ပဏီတွေကို အစဉ်တစိုက်သတိပေးနေတာဖြစ်ပါတယ်။
Colonial Pipeline ကုမ္ပဏီက တရားရေးရာပညာရှင်တွေကို ကြားနေလူအဖြစ် ဌားရမ်းပြီး DarkSide ဟက်ကာတွေနဲ့ဆက်သွယ် ညှိနှိုင်းခဲ့တာလို့လည်း Blount ကပြောပါတယ်။ Bitcoin ဒစ်ဂျစ်တယ်ငွေကြေးနဲ့ မေလ ၈ ရက်နေ့မှာ ဟက်ကာတွေကို ပေးအပ်ခဲ့ပြီးတဲ့နောက်မှာ ရေနံပိုင်လိုင်းတွေပြန်ဖွင့်နိုင်ခဲ့ပေမယ့် တချို့စနစ်တွေက ခုမှ အွန်လိုင်းပြန်ရောက်လာတယ်လို့လည်းပြောပါတယ်။ ကုမ္ပဏီက ဟက်ကာတွေကိုပေးလိုက်တဲ့ ဒေါ်လာ ၂.၃ သန်းနဲ့ညီမ ျှတဲ့ Bitcoin ဒစ်ဂျစ်တယ်ငွေကြေးတွေကို ပိတ်ဆို့နိုင်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနနဲ့ FBI တို့ကကြေငြာလိုက်ပြီး နောက်တနေ့မှာပဲ ကုမ္ပဏီအကြီးအကဲ Blount က လွှတ်တော်မှာလာရောက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
........................................................................................
(Unicode)