သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fever Clinic တွေ ကွန်ရက်ချိတ်ဆက်ပြီး ရန်ကုန်တိုင်းမှာ တိုးချဲ့ဖွင့်လှစ်နေ


ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် Fever Clinic တခု။ (ဓာတ်ပုံ - Community Fever Clinic Yangon Network)
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် Fever Clinic တခု။ (ဓာတ်ပုံ - Community Fever Clinic Yangon Network)

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပရဟိတ အခမဲ့ဆေးခန်းတွေ တိုးချဲ့ဖွင့်လှစ်နေပြီး အခုဆိုရင် ဆေးရုံတွေနဲ့ပါ ချိတ်ဆက်လုပ်ဆောင်နေပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ အရေအတွက်ဟာ စနေနေ့ ညပိုင်းအထိ ၁၇၈ ဦးရှိပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်ခံထားရသူက အများဆုံးဖြစ်ပြီးတော့ ၁၀၈ ယောက် ရှိထားတာပါ။ ဒီလိုအခြေအနေမှာ ရန်ကုန်မြို့တွင်း ရပ်ကွက်တွေထဲ COVID-19 ကပ်ရောဂါကာလ ဆေးခန်းတွေလည်း ခေတ္တပိတ်ထားတဲ့အချိန် ကိုယ်ပူ နာမကျန်း ဖျားနာပြီး မကျန်းမမာ ဖြစ်နေသူတွေအတွက် စေတနာ့ဝန်ထမ်း အထူးကုဆရာဝန်ကြီးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ ဦးဆောင်ပြီးတော့ အခမဲ့ Fever Clinic ဆေးခန်းတွေ ဖွင့်လှစ်ကုသပေးနေတာ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကြီး လုံးဝကင်းရှင်းသွားတဲ့အချိန်ထိ ဆေးကုသ စောင့်ရှောက်ပေးဖို့ ရည်ရွယ်ထားတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ဦးဆောင်ဖွင့်လှစ်နေတဲ့ Community Fever Clinic Fever Corners တွေ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ စနစ်တကျဖြစ်ဖို့ Community Fever Clinic Network ကို မေလ ၈ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်းက အကြံပေးဘုတ်အဖွဲ့အဖြစ် တာဝန်ယူပြီး ဆရာဝန်ကြီးတွေရဲ့ လမ်းညွှန်အကြံပေးချက်တွေနဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

Fever Clinic ဆေးခန်းတွေ စနစ်တကျဖြစ်အောင်နဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ဆရာဝန်တွေရဲ့ စုပေါင်းအားနဲ့ ဖြေရှင်းနိုင်အောင် Community Fever Clinic Network ကို ဖွဲ့လိုက်တာဖြစ်တယ်လို့ ကြီးကြပ်ရေးအဖွဲ့ဝင် ရန်ကုန်တိုင်း တာမွေမြို့နယ် Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ပါတယ် မနေ့ မေလ ၈ ရက်နေ့ကစပြီး ကျနော်တို့ Network ကို ပိုပြီး ကျစ်ကျစ်လျစ်လျစ် ဖြစ်သွားအောင် စတင်ဖွဲ့စည်းလိုက်တာပေါ့နော်။ မြန်မာနိုင်ငံ ဆရာဝန်များအသင်းကနေ အကြံပေးအနေနဲ့ ကျနော်တို့ကို ပါဝင်ကူညီ အားဖြည့်ပေးတယ်။ ပါမောက္ခ ဒေါ်မာမာကြည်က ကြီးကြပ်ရေးအဖွဲ့ကို ဦးဆောင်ပြီးတော့ တာဝန်ယူ ဆောင်ရွက်ပေးတာပေါ့နော်။ ဘာလို့ Network လုပ်ဖြစ်ရသလဲဆိုတဲ့ ရည်ရွယ်ချက်ကတော့ Fever Clinic တွေအားလုံး တမြို့နယ် တမြို့နယ် စည်းစည်းလုံးလုံး ဖြစ်သွားကြတယ်။ အုပ်စုလိုက် ဆွေးနွေးမှုတွေလုပ်ပြီး တခုနဲ့တခု တိုင်ပင်ဆွေးနွေး ညှိနှိုင်းကြတယ်။

“မြို့နယ်တွေမှာ ဖွင့်မယ်ဆိုရင် အခက်အခဲက မျိုးစုံနဲ့ ရင်ဆိုင်ကြရတယ်။ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ ညှိနှိုင်းရတာ မြို့နယ်ကျန်းမာရေးမှူးနဲ့ ညှိနှိုင်းဆောင်ရွက်ရတာတွေကို အားလုံးကို ပြေလည်အောင် ဝိုင်းပြီး ညှိနှိုင်းဆောင်ရွက်ပေးဖို့အတွက်ရယ်၊ နောက် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ထောက်ပံ့မှုဖွင့်ပြီး တပတ်စာ ၁၀ ရက်စာအတွက်ကို ကူညီထောက်ပံ့ပေးမယ်၊ ပြီးရင် အဲ့မြို့နယ်က အလှူရှင်တွေနဲ့ ဆက်ပြီး လည်ပတ်သွားနိုင်ဖို့ရှိတယ်၊ အလှူရှင်တွေ အလှူတွေ ရောက်လာရင်လည်း အားလုံးကို ဖြန့်ပေးနိုင်ဖို့ စီစဉ်ပေးမယ်။ ဘယ်နေရာမှာ လိုအပ်ချက် အများဆုံးလဲ ဆိုတာကို ကြည့်ပြီး အဲ့ဒီ့လိုနေရာကို ပိုဦးစားပေးမယ်။ အဲ့ဒါမျိုးတွေ ပိုပြီးခိုင်မာလာအောင် ဖွဲ့စည်းလိုက်တာပါ။ နောက်တခုက အခု မိုးရာသီက စလာတော့မယ်ဆိုတော့ ဖျားနာလူနာတွေ ပိုများလာမယ်။ ဒါကြောင့် မိုးရာသီမတိုင်ခင် မဖွင့်ရသေးတဲ့ မြို့နယ်တွေကိုလည်း ဦးစားပေးဖွင့်ဖို့ လုပ်ထားတယ်။”

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဖွစ်လှစ်ထားသည့် Fever Clinic။ (ဓာတ်ပုံ - Community Fever Clinic Yangon Network)
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဖွစ်လှစ်ထားသည့် Fever Clinic။ (ဓာတ်ပုံ - Community Fever Clinic Yangon Network)

အဓိက COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ ရှိလာချိန် ကိုဗစ်သံသယ ရောဂါလက္ခဏာရှိတဲ့ ဖျားနာလူနာတွေကို ဦးစားပေး ကုသပေးတာဖြစ်ပြီး စွန့်ပစ်ပစ္စည်းတွေကအစ စနစ်တကျ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အထူးဂရုစိုက် ကုသပေးနေတာ ဖြစ်ကြောင်းလည်း ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“အခုအချိန်မှာ မြို့နယ်တွေ တော်တော်များများမှာ ဆေးခန်းတွေက မဖွင့်ကြဘူး။ COVID-19 ကာလမှာ ဆေးခန်းတွေ တော်တော်များများ ပိတ်ကြတယ်။ ပိတ်တော့ ပြည်သူလူထုတွေအတွက်က ပြစရာဆေးခန်း မရှိဘူးဖြစ်တယ်။ မရှိတော့ ကျနော်တို့ Fever Clinic တော်တော်များများ ဖွင့်လာတော့ လာပြကြတယ်။ သူတို့အတွက် ကျနော်တို့ ကုသပေးဖို့ အဓိကရည်ရွယ်တာက ကိုယ်ပူ ဖျားနာ ချောင်းဆိုး အသက်ရှူကျပ် မောပန်းတာလို COVID-19 သံသယလူနာတွေ၊ ကိုဗစ်နဲ့ပတ်သက်ပြီး ဆက်စပ်မှုရှိတဲ့ လူတွေကို အဓိက လာပြစေချင်တယ်။ တကယ်လို့ COVID-19 သံသယလူနာ ဖြစ်တယ်ဆိုရင် အဲ့ဒီ့ကေ့စ်ကို အရေးပေါ် လူနာတင်ယာဉ်နဲ့ စနစ်တကျ သက်ဆိုင်ရာမြို့နယ် ချိတ်ဆက်ထားတဲ့ ဆေးရုံကို အမြန်လွှဲပေးတာပေါ့နော်။ အဓိကကတော့ ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆေးခန်းတွေကို လုပ်ထားပါတယ်။ သတ်မှတ်တဲ့ LeveL 2, Level 3 PPE ဝတ်စုံတွေ ဝတ်ရတာပေါ့နော်။ ကြည့်နေရင်းနဲ့ ဥပမာ သံသယလူနာဖြစ်ဖြစ် ပေါ့စတစ်လူနာဖြစ်ဖြစ် ထွက်သွားတယ်ဆိုရင်။

“နောက်တခုက ဖျားနာလူနာတွေထဲက Cross Infection တဦးကနေတဦး ပိုးကူးစက်မှု မပြန့်ပွားရအောင် တယောက်နဲ့တယောက်ကြားမှာ အနည်းဆုံး ၆ ပေပေါ့နော်၊ Waiting Area ထားတာတို့ ဆေးဖျန်းတာတို့ လုပ်ပါတယ်။ လူနာစောင့်ကို မခေါ်ခိုင်းဘူး၊ လူနာကိုပဲ အထဲမှာ တယောက်ပြီးမှ တယောက် ဝင်ခိုင်းပါတယ်။ ဒီဆေးခန်းတွေကို ကိုဗစ်ကာလ တောက်လျှောက်အထိ ဖွင့်ဖို့ မှန်းထားပါတယ်။ ကိုဗစ်ပြီးသွားမှပဲ ဒီဟာတွေကို ဖြည်းဖြည်းချင်း ဖျက်သိမ်းမယ်လို့။ ဒီ ကိုဗစ်မပြီးခင်အထိတော့ ဒီ Fever Clinic Fever Corners တွေဘက်ကနေ ရောဂါကင်းအောင် တိုက်ဖျက်သွားမှာပါ။”

လူဦးရေထူထပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်တဲ့ နေရာတွေမှာ အခုလို ဖျားနာလူနာတွေကို အဓိကဦးစားပေး ကုနိုင်တဲ့အတွက် ကပ်ရောဂါ ထိန်းချုပ်ရေးမှာ သက်ရောက်မှုများစွာ ရှိပါတယ်လို့ အခမဲ့ Fever Clinic ဆေးခန်းတွေမှာ လိုက်ပြီး စေတနာ့ဝန်ထမ်း ဆေးကုပေးနေပြီး အဲ့ဒီ့ဆေးခန်းမှာ လူနာကုပေးရင်း သံသယလူနာ ထိတွေ့မှုနဲ့ သီးသန့်ခွဲ နေထိုင်နေရဆဲ စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

“ဒီ Fever Clinic ကတော့ COVID-19 နဲ့ ပတ်သက်လာရင် ရှေ့ကနေ ကျနော်တို့ရဲ့ ဆရာမကြီး ပြောသလို ကင်းပုန်းစခန်းတွေနဲ့ ကြိုတင်ပြီးတော့ ထောက်လှမ်းတဲ့ သဘောပါပဲ။ ဒီကပ်ရောဂါဖြစ်ချိန် ပြည်သူတွေ တော်တော်များများကလည်း စိုးရိမ်စိတ်တွေနဲ့ ဆေးရုံကို မသွားရဲကြတဲ့အချိန် ဒီ Fever Clinic တွေဟာ ကြားခံကုသပေးနိုင်တဲ့ နေရာတခုအနေနဲ့ သူတို့ အားကိုးလို့ ရလာတာပေါ့နော်။ Fever Clinic တွေကလည်း ဘာပဲဖြစ်ဖြစ် ဒီ ကိုဗစ်ကို သံသယလူနာအနေနဲ့ တွေ့လာမယ်။ ကိုဗစ်သံသယရှိလာရင် ဆေးရုံတွေကို ချက်ချင်းညွှန်းပို့နိုင်တယ်။ ဆေးရုံပို့တာနဲ့ လိုအပ်တဲ့ ဆေးကုသမှုတွေ ဆေးစစ်မှုတွေ ယူနိုင်တယ်။ အခုဆိုရင် Fever Clinic တွေက Guide Lines တွေနဲ့အညီ ပိုပြီး စနစ်ကျလာအောင် ဝိုင်းကြိုးစားနေကြတယ်။ Source of Infection မဖြစ်အောင်လည်း Fever Clinic တွေကို ဖွင့်နိုင်အောင် အကုန်ဝိုင်း ကြိုးစားနေကြပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနကလည်း လိုက်ပြီးတော့ စစ်ဆေးမှုတွေနဲ့ နည်းပညာအရ လိုအပ်တဲ့ အကြံဉာဏ်တွေလည်း ပေးပါတယ်။

“အခုဆိုရင် Community Base Fever Clinic နဲ့ Hospital Base Fever Clinic ဆိုပြီး ဖွင့်လာနိုင်တယ်။ အခုဆိုရင် ဆေးရုံအခြေခံတာ မြောက်ဥက္ကလာဆေးရုံ၊ နောက် သန်လျင်မှာလည်း ဆေးရုံပါပဲ၊ နောက် အင်းစိန်ကနေစပြီး ရပ်ရွာအခြေခံတာ ၁၅ ခုလောက်အထိ ဖွင့်လှစ်လာနိုင်ပါတယ်။ ရန်ကုန်အခြေအနေကို ပြောတာပေါ့နော်။ Fever Clinic တွေ ဖွင့်လိုက်တော့ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေအတွက် ဝန်ထုပ်ဝန်ပိုး လျော့စေပါတယ်။ နို့မို့ရင် ဖြစ်သမျှ လူနာအားလုံး ဆေးရုံတွေပဲ သွားနေရမယ်ဆိုရင် မြို့နယ်ဆေးရုံပဲဖြစ်ဖြစ် ခရိုင်အဆင့် နောက်ဆုံး ဆေးရုံကြီးတွေအဆင့်အထိ ဝန်ထမ်းတွေအတွက် ဝန်ပိတာပေါ့။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Fever Clinic တွေကို မြို့သစ်တွေနဲ့ မြို့နယ်တော်တော်များများ ဖွင့်ပေးခြင်းအားဖြင့် ဝန်ထုပ်ဝန်ပိုးတွေ ပြေလျော့စေမှာပါ။”

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဖွစ်လှစ်ထားသည့် Fever Clinic မှ အသိပေးကြေညာချက်။ (ဓာတ်ပုံ - Community Fever Clinic Yangon Network)
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဖွစ်လှစ်ထားသည့် Fever Clinic မှ အသိပေးကြေညာချက်။ (ဓာတ်ပုံ - Community Fever Clinic Yangon Network)

ရန်ကုန်မြို့တွင်း အင်းစိန်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင်၊ မှော်ဘီ၊ တောင်ဥက္ကလာပမြို့နယ်နဲ့ မြို့သစ်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ဒဂုံ စတဲ့မြို့နယ်တွေမှာ Fever Clinic တွေကို တနင်္လာကနေ သောကြာအထိ ဖွင့်လှစ်ပေးနေသလို တချို့မြို့နယ်တွေမှာ ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ်ပေးနေတာပါ။

ပြည်သူလူထုအနေနဲ့ အရေးပေါ် ကျန်းမာရေး အကူအညီ လိုအပ်လာရင် Fever Clinic တွေမှာ လာပြီးကုသကြဖို့ တိုက်တွန်းသလို စေတနာ့ဝန်ထမ်းလုပ်ဖို့ ဆန္ဒရှိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အလှူရှင်တွေ လုပ်အားဒါန ပေးလိုသူတွေအနေနဲ့ ဆက်သွယ်ကြဖို့လည်း ဦးဆောင်လှုပ်ရှားနေတဲ့ ဆရာဝန်တွေက မေတ္တာရပ်ခံ နှိုးဆော်နေပါတယ်။

---------------------------------

(Unicode)
















XS
SM
MD
LG