သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်ကြွင်းလောင်စာသုံးစွဲမှုအဆုံးသတ်ရေး COP28 ညီလာခံသဘောတူမှုရရှိ


ကုလရာသီဥတုဆိုင်ရာအကြီးအကဲ Simon Stiell ၊ COP28 ဥက္ကဋ္ဌ Sultan al-Jabe နဲ့ UAE ဆိုင်ရာ COP28 ညှိနှိုင်းရေးမှူး၊ Hana al-Hashimi နဲ့အဖွဲ့ဝင်များ အစည်းအဝေးပိတ်ပွဲအခမ်းအနား။ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
ကုလရာသီဥတုဆိုင်ရာအကြီးအကဲ Simon Stiell ၊ COP28 ဥက္ကဋ္ဌ Sultan al-Jabe နဲ့ UAE ဆိုင်ရာ COP28 ညှိနှိုင်းရေးမှူး၊ Hana al-Hashimi နဲ့အဖွဲ့ဝင်များ အစည်းအဝေးပိတ်ပွဲအခမ်းအနား။ (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

လူသားတွေအပါအဝင် ဇီဝမျိုးစုံမျိုးကွဲတို့ ရှင်သန်ရပ်တည်ရေးအတွက် အရေးကြီးလှတဲ့ သမိုင်းဝင်သဘောတူညီမှုတရပ်ကို ကုလသမဂ္ဂရဲ့ ဥတုရာသီညီလာခံ COP28 မှာ ရရှိခဲ့ပါတယ်၊။ ကမ္ဘာ့အပူချိန်မြင့်တက်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကျဆင်းသွားအောင် ရုပ်ကြွင်းလောင်စာတွေကို လျှော့ချသွားဖို့ ဆိုတဲ့ အထင်ကရ ဘောတူညီမှုပါ။ ဒါပေမယ့်လည်း ဒီသဘောတူညီမှုကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ မေးခွန်းတွေတော့ရှိနေပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကမ္ဘာကြီးပူနွေးလာတဲ့ အဓိက ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုတွေကို လျှော့ချရေး အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာကျင်းပတဲ့ ဥတုရာသီညီလာခံ COP28 မှာ သီတင်းနှစ်ပတ်ကြာ အကြိတ်အနယ် စေ့စပ်ညှိနိုင်းပြီးတဲ့နောက် နိုင်ငံတွေကြား သဘောတူညီလိုက်ကြပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာပဲ ခုလို သမိုင်းဝင် သဘောတူညီမှုကို ပထမဆုံးရလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့ပူနွေးမှုအကျိုးဆက်ကြောင့်ပေါ်ပေါက်လာတဲ့ သဘာဝဘေးဒဏ်တွေနဲ့ အများဆုံးရင်ဆိုင်ရနိုင်ခြေရှိနေကြတဲ့နိုင်ငံတွေကတော့ ဒီထက်မက ဆောင်ရွက်ဖို့လိုတယ်လို့ ထောက်ပြကြပါတယ်။

ဥတုရာသီပြောင်းလဲမှုထိန်းချုပ်ရေး ကုလဌာန အကြီးအကဲ Simon Stiell က အခုလို ပြောလိုက်ပါတယ်။

“ခုရရှိလိုက်တဲ့ သဘောတူညီချက်တွေဟာ ဥတုရာသီနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေဖြစ်ပါတယ်။ ခု ရလိုက်တဲ့သဘောတူညီမှုတွေ၊ ကတိကဝတ်တွေကို အမှန်တကယ်အကောင်အထည်ဖော်မလားဆိုတာတော့ ကျနော်တို့ အာရုံစိုက်စောင့်ကြည့်သွားမှာပါ။”

ဥရောပသမဂ္ဂရဲ့ ဥတုရာသီရေးရာအကြီးအကဲ Wopke Hoekstra ကတော့ ရုပ်ကြွင်းလောင်စာထုတ်ယူသုံးစွဲမှု အဆုံးသတ်ရေး လမ်းစဖြစ်မယ့် ဒီသဘောတူညီမှုရဖို့ နှစ်ပေါင်း ၃၀ နီးပါးအချိန်ယူခဲ့ရတယ်လို့ပြောပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ကတော့ COP ညီလာခံမှာ ကမ္ဘာမြေကြီးအတွက်အရေးပါလှတဲ့ သဘာတူညီမှုရလိုက်တဲ့အပေါ် ဝမ်းသာအားရ ကြိုဆိုခဲ့ပါတယ်။

“ကမ္ဘာကြီးဟာ အပြောင်းအလဲဘက်ကို ဦးတည်သွားပါပြီ။ ရုပ်ကြွင်းလောင်စာ ဆက်ပြီးအသုံးမပြုအောင် ကတိပြုလိုက်ကြတာလည်းဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဒဏ် အများဆုံးကြုံနေရတဲ့တိုင်းပြည်တွေကို ကူညီမယ့်ရန်ပုံငွေကိုလည်း ပထမဆုံး တည်ထောင်လိုက်နိုင်ပါပြီ။ ရုပ်ကြွင်းလောင်စာကင်းမဲ့တဲ့ ခေတ်သစ်တခုကို ဖန်တီးနိုင်တော့မယ့် အလားအလာတွေကိုလည်း တွေ့မြင်နေရပါပြီ။ ဥရောပဟာ ဒီနေရာမှာ ရှေ့တန်းက ရှိနေခဲ့ပါတယ်။ သန့်ရှင်းစွမ်းအင်နဲ့ ပြည်တွင်းထုတ်စွမ်းအင်ကဏ္ဍမှာလည်း အများအပြား ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါဟာ ရှေ့ဆက်လျှောက်လမ်း ရမယ့်မှန်ကန်တဲ့ လမ်းကြောင်းလည်းဖြစ်ပါတယ်။”

ကမ္ဘာကြီးပူနွေးလာတဲ့ အဓိက ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှုတွေကို လျှော့ချရေး အလွယ်တကူ သဘောတူညီမှုရခဲ့တာတော့မဟုတ်ပါဘူး။ ရေနံထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတခုဖြစ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာကျင်းပတဲ့ ဥတုရာသီညီလာခံ COP28 မှာ ရုပ်ကြွင်းလောင်စာအရေး သီတင်းနှစ်ပတ်ကြာ အကြိတ်အနယ် စေ့စပ်ညှိနိုင်းပြီးမှ အခုလို သဘောတူညီလိုက်ကြတာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း တရာကျော်လောက်ကတော့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို တဖြေးဖြေး အဆုံးသတ်ဖို့အထိ ပြင်းထန်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဓာတ်ဆီ၊ ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တို့လို ရုပ်ကြွင်းလောင်စာတွေကို စွမ်းအင်ကဏ္ဍကနေ လျှော့ချသွားဖို့၊ စနစ်တကျနဲ့ မျှမျှတတ ဆောင်ရွက်ဖို့၊ ဆယ်စုနှစ်တခုအတွင်းမှာ ပိုပြီးအရှိန်မြင့်ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို အပြီးသတ် သဘောတူညီချက်မှာ ထည့်သွင်းထားပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်နေကြတဲ့ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ကလည်း သန့်ရှင်းစွမ်းအင်ထုတ်ယူရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ထပ်ပြီး ကတိကဝတ်ပြုခဲ့ကြတာပါ။

အမေရိကန် ဥတုရာသီရေးရာ အထူးကိုယ်စားလှယ် John Kerry က အခုလို ပြောပါတယ်။

“ရုပ်ကြွင်းလောင်စာကိစ္စဟာ ဥတုရာသီညီလာခံရဲ့စေ့စပ်ညှိနှိုင်းတွေမှုမှာ ပထမဆုံးပါဝင်လာတဲ့ အဓိက အကြောင်းအရာဖြစ်ပါတယ်။ ၂၀၅၀ ပြည့်လွန်နှစ်မှာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု သုညထိကျဆင်းပြီး ရုပ်ကြွင်းလောင်စာအသုံးပြုတာတွေ လုံးဝအဆုံးသတ်သွားအောင် ရည်မှန်းထားပါတယ်။ ကျနော်တို့ ရင်ဆိုင်နေရတဲ့အရှုပ်ထွေးဆုံပြဿနာတွေထဲမှာ ရုပ်ကြွင်းလောင်စာကိစ္စက တခုအပါအဝင် ဖြစ်ပါတယ်။ နိုင်ငံတွေအနေနဲ့ ညီလာခံက ကတိကဝတ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ကျောက်မီးသွေးစက်ရုံသစ်တွေ ထပ်မဆောက်ဘဲ ရပ်ပစ်လိုက်တာက အလွယ်ဆုံးဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာအောင် ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။”

၂၀၁၅ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ ပါရီသဘောတူညီမှုအရ ၁၈၅၀ နဲ့ ၁၉၀၀ ပြည့်လွန်နှစ်၊ စက်မှုခေတ်ဦးကာလက အပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်ဆီးယပ်စ် ကျော်မသွားအောင် ထိန်းနိုင်ဖို့ဆိုရင် လာမယ့် ၁၀ နှစ်က အခရာကျပါတယ်။ လက်ရှိမှာတင် ကမ္ဘာ့ပျှမ်းမျှအပူချိန်က ၁.၂ ဒီဂရီ ဆဲလ်ဆီးယပ်စ်ကို ကျော်လွန်သွားပါပြီ။ အလားတူပဲ ၂၀၂၃ ခုနှစ်အတွင်း ဆိုးရွားပြင်းထန်လှတဲ့ မိုးခေါင်ရေရှားမှု၊ ပိုမိုအားပြင်းလာတဲ့ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုနဲ့ ပျက်စီးဆုံးရှုံးမှု ကြီးမားလှတဲ့ တောမီးကြီးတွေနဲ့ ကမ္ဘာတဝှမ်း ရင်ဆိုင်ခဲ့ရပါတယ်။

သိပ္ပံပညာရှင်တွေကလည်း ၂၀၂၃ ခုနှစ်ဟာ နှစ်ပေါင်း ၁ သိန်းအတွင်း အပူဆုံးနှစ်အဖြစ်တယ်လို့ ပြောကြပါတယ်။ COP28 ညီလာခံကိုတက်ရောက်ခဲ့တဲ့ ဥတုရာသီပြောင်းလဲမှု E3G think tank အဖွဲ့ အကြီးတန်းသုတေသီ Alden Meyer ကခုလိုထောက်ပြပါတယ်။

“လက်တွေ့ဘဝမှာ အမှန်တကယ်အကောင်အထည်ဖော်ကြဖို့ မျှော်လင့်ပါတယ်။ ပါရီသဘောတူညီမှုမှာ ကတိပြုထားသလို ဆောင်ရွက်တာမျိုးတင်မကဘဲ စီးပွါးရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ မြို့တော်ဝန်တွေ၊ အုပ်ချုပ်ရေးမှူးတွေ စတဲ့ အခြားကဏ္ဍတွေဘက်ကလည်းပါဝင် ဆောင်ရွက်ဖို့လိုပါတယ်။ ရုပ်ကြွင်းလောင်စာ ထုတ်ယူအသုံးပြုမှုတွေ မကြာခင် အဆုံးသတ်တော့မယ်ဆိုတာကတော့ ရှင်းပါတယ်။အများကမျှော်လင့်သလောက် မြန်မြန်ဆန်ဆန်တော့ ဖြစ်လာမှာမဟုတ်ပေမယ့် အဲဒီလိုဖြစ်လာတော့မယ်ဆိုတာကိုတော့ အထင်အရှားတွေ့နေရပါပြီ။”

တချိန်တည်းမှာ နေစွမ်းအင်နဲ့ လေစွမ်းအင်တို့လို ပြန်ပြည့်မြဲစွမ်းအင်တွေကို ၂၀၅၀ ပြည့်လွန်နှစ်မှာ သုံးဆပိုပြီး ထုတ်လုပ်နိုင်ဖို့နဲ့ ကာဗွန်ဓါတ်ငွေ့ သန့်စင်တဲ့ နည်းပညာတွေ၊ ကာဗွန်ဓာတ်ငွေ့တွေကို ဖမ်းယူသိုလှောင် သိမ်းဆည်းတဲ့နည်းပညာတွေမှာ တိုးမြှင့်ဆောင်ရွက်ရမယ့်ကိစ္စတွေကိုလည်း သဘောတူညီချက်မှာ ထည့်သွင်းထားပါတယ်။ ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တဖြေးဖြေး ပျောက်ကွယ်သွားမှာဖြစ်ပြီး ခုသဘောတူညီမှုက သိပ်ပြီးအချိန်မနှောင်းဘူးလို့ မျှော်လင့်ကြောင်း X လူမှုကွန်ယက် မှာပြောခဲ့ပါတယ်။

XS
SM
MD
LG