သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 တိုက်ဖျက်ရေး ကန် နဲ့ တရုတ်ပူးပေါင်းဆောင်ရွက်ဖို့ Asia Society တိုက်တွန်း


(Zawgyi/Unicode)

အမေရိကန် အစိုးရ အဆင်မြင့် အရာရှိဟောင်းတွေနဲ့ ထင်ရှားတဲ့ သုတေသီတွေ စုစုပေါင်း အယောက် ၉၀ က ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို တိုက်ဖျက်ရေး အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ ပူးတွဲ ကြေညာချက် တစ်စောင်ကို ဧပြီလ ၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။

အမေရိကန်အခြေစိုက် Asia Society အဖွဲ့နဲ့ ကာလီဖိုးနီးယား တက္ကသိုလ် စင်တီယေဂိုတို့က ဒီ ကြေညာချက်ကို ကမကထပြု စီစဉ်ထုတ်ပြန်ခဲ့တာပါ။ အမေရိကန် အစိုးရ အဆင်မြင့် အရာရှိ ဟောင်းတွေနဲ့ သုတေသီတွေဟာ အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စ ကျွမ်းကျင်သူတွေလည်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Madeline Albright နဲ့ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း Kevin Ruud တို့ပါဝင်သလို မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell ကလည်း အမျိုးသားဒီမိုကရက်တစ် အင်စတီကျု ဥက္ကဌအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီ ကြေညာချက်မှာ မကြာသေးမီက နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေအပေါ် ထောက်ခံ အားပေးထားသလို ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ကို အမေရိကန်က ပါတီကြီး ၂ ခုစလုံးက ထောက်ခံတယ်လည်း ဖော်ပြပါရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အခက်အခဲကို ဖြေရှင်းဖို့ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ တခြား တိုင်းပြည်တွေနဲ့အတူ တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ အကြံပေးဟောင်း Stephen Hadley က ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

အမေရိကန်နဲ့တရုတ်တို့အကြား အကျိုးစီးပွားနဲ့ အတွေးအခေါ်တန်ဖိုး မတူညီတာတွေ သိသိသာသာ ရှိနေတာကို ကြေညာချက်ထဲ အသိအမှတ်ပြု ဖော်ပြထားပေမဲ့ ကပ်ရောဂါ တိုက်ဖျက်ရာမှာ အဲဒီ တန်ဖိုးတွေ အကျိုးစီးပွားတွေကို အလျှော့ပေး လိုက်လျောစရာ မလိုဘဲ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်လို့ ရကြောင်းနဲ့ ဒုတိယ ကမ္ဘာစစ်အတွင်း တကမ္ဘာလုံး ရေကျောက် ရောဂါ ကာကွယ်ဆေးထိုး နိုင်ရေးအတွက် အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ထောက်ပြထားပါတယ်။

၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေအဖြစ် သိပ္ပံ အချက်အလက်တွေ မျှဝေနိုင်ရေးအတွက် ဆက်သွယ်ရေး ယန္တရားတစ်ခု ထူထောင်ဖို့၊ အထိရောက်ဆုံး ကုထုံးတွေကို နှိုင်းယှဉ် လေ့လာဖို့၊ ဆေးဝါး အသုံးအဆောင်တွေ ထုတ်လုပ် ဖြန့်ချိရေး၊ ကာကွယ်ဆေးနဲ့ ကုသရေး ဆိုင်ရာ သုတေသန လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ညှိနှိုင်း ဆောင်ရွက်ကြဖို့အရေး ကြေညာချက်ထဲ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)







XS
SM
MD
LG