(Zawgyi/Unicode)
မြန်မာနိုင်ငံတွင်း COVID-19 ရောဂါကုသရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အတိုင်းအတာနဲ့ဆိုရင် ဒီရောဂါကုသရေးအတွက် လိုအပ်တဲ့ပစ္စည်း ကိရိယာတွေလည်း မြန်မာနိုင်ငံမှာ အလုံအလောက်ရှိတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားမှာပါ။
☛COVID-19 အရေး လိုအပ်တဲ့ဝတ်စုံနဲ့ ကိရိယာတွေ လူထု ပါဝင်လှူဒါန်းတဲ့ အကြောင်းလဲ ဖတ်နိုင်ပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ သုံးဦးဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံက အသက် ၃၆နှစ်အရွယ် အမျိုးသားနဲ့ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံက အသက် ၂၆နှစ်အရွယ် အမျိုးသားနှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်လျက်ရှိတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
ဒီလူနာတွေကို ကုသရာမှာ WHO က ချမှတ်ထားတဲ့အတိုင်း ဆောင်ရွက်လျက်ရှိပြီး ကုသရေးအတွက် လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ အစုံအလင်ရှိတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုပြောပါတယ်။
“Positive ဖြစ်တဲ့သူတွေကို မကုသခင်မှာ Treatment Counselling ယူပါတယ်။ သူတို့တွေမှာ ဒီလိုမျိုး Positive တွေ့တယ်။ ဒါကြောင့်ကုသမှုတွေ ပေးမယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြတာပေါ့နော်။ လက်ရှိကုသမှုတွေမှာလည်း WHO ရဲ့ Guideline အတိုင်း ကုသပေးနေပါတယ်။ ကျမတို့တိုင်းပြည်မှာ လက်ရှိအချိန်မှာဆိုရင် အတည်ပြုလူနာ သုံးဦးပဲ ရှိတယ်။ ဒီလူနာသုံးဦးကိုလည်း ကုသရာမှာ ကောင်းကောင်းလုပ်နိုင်တယ်။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေရှိပြီးသား။ အဲဒီတော့ ကျမတို့အတွက်ကတော့ ထိုက်သင့်သလောက်ကတော့ ပြင်ဆင်ပြီးသားဖြစ်ပါတယ်။”
လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ သုံးဦးရှိနေပေမဲ့ ဒီအခြေအနေကနေ နောက်ထပ်ဖြစ်ပွားသူ ရှိမလာနိုင်ဖို့အတွက် ရောဂါထိန်းချုပ်ကာကွယ်ရေးတွေကို အစိုးရဌာနချင်းပေါင်းစပ်ပြီး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ရောဂါပိုးရှိသူ သုံးဦးနဲ့ ထိစပ်ခဲ့သူတွေကို ရှာဖွေဖော်ထုတ်ပြီး သီးခြားခွဲစောင့်ကြည့်တာတွေ လုပ်နေပါတယ်။
ဒီရောဂါကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ကော်မတီမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်နေပြီး အလှူရှင်တွေဆီက လှူဒါန်းမှုတွေကိုလည်း လက်ခံပြီး လိုအပ်တဲ့နေရာတွေမှာ ချက်ချင်း ချမှတ်ဆောင်ရွက်ပေးနေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လက်ရှိအခြေအနေမှာ လုံလောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။
“အခုဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်ကလည်း အမျိုးသားအဆင့် ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှာ ကိုယ်တိုင်ကြီးကြပ်ပြီးတော့ ပါဝင်ဆောင်ရွက်နေတယ်။ လိုအပ်ရင် လိုအပ်သလောက် နိုင်ငံတော်ရဲ့ဘတ်ဂျက်ကနေ သုံးစွဲဖို့အတွက် ချမှတ်ထားတဲ့နည်းလမ်းတွေအတိုင်း သုံးစွဲလို့ရပါတယ်။ လိုအပ်တာတွေ ပံ့ပိုးလျက်ရှိပါတယ်။ အခုလောလောဆယ်တော့ ကျမတို့ဆီမှာ အလှူရှင်တွေက လှူတာတွေလည်း ရှိပါတယ်။ ထပ်သုံးဖို့လိုအပ်ရင်တော့ နိုင်ငံတော်ဘတ်ဂျက်ကနေ ကျမတို့တောင်းခံမှာ ဖြစ်ပါတယ်။”
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပေးပို့ပြီး ထပ်မံအတည်ပြုချက်ရယူသွားဖို့အတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုလို အဘက်ဘက်ကနေ အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ သတင်းအမှားတွေကို မယုံဖို့နဲ့ ဒီရောဂါတိုက်ဖျက်ရာမှာလည်း ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့ကို ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
“အခုချိန်မှာ သတင်းတွေက အမျိုးစုံပါပဲ။ သတင်းတွေက ဘယ်ဟာက အမှန်လဲမသိနိုင်လောက်အောင်ကို များလာတဲ့အခါမျိုးမှာ ယုံကြည်စိတ်ချရတဲ့ ခိုင်မာတဲ့သတင်းရင်းမြစ်ကိုပဲယုံကြည်ပါ။ သတင်းအမှားတွေကို မယုံပါနဲ့၊ သတင်းအမှားတွေကို မရှဲလ်ပါနဲ့။ ဒါကြောင့်ပြည်သူတွေအနေနဲ့ ကိုယ့်နိုင်ငံတော်အစိုးရကို ယုံကြည်ပါ။ အစိုးရကလုပ်ဆောင်ပေးနေတဲ့ ကိစ္စရပ်တွေကို အပြည့်အဝပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ COVID-19 ရောဂါ ဖြစ်ပွားကူးစက်မှုတွေ နည်းနိုင်သမျှနည်းအောင် ကူညီပါဝင်ခြင်းအားဖြင့် ကာကွယ်နိုင်တယ်ဆိုတာ ပြောချင်ပါတယ်။”
ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း ၁၉၈ နိုင်ငံကို ကူးစက်ခဲ့ပြီး လူပေါင်း ၄၈၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်း သေဆုံးသူကတော့ ၂၂,၀၀၀ ကျော်ရှိခဲ့ပေမယ့် ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၁၁၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်တားဆီးရေးအတွက် အစိုးရဝန်ထမ်းတွေအားလုံး ဒီကနေ့ကစပြီး နေအိမ်နဲ့ ရုံးတလှည့်စီ ခွဲပြီး အလုပ်လုပ်ကြဖို့အတွက် နိုင်ငံတော်သမ္မတရုံးကလည်း ညွှန်ကြားထားပါတယ်။ ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းကို ရုံးမှာတာဝန်ထမ်းဆောင်စေပြီး၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ နေအိမ်ကနေတဆင့် တာဝန်ထမ်းဆောင်စေဖို့ကို ညွှန်ကြားထားတာပါ။
[Unicode Version]