သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်သူများနေတာကြောင့် ဖားကန့်မှာ သွားလာမှု ကန့်သတ်ချက်တွေ တင်းကြပ်


ဓါတ်ပုံ- Department of Public Health Kachin State
ဓါတ်ပုံ- Department of Public Health Kachin State

(Zawgyi/Unicode)

ကချင်ပြည်နယ်ထဲ ကိုဗစ်ပိုးတွေ့ရှိမှု နေ့စဉ်များလာတာနဲ့အမျှ ဖားကန့်လုံးခင်းဘက်မှာတော့ အသွားအလာကန့်သတ်မှု စည်းကမ်းတွေ ပိုတိုးချလိုက်ပြီး ပြည်သူတွေနေအိမ်ထဲမှာပဲနေကြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က သတိပေးပေမဲ့ အများစုလိုက်နာမှု အားနည်းတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဘက်က နောက်ဆုံးအခြေအနေ မဆုမွန်က စုစည်းတင်ပြပေးမှာပါ။

အခုဆိုရင် ကချင်ပြည်နယ်တဝန်းက ကိုဗစ်သံသယလူနာတွေမှာ ကိုဗစ်ပိုးရှိ-မရှိ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဗန်းမော် စတဲ့ဆေးရုံကြီးတွေဆီ ပေးပို့တဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုပေါင်း (၂၁,၀၄၃)ဦးအနက် နိုဝင်ဘာလ ၂၇ရက်နေ့ ညနေ (၅)နာရီ နောက်ဆုံးစစ်ဆေးချက် အဖြေအရ (၁၉၈)ဦး အထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်ပါတယ်။ ပိုးတွေ့ရှိတဲ့နေရာတွေကတော့ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မိုးမောက်၊ ရွှေကူ၊ ဝိုင်းမော်၊ တနိုင်း စတဲ့မြို့တွေကဖြစ်ပြီးတော့ ဖားကန့်ဒေသ ကတော့ အခုလက်ရှိ ( ၁၀၉)ဦး အထိ အများဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်နေတာပါ။

စစ်ဆေးရှာဖွေတွေ့ရှိမှုတွေထဲမှာ ဖားကန့် လုံးခင်းတိုက်နယ်ဆေးရုံမှာ ဖားကန့်က ၁၀လအရွယ် လူမမည် ကလေးငယ်ဆီ မှာတွေ့တာကစလို့ ဖားကန့်ဒေသတွင်း အထူးသဖြင့် လုံးခင်းဘက်က ကိုဗစ်၁၉ တွေ့ရှိမှုအခြေအနေ နောက် အသွားအလာ ကန့်သတ်မှု( Lock Down) ချထားတဲ့အနေအထားတွေကိုတော့ လုံးခင်းဒေသခံလည်းဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကရှင်းပြပါတယ်။

"ဖားကန့်မြို့နယ်တမြို့နယ်လုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ ပိုးတွေ့လူနာက ထပ်တိုးလာဖို့ပဲ ရှိတယ်။ အဓိက ကတော့ ကျနော်တို့ လုံးခင်းပေါ့ဗျာ ကျနော်နေတာလည်း လုံးခင်းဖြစ်တော့ ကျနော်နေတဲ့အိမ်နားမှာကိုပဲ ပိုးတွေ့လူနာတွေ ပိုးတွေ့လူနာနဲ့ ဆက်စပ်တွေ တွေ့နေတယ်။ အဲ့တော့ ဖားကန့်တမြို့နယ်လုံးမှာ အခု လုံးခင်းကို အဓိက ထားနေကြရတာပေါ့ တောင်ပြိုမှော်လိုမျိုး ဖြစ်မှာစိုးလို့လေ။ မနက်ကကိုပဲ Masks ကမ်ပိန်းလုပ်ရင်းနဲ့ အနံ့ပျောက်လူနာတွေ တွေ့တယ်။ အဲ့ဒီ့အနံ့ပျောက်လူနာတွေကို သီးခြားထားဖို့ အခုလေးတင်ပဲ ကျနော်တို့ နေရာသွားကြည့်ပြီး ပြန်လာတယ်။ လက်ရှိလုံးခင်း တခုတည်းမှာကို ပိုးတွေ့လူနာက (၁၅)ဦးအထိရှိနေပြီခင်ဗျ လုံးခင်းအုပ်စုတခုလေးမှာတင်ကို အဲ့လိုတွေဖြစ်နေတယ်။ "

ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒေသခံပြည်သူ သိန်းချီနေထိုင်တဲ့ ဖားကန့်မှာ ပိုးတွေ့ရှိမှုများလာတဲ့အတွက် အထူးသဖြင့် လုံးခင်းဧရိယာကို အသွားအလာကန့်သတ်မှုတွေနဲ့ လော့ဒ်ဒေါင်းချပြီး ကြပ်မတ်နေသလို မျက်နှာဖုံးတပ်ဆင်ရေး လူထုလှုပ်ရှားမှုနဲ့ အတူ ပြည်သူတွေ ကိုဗစ်၁၉ ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကိုလည်း အထူးလိုက်နာကြပါလို့ ဖားကန့်အမတ် ဦးတင့်စိုးက ပြည်သူကို တိုက်တွန်းပါတယ်။

" အဲ့ဒီ့တော့ အဓိကက ပိုးတွေ့တဲ့နေရာ တဝိုက် လမ်းကိုပိတ်လိုက်တယ်။ လမ်းကလည်း တကယ့် မိန်းလမ်းမကြီးဖြစ်နေတာကိုး။ အဲ့တာလေးတွေကို ကျနော်လုပ်ထားတယ် မလုပ်လို့လည်းမရဘူးဗျ ဒီမှာက လူဦးရေကလည်း ထူထပ်ပြီး Migrants လည်း များတယ်ဗျ ကျနော်တို့ လုံးခင်းအုပ်စုတခုတည်းတင် လူဦးရေက တသိန်းဝန်းကျင်လောက်ရှိနေတာကိုး ဒါမျိုးဖြစ်လာတော့ အဲ့တာကြောင့်မို့ ကျနော်တို့ ထိထိရောက်ရောက် လုပ်ထားရတယ်။ အဓိက ကျနော်တို့ ပြည်သူကိုပြောချင်တာက အခုက ဖားကန့်တမြို့နယ်လုံး Stay At Home ထုတ်ထားတယ်လေ။ အဲ့တော့ ပြည်သူတွေက စည်းကမ်းချက်တွေကို တိတိကျကျလိုက်နာကြမယ်ဆိုရင် ကျနော်တို့ ဒီကိုဗစ်အန္တရာယ်ကို ကာကွယ်လို့ရနိုင်တဲ့ အနေအထားမှာဖြစ်နေတယ်။ အဲ့တာကြောင့် ပြည်သူတရပ်လုံးပူးပေါင်းပါဝင်မှ လုပ်လို့ရမယ့် အနေအထားမှာရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်က စီမံပြီး အားလုံးအတွက်ကို လုပ်နေကြချိန်မှာ ပြည်သူကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ ကျနော့်အနေနဲ့တိုက်တွန်းချင်တယ်ဗျ။"

ဖားကန့်ဒေသကပြည်သူတွေ နေအိမ်တွေထဲမှာပဲနေကြဖို့နဲ့ ဖားကန့်ဒေသထဲ အသွားအလာ တင်းကျပ်ထားပေမဲ့ အဝင်အထွက်တွေ စည်းကမ်းဖောက်တာတွေ ရှိနေသလို ကိုဗစ်၁၉ဆိုင်ရာကြိုတင်ကာကွယ်နိုင်ရေး ပညာပေးတာရှိပေမဲ့ လိုက်နာမှု အားနည်းနေတဲ့ အနေအထားဖြစ်တယ်လို့ ဖားကန့်ဒေသခံ နယ်မြေခံသတင်းသမား ကိုဇော်မိုးထက်က အခြေအနေ ပြောပြပါတယ်။

"လောလောဆယ် ဒီ ၂ရက် ၃ရက်အတွင်းမှာ ပိုးတွေ့တာ လူတော်တော်စိပ်လာတယ်ပေါ့။ အခု ညကျောက်ဝိုင်းတွေပေါ့နော် ညကျောက်ဝိုင်းတွေ အရင်တုန်းက ခိုးဖွင့်နေတာတွေရှိတယ်။ အခုဒီဟာတွေကို ကြပ်ကြပ်မတ်မတ်လုပ်နေတာတွေတွေ့တယ်။ ကျောက်ဝိုင်းတွေ ဈေးဆိုင်တွေ ပိတ်ခိုင်းထားတာတွေ့တယ်။ လက်ရှိ ဒီ၂ရက် ၃ရက်အတွင်းမှာ နည်းနည်းတင်းကျပ်လာတဲ့ အနေအထား ရှိတယ် ဒါပေမဲ့ ခက်တာက ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာမှု အင်မတန် နည်းပါတယ်။ အတော့်ကို နည်းတယ်။ ဒီမှာက ဘာဖြစ်နေလဲဆိုရင် သက်ဆိုင်ရာက Masks တွေ ဘာတွေ ဝေတာတော့မှန်တယ် Mask တော့ယူတယ် တခါတလေ မတပ်ကို မတပ်တာလေ။ အဓိက ကျောက်ဝိုင်းတွေကို ကိုင်လိုက်လို့ရင် ရောဂါပိုးမွှားကူးစက်ဖို့အတွက်တော့ ကာကွယ်ဖို့ဖြစ်နိုင်တယ် ကိုယ့်အိမ်မှာ ကိုယ်နေတဲ့အတွက်ပေါ့လေ။ ဒါပေမဲ့ တဘက်က ပြန်ကြည့်တော့လည်း စားဝတ်နေရေးက ဘယ်လိုဖြေရှင်းမှာလဲပေါ့နော် ဒီမှာက လူတွေကအများကြီးရှိတာကိုးဗျ။ နောက်တခုက တရားမဝင်တဲ့ လမ်းတွေကနေ ခိုးခိုးဝင်လာနေတဲ့ကိစ္စ။ ဒီကိစ္စတွေကို မတားဆီးနိုင်ဘူး ကျနော်တို့ဖားကန့်ကလည်း ခြံစည်းရိုးမှ မရှိတာ ဘယ်နားကဝင်ဝင် ရနေတာကိုး အဲ့လိုမျိုးဆိုတော့ အဲ့ဒီ့ပြဿနာကြီးကလည်းကြီးတယ်။ ဒါကပြောမယ်ဆို သဘာဝဘေး စည်းကမ်းဥပဒေကို ချိုးဖောက်တာပဲလေ။ အဲ့တော့တခါတည်း Q စခန်းပို့ ထွက်လာတာနဲ့တရားစွဲ၊ ဒဏ်ရိုက် ထောင်ချတာမျိုး လုပ်ရမှာလေ အခုဟာက ဘာသိဘာသာနေနေတယ် ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်ဖောက်ဖျက်မှုပေါ့နော်။ အဲ့တော့ ဒီကိစ္စတွေမှာ ဖားကန့်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ဒီဟာတွေကို ကျူးလွန်နေတာ။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သူတို့အသိဆုံးပဲလေ သူတို့ရပ်ကွက်ထဲမှာ လူသစ်ဝင်တယ် မဝင်ဘူးဆိုတာ။"

ကချင်ပြည်နယ်တွင်း အချိန်တိုအတွင်း ကိုဗစ်၁၉ ကူးစက်မှု များပြားလာတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး ပြည်သူတွေ နေအိမ်ထဲမှာနေကြဖို့ Stay At Home အမိန့်ထုတ်ပြန်ချက်ကို ဖားကန့်ဒေသနဲ့ မိုးညှင်းမြို့နယ်တွေမှာ ကျန်းမာရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၂၀ရက်နေ့ကတည်းက ကြေညာထားတာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်းက ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေကို အတိအကျလိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ ကိုလည်း ကချင်ပြည်နယ်အစိုးရ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အထူးသတိပေး တိုက်တွန်းနိုးဆော်နေပါတယ်။

တိုက်ရိုက် လင့်ခ်


.................

(Unicode)










XS
SM
MD
LG