သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းTrump နဲ့ အငြင်းပွားဖွယ်သမ္မတသက်တမ်းသုံးဆက်


ရီပတ်ဘလီကန်သမ္မတကိုယ်စားလှယ်လောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်က နိုင်ငံလုံးဆိုင်ရာ ရီပတ်ဘလီကန်အထက်လွှတ်တော်ကော်မတီမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဥ်။ (ဇွန် ၁၃၊ ၂၀၂၄)
ရီပတ်ဘလီကန်သမ္မတကိုယ်စားလှယ်လောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ်က နိုင်ငံလုံးဆိုင်ရာ ရီပတ်ဘလီကန်အထက်လွှတ်တော်ကော်မတီမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဥ်။ (ဇွန် ၁၃၊ ၂၀၂၄)

အမေရိကန်သမ္မတတွေရဲ့ တာဝန်ထမ်းဆောင်နိုင်ခွင့်က ၈ နှစ်ဖြစ်ပါတယ်။ ဒါကြောင့် နိုဝင်ဘာသမ္မတရွေးကောက်ပွဲမှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း Donald Trump တို့ ဘယ်သူပဲနိုင်နိုင် သူတို့နှစ်ဦးစလုံးအတွက်တော့ နောက်ဆုံးသမ္မတသက်တမ်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမ္မတဟောင်း Trump ကတော့ တတိယသက်တမ်းပဲ ရှိတော့မလို ပြောဆိုနေပါတယ်။ VOA ပြည်တွင်းသတင်းထောက်ချုပ် Steve Herman သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက အမျိုးသားရိုင်ဖယ်အသင်း NRA မှာ မဲဆွယ်ခဲ့တဲ့ Donald Trump က တတိယသက်တမ်းတာဝန်ထမ်းဆောင်ခွင့်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။ ၁၉၄၅ ခုနှစ်မှာ ကွယ်လွန်သွားတဲ့ သက်တမ်း၄ ဆက်ထိ တာဝန်ထမ်းဆောင်ခဲ့သူ သမ္မတ Franklin Delano Roosevelt ကို ရည်ရွယ်ပြီးခုလိုပြောဆိုခဲ့တာပါ။

"သမ္မတ ရုစဗဲ့ဆိုရင် ၁၆ နှစ်နီးပါး၊ သမ္မတသက်တမ်း ၄ ဆက်အထိ တာဝန်ထမ်းဆောင်သွားပါတယ်။ ခုလည်း သမ္မတသက်တမ်းကို ၃ ဆက်အထိ ထမ်းဆောင်ခွင့်ပြုမပြု စဥ်းစားကြမလား။ ရော်နီ.. ခင်ဗျားဘယ်လိုထင်သလဲ။”

အမေရိကန်သမ္မတတွေဟာ သက်တမ်းနှစ်ဆက်သာ တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပြင်ဆင်ချက်အမှတ် ၂၂ ကို ၁၉၄၇ ခုနှစ်မှာ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အဲဒီတုန်းက ၄၈ ပြည်နယ်ထဲမှာ ၃၆ ပြည်နယ်တို့ ပြင်ဆင်ပြဌာန်းချက်ကို ထောက်ခံခဲ့ပြီးတဲ့နောက် ၁၉၅၁ ခုနှစ်မှာ ဥပဒေအဖြစ် အတည်ပြုကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။

Constitutional Accountability Center ရဲ့ ဒုဥက္ကဋ္ဌ Praveen Fernandes က သမ္မတတွေ သက်တမ်း၂ ကြိမ်သာအရွေးခံတဲ့ အစဥ်အလာကို ခုလိုရှင်းပြပါတယ်။

“အဲဒါကတော့ သမ္မတတွေ သက်တမ်းနှစ်ကြိမ်ထက်ပိုပြီး ယှဥ်ပြိုင်အရွေးခံလို့မရတဲ့၊ ရေရှည်ကျင့်သုံးလာတဲ့ နိုင်ငံရေးစံနှုန်း တခုဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်တုန်းကတော့ တတိယအကြိမ်ဝင်အရွေးခံဖို့ အကြိမ်ကြိမ်တိုက်တွန်းချက်ကို လျစ်လျှူရှုခဲ့တာပါ။ ဒုတိယကမ္ဘာစစ်စတင်လာတဲ့အချိန် သမ္မတ ဖရန်ကလင် ရုစဗဲ့က ၁၉၄၀ ခုနှစ်မှာ အဲဒီအစဥ်အလာတွေကို ဖျက်ခဲ့ပြီး ၁၉၄၄ ခုနှစ်မှာလည်း စတုထ္ထသက်တမ်းအတွက် အနိုင်ရခဲ့ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံပါပြဌာန်းချက် အမှတ် ၂၂ ကို ပြင်ဆင်ခဲ့ပြီးတဲ့နောက် သမ္မတသက်တမ်း ၂ ဆက်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့သမ္မတ ၆ ဦးရှိပြီး နောက်ဆုံးသမ္မတကတော့ Barack Obama ဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ကို အမာခံထောက်ခံတဲ့ သရုပ်ဆောင် Robert De Niro ကတော့ Trump ကို တသက်လုံးသမ္မတလုပ်ချင်နေတဲ့သူလို့ ပြောပါတယ်။

“Trump သာသမ္မတဖြစ်လာရင် ဘယ်တော့မှ ထွက်တော့မှာမဟုတ်ဘူး။ ခင်ဗျားတို့လည်း သိမှာပါ။ သူဘယ်တော့မှ ဆင်းပေးမှာမဟုတ်ပါဘူး။”

သမ္မတဟောင်း Donald Trump ကတော့ ညွှန်ကြားရေးမှူးအဖြစ် တရက်လောက်ပဲ လုပ်ချင်တာပါလို့ ပြောပါတယ်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဥ် ကာလမှာ အဲဒီလိုပြောဆိုနေတဲ့ Trump ဟာ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို ပြောင်းပစ်ဖို့ ကြိုးပမ်းမှု ရာဇဝတ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ဆိုင်ရာ ရှေ့နေ Fernandes ကတော့ Trump ကသူ့ရဲ့အနာဂတ်ရည်ရွယ်ချက်တွေကို ပြောဆိုနေပုံရတယ်လို့ သုံးသပ်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပေမယ့် သမ္မတတာဝန် ၃ ကြိမ်ထိ ထမ်းဆောင်ဖို့ Trump ပြောဆိုနေပါတယ်။ ဒါဟာ ရှင်းလင်းစွာပြဌာန်းထားတဲ့ ဥပဒေကို အရေးစိုက်စရာမလိုဘူးလို့ ယူဆနေတဲ့အတွက် စိုးရိမ်စရာကောင်းပါတယ်။

Trump အနေနဲ့ သမ္မတရာထူး တတိယသက်တမ်းထိ တာဝန်ထမ်းဆောင်နိုင်အောင် တရားဝင်ကြိုးစားမယ်ဆိုရင်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံပါပြဌာန်းချက်အမှတ် ၂၂ ကို ပြင်ဆင်ရမှာပါ။ အဲဒီလိုပြင်ဆင်နိုင်ဖို့ အထက်နဲ့အောက် လွှတ်တော်အမတ် ၃ ပုံ ၂ ပုံတို့ရဲ့ ထောက်ခံမဲလိုအပ်ပါတယ်။ ထောက်ခံမဲအပြည့်ရခဲ့တယ်ဆိုရင်တော့ ပြည်နယ် ၅၀ ထဲက ၃၈ ပြည်နယ်တို့ရဲ့ သဘောတူညီမှုရဖို့လိုပါတယ်။ ဒါမှမဟုတ်လည်း ပြည်နယ် ၃၄ ခုတို့က Constitutional Convention ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုင်ရာ ညီလာခံတရပ်ခေါ်ယူဆွေးနွေးရမှာဖြစ်ပါတယ်။ အဲဒီညီလာခံထွက်လာတဲ့ ဘယ်လိုသဘောတူညီချက်မျိုးကိုမဆို ပြည်နယ် ၃၈ ခုတို့က အတည်ပြုလက်မှတ်ရေးထိုးကြရမှာဖြစ်ပါတယ်။
အမေရိကန်သမိုင်းမှာတော့ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ရုပ်သိမ်းတာ တကြိမ်သာရှိခဲ့ဖူးပါတယ်။

၁၉၁၉ ခုနှစ်မှာပြဌာန်းခဲ့တဲ့ အရက်ယမကာတားမြစ်မှုဥပဒေဟာ လူကြိုက်နည်းပြီး မကြာခဏချိုးဖောက်မှုတွေရှိနေတဲ့အတွက်ဆိုပြီး ၁၉၃၃ ခုနှစ်မှာ ၂၁ ခုမြောက်ပြင်ဆင်ချက်ကို ပြဌာန်းပြီး အရက်တားမြစ်မှုဥပဒေအမှတ် ၁၈ ကိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Forum

XS
SM
MD
LG