သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ကိုဗစ်ရောဂါကူးစက်မှုနဲ့အတူ အောက်ဆီဂျင်အိုးလုံလောက်မှုမရှိ


Para petugas mendoron tangki oksigen di RSUP Dr. Sardjito di Yogyakarta, Minggu, 4 Juli 2021. (Foto: Kalandra/AP Photo)
Para petugas mendoron tangki oksigen di RSUP Dr. Sardjito di Yogyakarta, Minggu, 4 Juli 2021. (Foto: Kalandra/AP Photo)

(Zawgyi/Unicode)

မြန်မာနိုင်ငံ ကိုဗစ်ရောဂါကူးစက်မှုနဲ့အတူ အောက်ဆီဂျင်အိုးလုံလောက်မှုမရှိ

မနေ့ကဇွန်လ ၆ ရက်တနေ့တည်းမှာတင် ကိုဗစ်ရောဂါနဲ့သေဆုံးသူ အယောက် ၄၀ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ အောက်စီဂျင်အိုးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့က ပြောပါတယ်။ ကိုဗစ်ရောဂါ တကြော့ပြန်ဖြစ်ပွားနှုန်း တိုးလာတဲ့ တခြားမြို့နယ်တွေမှာလည်း လူနာတွေအတွက် အောက်စီဂျင်အိုးတွေ အလုံအလောက်ရဖို့ ခက်ခဲနေတဲ့အကြောင်း ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုအောင်မြတ်သူ ပြောပြပါမယ်။

ကလေးမြို့ပေါ်က အရေးပေါ်လူနာတွေအတွက် တရက်ကိုအောက်စီဂျင်အိုး အလုံး ၅၀၀ လောက်လိုအပ်ကြောင်း ရွှေညီကိုပရဟိတက ဦးချစ်ဇော်ဦးက ဗွီအိုအေကို ပြောပါတယ်။ လိုအပ်ချက်များလာတဲ့ အောက်စီဂျင်ကို ရတဲ့နေရာက ရသလိုရှာဖွေဝယ်ယူနေရကြောင်း သူကပြောပါတယ်။

“ ကျနော်တို့မြို့မှာ တရက်ကို အောက်စီဂျင်ဗူးကြီး ၅၀၀ လောက် လုံလုံလောက်လောက်ပေးနိုင်မှ အဆင်ပြေမှာဗျ။ ဟိုရနိုးနိုး ဒီရနိုးနိုးနဲ့ ဆိုင်ကယ်တွေနောက်မှာ ဘူးလေးတွေချိတ်ပြီးတော့ လျှောက်ပြေး၊ လျှောက်သွားနေကြတာဗျ လူတွေရဲ့ဘဝက။ တချို့မိသားစုထဲမှာ မိန်းကလေးတွေပဲ ရှိတာဆိုတော့ စမ်းတဝါးဝါးနဲ့ အောက်စီဂျင် တဗူးနဲ့တဗူး ချိန်းနေတဲ့ အချိန်မှာတောင်မှ သေဆုံးသွားတာရှိတယ်၊ လက်တွေ့ပါဗျ။”

ကလေးမြို့မှာ မနေ့က ကိုဗစ်ကြောင့် အယောက် ၄၀ သေဆုံးခဲ့ပြီး တပတ်အတွင်းမှာ သေဆုံးသူ အယောက် ၁၇၆ ယောက်ရှိလာတာပါ။

ကလေးမြို့မှာလိုနေတဲ့ အောက်စီဂျင်ကို ရပ်ဝေးဒေသတွေမှာ သွားပြီးဖြည့်တင်းရတဲ့အတွက် ပရဟိတအဖွဲ့တွေက လူနာတွေဆီကို အချိန်မီရောက်အောင် ပို့ပေးဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့်လည်း မလိုလားအပ်တဲ့ သေဆုံးမှုတွေ ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း ကလေးမြို့မှာ သေဆုံးသူ ၂၇၀ ရှိခဲ့ကြောင်း ကလေးမြို့နယ် ခရစ်ယာန်သင်္ချိုင်းကော်မတီက ထုတ်ပြန်ထားတာပါ။

“ ဘယ်လောက်ပဲ ကျနော်တို့က အားလုံးစုပေါင်းပြီးတော့ လုပ်ဆောင်လုပ်ဆောင် မုံရွာ၊ မန္တလေးကနေ အချိန်မီဖြည့်မပေးနိုင်တဲ့ အခါကျတော့ လိုအပ်ချက်တွေက အများကြီး ရှိနေတုန်းပဲဗျ။ ကျနော်တို့က မုံရွာကိုပဲ စီးတဲ့ကားတွေနဲ့ တင်ပေးလိုက်ရတယ်၊ မန္တလေးကိုလည်း စီးတဲ့ကားတွေနဲ့ တင်ပေးလိုက်ရတယ်၊ အဲဒီစနစ်နဲ့ လုပ်နေရတယ်ဗျ။ တနေရာတည်းတွေမှာပဲ ဖြည့်ကြတဲ့အခါကျတော့ ဗူးတွေကလည်း တန်းစီရတယ်၊ လုပ်ပေးတဲ့ ကလေးတွေလည်း ပင်ပန်းတယ်၊ အချိန်တွေ ကုန်သွားကြတာပေါ့နော်။ ကျနော်တို့ ဖြစ်စေချင်တဲ့ သဘောကတော့ အသင်းတွေကို နည်းနည်းစီမျှဝေ ဖြည့်ခိုင်းတယ်ဆိုရင်တော့ အချိန်နဲ့လည်း ရတာပေါ့ဗျာ။”

ရပ်ဝေးဒေသတွေမှာ အောက်စီထုတ်လုပ်တဲ့စက်ကို ဝယ်ယူတပ်ဆင်ထားပေမဲ့ လျှပ်စစ်မီးက အပြည့်အဝမရလို့ တခြားကနေ မှာယူအသုံးပြုရတုန်း ဖြစ်ပါတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ အောက်စီဂျင်အိုးရဖို့ ပိုပြီခက်ခဲကြောင်း တီးတိန်မြို့ကိုဗစ်ရောဂါအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ အခုအောက်စီဂျင်ဗူး ဈေးတက်သွားတယ်ဆိုတော့ 40L တဗူးကို ၃သိန်းကျော်တယ်။ အောက်စီဂျင်ဖြည့်တာက မန္တလေးကနေ ဖြည့်တာ၊ တော်တော်ဝေးတယ်။ တအိုးကို ကုန်ကျစရိတ် တန်ဆာခတွေနဲ့ဆို ၂၀,၀၀၀ လောက်ကျမယ်။ ဖြည့်တာကျ ၄,၀၀၀ ပေါ့။ ကြားထဲက အသွားအပြန် တန်ဆာခလည်းရှိတယ်။”

ရန်ကုန်နဲ့ မန္တလေးလိုနေရာတွေမှာ လိုအပ်ချက်နဲ့ ပေးနိုင်တဲ့အင်အား မမျှတဲ့အခြေအနေ ဖြစ်နေပါတယ်။ ရန်ကုန်က အောက်စီဂျင်ဓာတ်ငွေ့ ဖြည့်တင်းတဲ့ စက်ရုံသုံးခုစလုံးမှာ တမြို့လုံးက အိုးတွေစုပြုံတန်းစီထားရကြောင်း ပေးဆပ်ခြင်းပရဟိတက ဦးတင်မောင်ဦးကပြောပါတယ်။

“ ကျနော်တို့ အောက်စီဂျင်စက်ရုံမှာ တန်းစီနေပါတယ်။ ဒီနေ့ကတော့ မရနိုင်တော့ဘူး ထင်ပါတယ်။ အိုးတွေချထားခဲ့ရတယ် အိုးတွေက အများကြီးပဲဗျာ ထောင်နဲ့ကိုချီနေတာ။ တနေရာတနေရာမှာ အဲလိုချီနေတာ။ ကျနော်တို့အခုက ဘယ်ပြေးလို့ ပြေးရမှန်းမသိဘူး။ ကျနော်တို့ တောင်ဒဂုံမှာ အခုလိုက်နေတယ်၊ ရဖို့အတွက်လိုက်နေတယ်၊ စက်တွေက ပျက်တဲ့စက်ကပျက်၊ အဲကြားထဲ မီးတွေမမှန်တာ တမျိုးပေါ့ဗျာ။”

အောက်စီဂျင် ၄၀လီတာ အိုးကြီးတလုံးကို ၂၃၀,၀၀၀ ကျပ်၊ ၁၅ လီတာအိုးကို ၁၅၀, ၀၀၀ ကျပ်နဲ့ ၁၀လီတာအိုးကတော့ ၁၀၀,၀၀၀ ကျပ်ဝန်းကျင်ထိ ဈေးတက်လာပြီး ဈေးကွက်ထဲမှာတော့ ရှာဝယ်ဖို့ခက်ခဲသွားကြောင်း ပရဟိတအဖွဲ့တွေက ပြောပါတယ်။

.........................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG