သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပကပြန်လာသူ မြန်မာတွေအားလုံးကို မစစ်နိုင်တဲ့အပေါ် ကျန်းမာရေးပညာရှင်တွေရဲ့ သုံးသပ်ချက်


ရန်ကုန်လေဆိပ် ဆိုက်လာသူများကို အပူချိန်တိုင်းနေ(ဖေဖော်ဝါရီလ ၂၀ ရက်နေ့)
ရန်ကုန်လေဆိပ် ဆိုက်လာသူများကို အပူချိန်တိုင်းနေ(ဖေဖော်ဝါရီလ ၂၀ ရက်နေ့)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စတင်စစ်ဆေးလာနိုင် တဲ့အတွက် ရောဂါပိုးရှိသူ သုံးဦးကို တွေ့လာရပေမယ့် တရုတ်နဲ့ ထိုင်း နယ်စပ်ဂိတ်တွေကနေ ထောင်နဲ့ချီဝင်လာသူတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေးနိုင်ခြင်းတဲ့အပေါ်မှာ ပြည်တွင်း ကူးစက်မှုနှုန်း ဘယ်လောက်ထိ စိုးရိမ်ရမလဲ။ မြန်မာအစိုးရရဲ့ ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်တွေ လုံလောက်မှုရှိပါသလား။ လူတဦးနဲ့ တဦး အနီးကပ်ထိတွေ့မှုတွေ မလုပ်ဖို့ အချက်ဟာ ဘယ်လောက်ထိ အရေးပါသလဲ။ အင်္ဂလန်နဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနွယ်ဖွား အထူးကုဆရာဝန်တွေရဲ့ အမြင် သုံးသပ်ချက်ကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

လေဆိပ် အဝင်အထွက်တွေ၊ ဆေးရုံတွေမှာ ကြပ်ကြပ်မတ်မတ် စောင့်ကြည့် စစ်ဆေးနိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးမကူးကို သိလာရပါတယ်။ အင်္ဂလန်က ပြန်လာသူ နှစ်ဦးနဲ့ အမေရိကန်ပြည်ထောင်စုက ပြန်လာသူ တဦး စုစုပေါင်းသုံးဦးမှာ COVID-19 ရောဂါရှိနေကြောင်း မြန်မာ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အတည်ပြု ထုတ်ပြန်ထားပါတယ်။

အင်္ဂလန်က ပြန်လာသူနှစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရတဲ့အပေါ် Leeds မြို့က ဆီးချိုအထူးကုဆရာဝန် ဒေါက်တာသက်ကိုကိုရဲ့ သုံးသပ်ချက်ကတော့

“ ကျနော်ကတော့ အဲဒါ လုံး၀ မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ အင်္ဂလန်မှာက အရမ်းကို ထောင် တက်လာပါတယ်။ အခြား ဥရောပနိုင်ငံတွေကလိုပဲ ကူးစက်ခံရသူအရေအတွက် အရမ်းများပါတယ်။ အသေအပျောက်တွေလည်း အရမ်းများတယ်။ အင်္ဂလန် အစိုးရက ဆေးရုံကိုလာတဲ့သူကိုပဲ စစ်တာ။ ဆေးရုံကို မလာတဲ့သူတွေ လူမှုအသိုင်းအဝိုင်းထဲမှာ အများကြီး ရှိနိုင်ပါတယ်။ ပြီးတော့ လေယာဉ်ပျံပေါ်ကလည်း ကူးနိုင်ပါတယ်။ အဲတော့ ဒီကပြန်သွားတဲ့သူ တွေထဲမှာ ဗိုင်းရပ်စ်ပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”

မေး။ ။ ဒီအပေါ်မှာ ကျန်းမာရေးရှုထောင့်အရ ဘယ်လို အကြံပေးချင်လည်းရှင့်။

ဒေါက်တာသက်ကိုကို။ ။ ဖြစ်နိုင်ရင် Visa ရှိနေရင် ၊ သေရေးရှင်ရေးက မဟုတ်ရင်တော့ ကျနော်တို့ မပြန်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အဲလိုပြန်ခြင်းအားဖြင့် တိုင်းပြည်ကို ဒီကနေ ဗိုင်းရပ်စ်တွေကို သယ်ယူပို့ဆောင်တဲ့လူ ဖြန့်တဲ့လူဖြစ်နေပါတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်နိုင်ငံထဲကို ဒီကနေ ဖြစ်နိုင်ရင် မပြန်တာ အကောင်းဆုံးပဲ ဒါပေမယ့် အခြေအနေအရ နာရေးကိစ္စရှိတာတို့ Visa ကုန်တာဆိုရင် ပြန်ရမှာပေါ့နော်”

တရုတ်နဲ့ ထိုင်းနယ်စပ်တွေက ထောင်နဲ့ ချီနေရပ်ပြန်လာသူတွေကို ကြပ်ကြပ်မတ်မတ်စစ်ဆေးနိုင်တာမျိုး မလုပ်နိုင်တဲ့ အခြေအနေမှာ ပြည်တွင်းမှာ ကူးစက်မှုနှုန်း ဘယ်လောက်ထိရှိနေသလဲဆိုတာ အတိအကျ မသိရပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်စစ်ဆေးတဲ့ စာရင်းနဲ့အတူ ကူးစက်ခံရမှုမရှိ ဆိုတဲ့ ရလာဒ်ကိုလည်း ဖေါ်ပြထားပါတယ်။ ဒီလို အနုတ်လက္ခဏ ာပြနေပေမယ့်လည်း စိတ်မချရပါဘူးလို့ ကာလီဖိုးနီးယားပြည်နယ် အထွေထွေရောဂါကု အထူးကု ဒေါက်တာ မိုးဆန်းက ပြောပါတယ်။

ဒါကြောင့် အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းက လူတဦးနဲ့တဦး မထိတွေ့ဖို့၊ အသွားအလာ အဆက်အဆံမလုပ်ပဲ သီးသန့် နေထိုင်ကြဖို့အလွန်အရေးကြီးကြောင်း သူက အခုလို အကြံပြုပါတယ်။

“ကျနော်တို့ ကာလီဖိုးနီးယားမှာ Social isolation ကို လုပ်ခဲ့တဲ့အတွက် ကျနော့်အနေနဲ့ ဆေးရုံမှာ မြင်တာကတော့ respiratory နဲ့ ပတ်သက်ပြီး လာတဲ့လူ နည်းနည်း ကျသွားတယ်လို့ ကျနော့်အနေနဲ့ သိရှိရပါတယ်။ နယူးယောက်က Social isolation လုပ်တာ နည်းနည်း နောက်ကျတယ်ပေါ့နော် ၊ နောက်ကျတယ် သူတို့က လူဦးရေ ထူထပ်တယ်။ အဲဒါကြောင့် သူတို့ case တွေများတယ်။ ကျနော်တို့ ဒီရောဂါက ကုလို့လည်း မရဘူးဆိုတော့ Social isolation လုပ်တာက ငွေမကုန်ပဲနဲ့ အကုန်လုံးကို အကျိုးရှိစေတဲ့ အချက်ဖြစ်တဲ့အတွက် လူငယ်ရော၊ လူကြီးရော အကုန်လုံးသတိထားပြီး လိုက်နာစေချင်တယ်ပေါ့နော်။”

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်တိုက်ဖျက်ရေး မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုပေမယ့် ကူးစက်ရောဂါအန္တရယ် ကျရောက်ချိန်နဲ့ ကျရောက်ပြီးနောက်ပိုင်းကာလတွင်း ပြင်ဆင်ဖို့ အများကြီးလိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ပထမ တချက်ကတော့ ကျန်းမာရေးပညာအသိပေးမှုတွေ နည်းတယ်လို့ ယူဆတယ်။ ပြည်သူလူထု အများစု သိရှိနားလည်အောင် အချိန်မှီလုပ်ဆောင်ခဲ့တာမတွေ့ဘူးလို့ ကျနော်မြင်တယ်။ ဒါပေမယ့် အခု အရေးယူ ဆောင်ရွက်မှုတွေ အတန်သင့်လုပ်လာတာတွေ့တယ်။ ကူးစက်ရောဂါဝင်ပြီးရင် အနည်းဆုံး ရှစ်ပတ်ကနေ နှစ်လ၊ တရုတ်ပြည်ဆိုရင် နှစ်လခွဲလောက် ကြာတယ်။ အဲဒီအထိ အပြင်းအထန်လုပ်နိုင်မှ အရင်အခြေအနေကို ပြန်ရောက်မှာဖြစ်တယ်။”

ဒေါက်တာတင့်ဆွေပြောသွားတာပါ။ မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦးလုံးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ အထူးသီးသန့်ထားပြီး စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


.....................


(Unicode)














XS
SM
MD
LG