သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်မှုပိုများမယ့်အရေး အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေး


Myanmar State Counsellor Office
Myanmar State Counsellor Office

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီးကာလ ကိုဗစ်-၁၉ကူးစက်မှု မြင့်တက်နေရာမှာ လာမယ့် သီတင်းပတ်တွေအတွင်း ပိုပြီးမြင့်တက်လာဖို့ရှိကြောင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့က ထပ်မံသတိပေးပြောကြားလိုက်ပါတယ်။

ဒီရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာတဲ့ ကိုဗစ်ထိန်းချုပ်ရေးအခြေအနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံ မိန့်ခွန်းမှာ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အတွက် လူစုလူဝေး ကျင်းပခွင့်ပြုမှာ မဟုတ်ကြောင်းလည်းကြေညာသွားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်စာရင်းအရ လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၇၆,၄၁၄ ဦးရှိနေပြီး၊ သေဆုံးသူအရေအတွက် ၁,၆၉၅ ဦးရှိနေပါတယ်။

နိုဝင်ဘာလ (၈)ရက်နေ့အထွေထွေရွေးကောက်ပွဲ မတိုင်ခင် လူစုလူဝေးတွေနဲ့ မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲည ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရှေ့ ထောက်ခံသူတွေ ရာနဲ့ချီစုရုံးပြီး အောင်ပွဲခံခဲ့ကြပါတယ်။ အခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ကာလ လူစုလူဝေးတွေကြောင့် ကူးစက်မှုနှုန်းတိုးလာနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်သူကိုတိုက်ရိုက်ထိတွေ့ပြောကြားတဲ့ အစီအစဉ်တွေ ခပ်စိတ်စိတ်လုပ်လာပါတယ်။

ပုံမှန် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေတဲ့ ရုပ်သံမိန့်ခွန်းအပြင် မနေ့ သောကြာနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေတွေကို ထပ်မံပြီး လူထုကို တိုက်ရိုက် အသိပေးပြောကြားခဲ့ပါတယ်။

”ကျမတို့ ခန့်မှန်းတဲ့အတိုင်း ပဲပေါ့။ ကိုဗစ်-၁၉ ပြန်ပြီးတော့ ပြန့်ပွားမှုက များလာပါတယ်။ ဒါကို တွက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲအပြီးကာလနဲ့ အခုထိဆိုရင် တပတ်၊ ဆယ်ရက်ဆိုတာ ဒါစနေတဲ့ သဘောပါ။ နောက် နှစ်ပတ်လောက်၊ တပတ်လောက်ဆိုရင် နည်းနည်းပိုပြီးတော့ မြင့်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီဟာအတွက်လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်ထားပြီးသားပါ။ ပြည်သူတွေကလည်း ပြင်ဆင်ထားဖို့လိုပါတယ်။”

ဒါအပြင် ကိုဗစ်ကြောင့် သေဆုံးသူအများအပြားဟာ ဆေးရုံတက်တာ နောက်ကျတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရတဲ့အတွက် အခုနောက်ပိုင်း ဆေးရုံတွေမှာ သေသေချာချာ စီစဉ်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သလို၊ရောဂါလက္ခဏာရှိသူတွေအနေနဲ့ ဆေးရုံကို အမြန်ဆုံးသွားဖို့လည်း သူက သတိပေးပြောကြားခဲ့ပါတယ်။

အခုလို ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံမှာ ကိုဗစ်ထိန်းချုပ်ရေး ကိုင်တွယ်ပုံအပေါ် ကျန်းမာရေးပညာရှင် ဒေါက်တာတင်မောင်သန်းရဲ့ သုံးသပ်ချက်ကတော့

”များသောအားဖြင့် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သိပ်ပြီးထိုးတက်သွားပြီဆိုရင် ပြန်ပြီး ချုပ်ရတာပေါ့။ အသွားအလာတွေ နည်းသွားအောင် ပြန်ပြီးလုပ်ရတာပေါ့။ ဒီနေရာမှာ အခက်အခဲရှိတာက အမေရိကန်မှာရော၊ မြန်မာနိုင်ငံမှာပါ ရွေးကောက်ပွဲကာလ ဆန္ဒပြတာတွေ၊ အောင်ပွဲခံတာတွေ ဒါကကိုင်တွယ်ဖို့ တော်တော်ခက်တဲ့ ကိစ္စ။ အဲဒီရဲ့ အကျိုးဆက်ဖြစ်တဲ့ ကိုဗစ် မြင့်တက်မှုကလည်း မလွဲှမရှောင်သာ ကြုံကြရတာပေါ့နော်။ အမေရိကန်မှာဆိုလည်း အသွားအလာတွေ ထိန်းသိမ်းဖို့၊ အိမ်မှာနေဖို့ ကန့်သတ်ချက်တွေ ပြန်လုပ်ရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ကြေညာချက်တွေ ထုတ်ရတယ်။ ဒါပေမဲ့ အဲဒါနဲ့ ဆက်ပြီးဖြစ်လာတာက လက်လုပ်လက်စားတွေအတွက် အခက်အခဲပေါ့။ အဲဒီအတွက်လည်း ကျပ်ငွေ လေးသောင်းစီ အစိုးရကနေ အကူအညီပေးတယ်လို့ သိရတယ်။ အဲဒီပေါ်မှာ မူတည်ပြီးတော့လည်း ဘယ်လိုများပြန်ပြီး ပြောင်းမလဲပေါ့။ ဘယ်လိုရှေ့ဆက်လျှောက်မလဲ။ အဲဒါကတော့ ကြုံတွေ့လာတဲ့ ကိုဗစ် ပြန့်နှံမှုအပေါ် အများကြီးမူတည်လိမ့်မယ်လို့ ထင်တယ်။”

မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ ပတ်သက်လို့ အတွေ့အကြုံတွေရှိလာပြီဖြစ်တဲ့အတွက် ကဏ္ဍအလိုက် အလျော့အတင်း စည်းမျဉ်းကန့်သတ်ချက်တွေချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ စိန်ခေါ်ချက်အသစ်တွေ ထပ်ပြီးရှိလာမယ့်အရေးကိုတော့ သတိထားဖို့လိုကြောင်း ဒေါက်တာတင်မောင်သန်းက ပြောပါတယ်။

ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ဆောင်းရာသီ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ လူစုလူဝေး ကျင်းပတဲ့ ပွဲတော်မျိုးတွေကို အစိုးရဘက်က ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့ပါတယ်။ ဒါအပြင် မကြာခင်ထွက်ပေါ်လာဖို့ရှိနေတဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို အမြန်ဆုံးရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သူက အခုလိုပြောသွားပါတယ်။

” ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုအဖွဲ့တွေရဲ့ အကူအညီနဲ့ မြန်မြန်ဆန်ဆန် ကျမတို့ ပြည်သူတွေအတွက် ကာကွယ်ဆေးရအောင်လုပ်ဖို့ အစီအစဉ်တွေ လုပ်ထားပါတယ်။ ကာကွယ်ဆေးတွေ သိုလှောင်ဖို့၊ ဖြန့်ဖြူးဖို့၊ ထိုးပေးဖို့ အစီအစဉ်တွေလည်း စပြီးလုပ်နေပါတယ်။”

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး တပတ်ကြာ နိုဝင်ဘာလ (၁၅)ရက်နေ့ နောက်ပိုင်းကစပြီးရခိုင်ပြည်နယ်ကလွဲလို့ ရန်ကုန်နဲ့ အခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပြန်တက်လာနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စစ်တမ်းတွေက ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)















XS
SM
MD
LG