သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နဲ့ ဥရောပမှာ အများစုသေဆုံး


အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာအား ပြုစုနေသည့် ကျန်မာရေးဝန်ထမ်းတဦး။ (ဧပြီ ၃၊ ၂၀၂၀)
အီတလီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာအား ပြုစုနေသည့် ကျန်မာရေးဝန်ထမ်းတဦး။ (ဧပြီ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၁.၂ သန်းကျော်နဲ့ သေဆုံးသူ ၆ သောင်းခွဲကျော် ရှိသွားပြီဖြစ်ပြီး ဒီထဲမှာ ဥရောပနဲ့ အမေရိကန်နိုင်ငံက ထိခိုက်သေဆုံးမှု အများဆုံးရှိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ရှေ့လာမယ့် သီတင်းပတ်တွေဟာ အခက်အခဲဆုံးကာလတွေ ဖြစ်လိမ့်မယ်လို့ သမ္မတ Donald Trump က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စနေနေ့က ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“ကံမကောင်း အကြောင်းမလှစွာဘဲ သေဆုံးမှုတွေ အများကြီးရှိလာမှာပါ” လို့ သမ္မတ Trump က ပြောသွားတာပါ။

အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၃ သိန်းကျော်သွားခဲ့ပြီး သေဆုံးသူ ၈၁၀၀ ကျော် ရှိပါတယ်။ အဲဒီ သေဆုံးသူတွေထဲက ၃၅၀၀ ကျော်ကတော့ နယူးယောက်ပြည်နယ်တခုတည်းက ဖြစ်ပါတယ်။

ဥရောပဘက်က စပိန်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁ သိန်း ၃ သောင်းကျော်သွားပြီဖြစ်ပြီး စပိန်ဟာ ဥရောပမှာ အီတလီကိုကျော်ပြီး ရောဂါကူးစက်ခံရသူ အများဆုံးရှိတဲ့နိုင်ငံ ဖြစ်လာပါတယ်။ သေဆုံးသူ အရေအတွက်တော့ ၁ သောင်း ၁ ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဧပြီလ ၁၁ ရက်နေ့အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ နောက်ထပ် ၁၅ ရက် အပြင်မထွက်ဘဲ ထပ်နေကြဖို့ကိစ္စကို ထပ်တိုးသွားဖို့ စပိန်အာဏာပိုင်တွေဘက်က ပြင်ဆင်နေပါတယ်။

အီတလီမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၁ သောင်း ၁ ထောင်ကျော်ရှိပြီး ဆရာဝန် ၇၃ ယောက် သေဆုံးခဲ့တယ်လို့ အီတလီ အမျိုးသားကျန်းမာရေးဌာနက ပြောပါတယ်။

အီတလီမှာ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ စုစုပေါင်း ၁ သောင်းခွဲကျော် ရှိပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ စနေနေ့ နောက်ထပ် ရောဂါကူးစက် ၇၀၈ ယောက် ရှိတဲ့အတွက် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃၀၀ ကျော်ရှိသွားပြီး ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ်တရပ်အနေနဲ့ အကျဉ်းသားထောင်နဲ့ချီပြီး လွှတ်ပေးသွားမယ်လို့ ဗြိတိန်တရားရေးဌာနက မနေ့က ကြေညာပါတယ်။

ပြင်သစ်မှာတော့ ရောဂါကူးစက်ခံရသူ ၈ သောင်း ၃ ထောင်ကျော်နဲ့ သေဆုံးသူ ၆၅၀၀ ကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)












XS
SM
MD
LG