သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းကြေးနီစီမံကိန်း စုံစမ်းရေးကော်မတီ အစီရင်ခံစာ လိုက်နာဖို့ ဒေသခံတွေတောင်းဆို


 ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ လက်ပံတောင်းဒေသခံအချို့ သွားရောက်ဆန္ဒပြ (ဓါတ်ပုံ-Tar Aye)
ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ လက်ပံတောင်းဒေသခံအချို့ သွားရောက်ဆန္ဒပြ (ဓါတ်ပုံ-Tar Aye)

လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ နောက် မိုင်းခွဲဖျက်ဆီးမှုတွေကြောင့် ပိုပြီးတော့ထိခိုက်လာတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့အစီရင်ခံစာပါ အကြံပေးချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ လက်ပံတောင်းဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ဘက်ကတော့ အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေ၊ စီမံကိန်းတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ကန့်ကွက်ဆန္ဒပြမှုတွေရှိနေဆဲလက်ပံတောင်းဘက်က နောက်ဆုံးအခြေအနေ မဆုမွန်ပြောပြပေးပါမယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသအတွင်းက ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဖျက်သိမ်းပေးဖို့တောင်းဆိုနေတဲ့ ဒေသခံတွေနဲ့ ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီ ၊ စီမံကိန်းလုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို ဆန္ဒပြမှုတွေနဲ့ တင်းမာမှုတွေဖြစ်နေတာပါ။ ဒီကနေ့မှာလည်း ပုသိမ်မုံရွာလမ်းဆုံမှာ ရှိတဲ့ လက်ပံတောင်းကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ လက်ပံတောင်းဒေသခံအချို့ သွားရောက်ဆန္ဒပြကြပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြရွာသူရွာသားတွေကြား တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ အဓိကကတော့ လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့နဲ့ စီမံကိန်းနယ်မြေထဲက သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ညစ်ညမ်းရေတွေစွန့်ပစ်မှု နောက် မိုင်းခွဲဖျက်ဆီးမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီရဲ့အစီရင်ခံစာပါအချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဦးဆောင်ဆန္ဒပြခဲ့သူ လက်ပံတောင်းဒေသ ဆည်တဲကျေးရွာက မရီဝင်းက အခုလိုပြောပါတယ်။

“ဝမ်ပေါင်ရှေ့ကိုသွားတာကတော့ နေ့လည် ၂ နာရီပေါ့နော် ၊ ကျမတို့တောင်းဆိုတဲ့ အချက်အလက်တွေကတော့ အစီရင်ခံစာကိုမလိုက်နာတော့ ကြေးနီစီမံကိန်းဖျက်သိမ်းရေးပေါ့နော်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးပေါ့နော်။ အစီရင်ခံစာမှာ အစားထိုးမြေဧက ၁၉၀၀ ကိုဖော်ဆောင်ပေးမယ်ဆိုတာက အခုလက်ရှိ ဖော်ဆောင်မပေးတဲ့ ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ စည်းကမ်းမဲ့တဲ့ အစမတန်မိုင်းခွဲနေတဲ့ ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ ပြီးတော့ ဒီကျောက်တွေကို တရားမဝင်တူးဖော်နေတဲ့ စီမံကိန်းဖျက်သိမ်းရေးဆိုပြီးတော့ တောင်းဆိုပါတယ်ရှင့်။ လုံခြုံရေးအင်အားကတော့ အများကြီးပဲအမရေ၊ ရဲမေတွေရော၊ ရဲတွေရော အခုဆိုရင် သူတို့ဘက်က အင်အားပေါင်း ၄၀၀၊ ၅၀၀ လောက်ရှိမယ်။ ဒေသခံကတော့ စုစုပေါင်းမှ ၁၅၀ လောက်ရှိမယ်။”

ဒီလိုဒေသခံတွေဘက်က ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ အခြေအတင်ဖြစ်နေဆဲ စစ်ကိုင်းတိုင်းက ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဘက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီမံကိန်းတာဝန်ရှိသူတွေ၊ ဒေသခံတွေတို့ကြား အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာပါ အချက်အတိုင်းဆောင်ရွက်ပေးနေပါတယ်လို့စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၊ အဖွဲ့ဝင် စည်ပင်သာယာဝန်ကြီး ဦးမြင့်ကြည်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“အဲဒါကို အကောင်းဆုံးဖြေရှင်းနေပါတယ်နော်။ ပြည်သူတွေနဲ့ ကိုယ်စားလှယ်တွေနဲ့ ကုမပ္ပဏီတွေနဲ့ အမြဲတမ်းတွေ့ဆုံ သူတို့တောင်းဆိုလွှာတွေတင်တဲ့ဟာကို ဖြေရှင်းပေးထားပါတယ်။ ဒါပေမယ့် သူတို့တောင်းဆိုတာတွေက ဥပဒေဘောင်အတွင်းက ရသင့်ရထိုက်တာတွေကို အလုပ်လိုက်လုပ်ပေးထားပါတယ်။ အစီခံစာအရ တောင်းဆိုတာတွေကိုပေးတယ် ၊ နောက်ထပ်ပံ့ပိုးနိုင်တဲ့ နောက်ထပ်ထောက်ပံ့နိုင်တာတွေကို အကုန်လိုက်လုပ်ပေးတယ်၊ ဖြေရှင်းပေးနေပါတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ တိုင်တန်းတာတွေက လူမျိုးစုံရှိတဲ့အခါကျတော့ ဒါတွေကတော့ ကျန်ခဲ့မှာပဲလေ။”

လက်ပံတောင်းဒေသထဲက ကြေးနီစီမံကိန်းကြောင့်ဒေသခံတွေကြုံနေရတဲ့အခက်အခဲတွေ၊ စီမံကိန်းကြောင့်ပျက်စီးဆုံးရှုံးရတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ကြည့်ရှု့စစ်ဆေးပေးဖို့ ဒေသခံတွေဘက်ကလည်း တောင်းဆိုပါတယ်လို့ ဆည်တဲကျေးရွာသူ မရီဝင်းကပြောပါတယ်။

“ကျမတို့ ဒေသမှာကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေက အခုသူတို့အစိုးရသစ်ဖြစ်နေတော့ အခုမှ အစိုးရဖြစ်တာမို့လို့ အခုရေတွင်းတူးလို့ အခုရေကြည်သောက်လို့မရပါဘူးလို့ သူတို့ကပြောတယ်။ အခုမှ ရေတွင်းတူးထားတာမို့လို့ ရေနောက်တွေကို ခပ်ထုတ်ပစ်ရဦးမယ် ၊ အဲဒါတွေထုတ်ပြီးမှ ရေကြည်ရမှ သောက်ရမယ်လို့ လွှတ်တော်အမတ်ကြီးက ပြောပါတယ်။ ကျမတို့ကလည်း ကျမတို့ တင်မြောက်တဲ့အစိုးရဆိုတဲ့အခါကျတော့ ကျမတို့က ခုနက သူတို့ပြောသလိုပေ့ါ အခုရေတွင်းတူးလို့ အခုရေကြည်သောက်လို့မဖြစ်ဘူးဆိုတာကိုလည်း သိတယ်၊ နားလည်တယ်၊ သဘောပေါက်တယ်။ ကျမတို့လက်ပံတောင်းကြေးနီစီမံကိန်းကို အစိုးရကိုယ်တိုင် ဖြစ်နိုင်ရင် သမ္မတကြီး ဦးထင်ကျော်နှင့်တကွ အမေစုပါ တခေါက်လောက်လာပြီး စစ်ဆေးလှည့်ပါဦးလို့ ကျမကတော့ တင်းဆိုချင်ပါတယ်ရှင့်။”

လက်ပံတောင်းကြေးနီစီမံကိန်းဝန်းကျင်မှာ နေထိုင်တဲ့ ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်းတိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ ရှိနေသလို သူတို့နေထိုင်ရာနေရာမှာ သဘာဝဝန်းကျင်ပျက်စီးမှုတွေကြုံတွေ့နေရပြီး ဒီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သူဒေသခံတွေကိုလည်း အာဏာပိုင်တွေဘက်က ဆက်ပြီး ဖိနှိပ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးကလည်း ဒုက္ခတောင်တန်းလို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ဆယ်စုနှစ်နဲ့ချီ စီးပွါးရေး ဒဏ်ခတ်မှု ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရသစ် တက်လာခဲ့တဲ့နောက်ပိုင်း နိုင်ငံရပ်ခြား ရင်းနှီးမြှပ်နှံမှုတွေ တိုးလာဖို့ လုပ်ဆောင်နေချိန်မှာ လက်ပံတောင်းလို စီမံကိန်းကြီးတွေဟာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေလုပ်နေပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးလို့ AI အဖွဲ့က ထောက်ပြထားသလို လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကိုချက်ချင်း ရပ်ဆိုင်းပစ်ဖို့မြန်မာအာဏာပိုင်တွေကို AI အဖွဲ့က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG