သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ဆိုင်ရာ Call Center ကို ဘာတွေမေးကြသလဲ


National Call Center မှ ဖြေကြားပေးနေသည့် ဆရာဝန်များ။
National Call Center မှ ဖြေကြားပေးနေသည့် ဆရာဝန်များ။

(Zawgyi / Unicode)

COVID-19 နဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေကို အခမဲ့ မေးမြန်းနိုင်တဲ့ National Call Center စတင်ခဲ့တာ ဒီကနေ့ မေလ ၉ ရက်နေ့ဆို တလပြည့်ပြီ ဖြစ်ပါတယ်။ ဆရာဝန်တွေကိုယ်တိုင် ဖြေကြားပေးနေတဲ့ Call Center ကို ဆက်သွယ်သူတွေက ဘယ်လိုမေးခွန်းတွေများ မေးကြပါသလဲ၊ ဒီတလအတွင်း ဘာတွေ တွေ့ကြုံခဲ့ရပါသလဲ စတာတွေနဲ့ပတ်သက်ပြီး Call Center ကို ဦးဆောင်နေတဲ့ ဆေးသုတေသန ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်တို့ကို ဗွီအိုအေသတင်းထောက် မစုစုက ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

COVID Call Center ကို စတင်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်း ဒီတလအတွင်းမှာ လုပ်နိုင်ခဲ့တယ်လို့ ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ပြောပါတယ်။

"WHO ကနေပြီးတော့ ဒါက ကမ္ဘာ့ကပ်ရောဂါဆိုပြီး ကြေညာတဲ့နောက်ပေါ့လေ။ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ အားသွန်ခွန်စိုက် လုပ်လာတဲ့နောက်ပိုင်းမှာ ကျန်းမာရေးဝန်ကြီးကနေပြီးတော့ ဆရာတို့ကို လမ်းညွှန်တယ်။ ဒီ Call Center ဆိုတာ ရှိဖို့လိုအပ်တယ်ပေါ့နော်။ အဲဒါမတိုင်ခင်က Hotline ဆိုတာ လုပ်နေတာရှိတယ်။ ရိုးရိုး Hotline ဆိုတော့ မနိုင်တဲ့အခါမှာ Blue Ocean ကုမ္ပဏီက သူတို့က Call Center နဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိတော့ သူတို့ရဲ့ ရှိပြီးသား Infrastructure နဲ့ နည်းပညာနဲ့ ဒါကို မေတ္တာနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ကူညီမယ်ဆိုပြီး ကမ်းလှမ်းလာတယ်ပေါ့။

“Ooredoo၊ Mytel၊ MPT၊ Telenol သူတို့ကလည်း ခေါ်တဲ့သူတွေ ပိုက်ဆံမကုန်ရအောင် free ပေးမယ်ပေါ့။ တဖက်ကလည်း လိုအပ်တဲ့ စက်ပစ္စည်းတွေနဲ့ ပြောနေတဲ့ ဆရာဝန်တွေ အတွက်ကိုလည်း အစားအသောက်ကို UNICEF ကလည်း ကူညီတယ်။ တချို့သော စေတနာရှင်တွေကလည်း ကူညီကြတယ်ပေါ့လေ။ အဲပုံစံနဲ့သွားနေတာ အခု တလတိတိ ရှိလာပြီပေါ့။ ခေါ်တဲ့သူတွေကလည်း ရပ်ဝေးက အရောက်အပေါက်နည်းတဲ့ နေရာတွေက ခေါ်တာ တွေ့ရတယ်။ အဲဒါကြောင့် Call Center ရဲ့ ဦးတည်ချက်ဖြစ်တဲ့ လက်လှမ်းမမီနိုင်တဲ့ ဒေသတွေဆီ ကျန်းမာရေးအသိပညာကို အမြန်ဆုံး ဆရာဝန်များက တုံ့ပြန်ပြီးတော့ ဖြေပေးနိုင်တဲ့အတွက် ဆရာတို့ကတော့ Call Center ထူထောင်ရတာ ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။"

Call Center ကို ဆက်သွယ်မေးမြန်းသူတွေဟာ COVID-19 နဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေကို သိချင်ကြတာပါလဲ၊ ဘာတွေ မေးမြန်းကြသလဲဆိုတာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်က ရှင်းပြပါတယ်။

"ပထမပိုင်းတုန်းကတော့ သူတို့ကိုယ်သူတို့ ရောဂါမကူးစက်အောင် ဘယ်လိုကာကွယ်လို့ရမလဲ ဆိုတဲ့အကြောင်းကို အဓိက မေးကြတယ်ပေါ့နော်။ နောက်ပိုင်းမှာ ဘာတွေမေးလာကြသလဲဆိုတော့ လတ်တလော COVID-19 ကူးစက်နေတဲ့ အခြေအနေပေါ့။ နှစ်ပတ်သုံးပတ်လောက် ကြာတဲ့အခါကျတော့ ဒီ COVID-19 ကပ်ရောဂါကြီးက ဘယ်တော့လောက်ပြီးမှာလဲဆိုတဲ့ မေးခွန်းမျိုးပေါ့နော်။ နောက် တချို့ကတော့ သူတို့အလုပ်တွေ ရပ်ထားတဲ့ အခါကျတော့ ဘယ်တော့လောက် ပုံမှန်လည်ပတ်မှာလဲ ဆိုတာမျိုးတွေ သိချင်တယ်။ နောက် Quarantine လုပ်ရတဲ့အကြောင်းတွေကို တိတိကျကျ သိချင်ကြတယ်ပေါ့နော်။

“နောက် တချို့ ခုနောက်ပိုင်းမှာ သိချင်တာလေးတွေက လူ့ခန္ဓာကိုယ် အပြင်က ပြန်လာတဲ့အခါ ဘယ်လိုမျိုး ပိုးသတ်ရမှာလဲတို့၊ နောက် သူတို့အိမ်က ပစ္စည်းပစ္စယတွေကို ဘယ်လိုပိုးသတ်ရမှာလဲတို့၊ ကြမ်းပြင်တွေကို ဘာနဲ့ ပိုးသတ်မလဲပေါ့။ တချို့ကလည်း Quarantine ကို နယ်တွေမှာဆိုရင် တရွာနဲ့တရွာကို ပေးမဖြတ်တဲ့ အကြောင်းအရာတွေ အဲဒါတွေကိုလည်း မေးကြတယ်ပေါ့။ လတ်တလောအခြေအနေမှာ လည်ချောင်းနာတယ်၊ ဒါမှမဟုတ်လည်း အဖျားနည်းနည်းရှိတယ်၊ ဒါမျိုးဆို ဘာဆက်လုပ်ရမလဲ၊ ဘယ်ကိုသွားရမလဲဆိုတဲ့ မေးတာမျိုးတွေလည်း ရှိတာပေါ့နော်။"

စုစု - အခု ဆရာမတို့ရဲ့ Call Center မှာ ဆရာဝန်ဘယ်နှစ်ဦးနဲ့ ဘယ်လိုပုံစံ လည်ပတ်ပြီး ဖြေဆိုပေးနေလဲ။ ပြီးတော့ တနေ့ကို မေးလာသူ ဘယ်လောက်များရှိလဲ။

ဒေါက်တာမျိုးမျိုးမွန် - “တနေ့တနေ့ကို ဆရာဝန်ဖြေရတဲ့ Call ၈၀၀ ကျော်လောက်ကနေပြီး ၁,၂၀၀ - ၁,၃၀၀ အဲလောက်ထိရှိပါတယ်။ တဖွဲ့မှာ ၇ ယောက် သို့မဟုတ် ၈ ယောက်ရှိတယ်ပေါ့နော်။ ၈ ဖွဲ့ရှိပါတယ်။ တနေ့မှာ Team ၂ ခုက တာဝန်ယူရတာပေါ့နော်။ ဥပမာ Team 1, 2 က ဒီနေ့မှာ တာဝန်ယူတယ်ဆိုရင် မနက်ဖြန်ကျရင် 3, 4 ပေါ့။ နောက် 5, 6, 7, 8 အဲလိုသွားတယ်ပေါ့နော်။ လေးရက်မှာတခါ ကျမတို့ဂျူတီ လည်ပတ်သွားတယ်ပေါ့နော်။ အဲတော့ စုစုပေါင်းဆိုရင် ကျမတို့ ဆေးသုတေသန ဦးစီးဌာနက ဝန်ထမ်းဆရာဝန်က ၄၅ ဦးလောက်ရှိပါတယ်။ နောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းကို အဆက်အသွယ်လုပ်ပြီး Volunteer လုပ်မယ်လို့ ပြောထားတဲ့ ဆရာဝန်တွေပေါ့နော်။ သူတို့တွေက အယောက် ၂၀ လောက်ရှိပါတယ်။”

စုစု - ဒီတလအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရှိတယ်ဆိုရင်လည်း ပြောပြပေးပါဦး။

ဒေါက်တာမျိုးမျိုးမွန် - တချို့သော အခက်အခဲတွေက ဘာရှိမလဲဆိုတော့ ဖြေပေးနေတဲ့ ဆရာဝန်တွေက အားကြိုးမာန်တက် ဖြေပေးနေကြတယ်။ မေးတဲ့သူတွေက အနယ်နယ်အရပ်ရပ်ကပေါ့နော်၊ တောရော မြို့ရော။ ဖုန်းနဲ့မေးတာဆိုတော့လေ နည်းနည်းလွယ်တော့ ကုန်ကျစရိတ်လည်း ခေါ်ဆိုတဲ့သူဆီမှာ မရှိဘူးဆိုတော့ မေးကြတာပေါ့နော်။ မေးကြတဲ့အခါမှာ တကယ့်ကိုသိချင်လို့ သူတို့မသိတဲ့ အကြောင်းအရာတွေကို မေးတဲ့သူကတော့ အများစုဆိုပေမယ့် Call Center စခါစရက်တွေက မဟုတ်သေးဘူး။ နောက် ၅ ရက် ၆ ရက်နောက်ပိုင်းကစပြီး နှောင့်ယှက်တဲ့ call တွေ နေ့တိုင်းနီးပါး ဝင်တယ်ပေါ့နော်။ ဖုန်းကိုခေါ်ပြီးတော့ အသံတွေကြားနေရတယ်။ သို့သော်လည်း ရယ်စရာလုပ်ပြီး ပြန်ချသွားတာမျိုး။ နောက် တချို့က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့ စကားလုံး သုံးတာမျိုးပေါ့နော်။ အဲလို call တွေက အနည်းစုဆိုပေမယ့် ဖြေနေရတဲ့ ဆရာဝန်တွေ အနေနဲ့တော့ နည်းနည်းလေး စိတ်အနှောင့်အယှက် ဖြစ်ရတယ်ပေါ့နော်။

“ကျမတို့ကတော့ ခုချိန်ထိ အကုန်လုံးကို သည်းခံပြီးတော့ပဲ ဖြေပေးနေတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ တကယ်သိချင်တဲ့ ပြည်သူလူထုက သူတို့သိချင်တဲ့ Information တွေ မရလိုက်မှာစိုးလို့ ကျမတို့ သည်းခံပြီး ဖြေပေးနေပါတယ်။ ဒါဟာ ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းတခုကို ဆောင်ရွက်နေတာ ဖြစ်တယ်ပေါ့နော်။ အဲဒီအတွက် နှောင့်ယှက်တာတွေ မလုပ်ကြဖို့တော့ ကျမတို့ဘက်က မေတ္တာရပ်ခံချင်တာပေါ့နော်။”

စုစု - ဆရာမတို့ Call Center ဖွင့်လှစ်ထားတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။

ဒေါက်တာမျိုးမျိုးမွန် - “COVID-19 နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြည်သူလူထုက သိချင်တဲ့အခါမှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင် စနစ်တကျ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေကြားပေးနိုင်ဖို့ ရည်ရွယ်တယ်ပေါ့။ အဲတော့ တခါတလေမှာ သတင်းအမှားတွေ ပျံ့နှံ့နေတာရှိတယ်။ အဲတော့ ရည်ရွယ်ချက်သည် မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထုကြားမှာ မြန်မြန်ဆန်ဆန် ပြန့်သွားဖို့ပဲနော်။ အဲဒါက ကျမတို့ရဲ့ အဓိကရည်ရွယ်ချက်ပါ။”

ဆေးသုတေသန ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန် ပြောသွားတာပါ။

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သိချင်တာတွေ မေးမြန်းချင်တယ်ဆိုရင် ဖုန်းနံပါတ် ၂၀၁၉ ကို တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ်။ ခေါ်ဆိုတဲ့ဖုန်းတွေကို လိုင်းခွဲနံပါတ် ၅ ခုကနေ အလိုအလျောက်စနစ်နဲ့ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။ ဆရာဝန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးချင်ရင်တော့ လိုင်းခွဲနံပါတ် သုညကို ခေါ်ဆိုပြီး ခေါ်ဆိုသူတဦးကို အချိန် ၆ မိနစ်ကြာ မေးမြန်းနိုင်တယ်လို့ Call Center နဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)


















XS
SM
MD
LG