သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးဆုံးဖြတ်ချက် Trump ပယ်ချ


နယူးယောက်တရားရုံးမှာတွေ့ရတဲ့ သမ္မတဟောင်း Donald Trump (မေ ၃၀၊ ၂၀၂၄)
နယူးယောက်တရားရုံးမှာတွေ့ရတဲ့ သမ္မတဟောင်း Donald Trump (မေ ၃၀၊ ၂၀၂၄)

ရာဇဝတ်မှုစွဲချက် ၃၄ ခုစလုံးမှာ အပြစ်ရှိတယ်လို့ တရားရုံးဆုံးဖြတ်ခဲ့တဲ့အပေါ် သမ္မတဟောင်း Donald Trump ကပယ်ချလိုက်ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင် သူနဲ့ ဆက်ဆံခဲ့တဲ့ လိင်ဖျော်ဖြေရေး သရုပ်ဆောင်အတွက် နှုတ်ပိတ်ခပေးခဲ့တာကို စီးပွားရေးလုပ်ငန်းသုံး ငွေကြေးအဖြစ် မှတ်တမ်းတွေ လိမ်လည်ခဲ့တာအပါအဝင် ရာဇဝတ်မှုစွဲချက် ၃၄ ခုလုံးအတွက် အပြစ်ရှိကြောင်း နယူးယောက်မြို့ တရားရုံးမှာ ဂျူရီလူကြီးတွေက မနေ့က ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့တာပါ။

Donald Trump ကတော့ သူ့အပေါ် နိုင်ငံရေးအရ တမင် အကွက်ဆင်ပြီး တရားစီရင်တာလို့ တုံ့ပြန်စွပ်စွဲပါတယ်။

"ဒါဟာ သိပ်ကို အကျည်းတန်တဲ့ လုပ်ရပ်ပါ။ အကွက်ဆင် တရားဆွဲတာဖြစ်ပြီး အကျင့်ပျက်လာဘ်စားပြီး အကျိုးစီးပွား ဝိရောဓိဖြစ်နေတဲ့ တရားသူကြီးရဲ့ လှည့်ကွက်၊ အကွက်ဆင်တဲ့ စီရင်ချက်ပါ။ သိပ်ကို အကျည်းတန်ပါတယ်လို့" သမ္မတဟောင်း Donald Trump က မနေ့က နယူးယောက် တရားရုံးမှာ ပြောဆိုသွားတာပါ။

လာမဲ့နိုဝင်ဘာရွေးကောက်ပွဲကျရင် Republican ပါတီဘက်က သမ္မတလောင်းအဖြစ် ဝင်ရောက်ပြိုင်ဆိုင်ရမယ့်သူအဖြစ် ဖြစ်နိုင်ခြေများနေတဲ့ Trump အပေါ် ရာဇဝတ်မှုနဲ့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ပေမဲ့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ရာဇဝတ်မှုနဲ့အပြစ်ရှိသူတွေကို ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင် မထားသလို သမ္မတဖြစ်ခွင့် မရှိဘူးဆိုပြီး တားမြစ်ပိတ်ပင်ထားတာ မရှိပါဘူး။ အမေရိကန်သမိုင်းမှာတော့ သမ္မတဟောင်း တယောက်ကို ရာဇဝတ်မှုနဲ့ အပြစ်ရှိတဲ့ အကြောင်း သမိုင်းမှာ ပထမဆုံး အမိန့်ချမှတ်တာဖြစ်ပါတယ်။

တရားဥပ‌ဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ New York မှာ မြင်တွေ့ခဲ့ရပြီလို့ Democratic ပါတီကနေ ရွေးကောက်ပွဲ ပြန်ဝင်မယ့် သမ္မတ Joe Biden ရဲ့ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတဟောင်း Trump အတွက် ပြစ်ဒဏ်တွေကို ဇူလိုင်လ ၁၁ ရက်နေ့မှာ အမိန့်ချမှာဖြစ်ပါတယ်။

ဒီအမှုတွေအတွက် အနိမ့်ဆုံး ခံဝန်နဲ့ လွှတ်ပေးတာကနေ အမြင့်ဆုံးပြစ်ဒဏ် ၄ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ဘယ်လို ပြစ်ဒဏ်မျိုးပဲချချ Trump ဘက်က အယူခံဝင်ပြီး မဲဆွယ်စည်းရုံးမှုတွေ ဆက်လုပ်နိုင်ပါတယ်။ Donald Trump မှာ အပြစ်ရှိကြောင်း ဂျုရီအဖွဲ့က မနေ့က ဆုံးဖြတ်လိုက်တဲ့အတွက် သူ့ကို ဆန့်ကျင်သူတွေ ကြိုဆိုကြသလို ထောက်ခံသူတွေ ကလည်း ကန့်ကွက် ဝေဖန်နေကြပါတယ်။

တရားရုံးဆုံးဖြတ်ချက် Trump ပယ်ချ
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG