သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အန္တရာယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်များ


(Zawgyi/Unicode)

ကမ္ဘာတဝှမ်း လူပေါင်း ၁ သန်းကျော်ကို ကူးစက်ပြီးဖြစ်တဲ့ COVID-19 ရောဂါကြောင့် လူတွေ သောင်းနဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်သလို၊ ဒီရောဂါကို ကာကွယ်ဖို့ရော ကုသဖို့ပါ ဆေးဝါး မရှိသေးချိန်မှာ လူထုတွေကြား စိုးရိမ်မှုတွေကလည်း တနေ့တခြား ပိုများလာနေပါတယ်။ လာမယ့်ရက်ပိုင်း သီတင်းပတ်ပိုင်းတွေအတွင်း သေဆုံးသူတွေ ပိုများလာဖို့ရှိနေပြီး အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်ရဦးမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားတာပါ။ မမြင်နိုင်တဲ့ ဒီရောဂါဆိုးကြီး လူတွေကို ဘယ်လောက်အထိ ဒုက္ခတွေဆက်ပေးနေဦးမလဲ။ ဘယ်အချိန်မှာ ရပ်တန့်သွားမှာလဲမသိရတဲ့အခါ မိသားစုတိုင်းကို စိုးရိမ်ကြောက်ရွံ့စိတ်တွေ ပိုပြီး ဖြစ်စေပါတယ်။ ဒီလိုအချိန်မျိုးမှာ အသက်တချောင်း ဝမ်းထဲလွယ်ထားရတဲ့ ကိုယ်ဝန်သည်တွေ၊ မွေးကင်းစ ကလေးငယ်တွေ ရှိနေတဲ့ မိခင်တွေရဲ့ စိုးရိမ်မှုက တခြားသူတွေထက် ပို ကြီးပါတယ်။ ကိုယ်ဝန်သည်တွေ ကြုံတွေ့ ရတဲ့ အခက်အခဲတွေ၊ စိုးရိမ်မှုတွေ၊ ဒီအေပေါ် ကျွမ်းကျင် ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဒုတိယအများဆုံး ရှိနေတဲ့ စပိန်နိုင်ငံက Venesa Muro နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ မတ်လ ၁၂ ရက်နေ့က COVID-19 ရောဂါ ကူးစက်ခံထားရတယ်ဆိုတာကို သိခဲ့ရတဲ့အချိန်မှာ Venesa Muro ဟာ နေ့စေ့လစေ့ မွေးဖွားခါနီး ဖြစ်နေပါပြီ။ သူတို့နဲ့ နေ့စဉ်ထိတွေ့နေတဲ့ အဖွားဖြစ်သူ ဒီရောဂါ ကူးစက်ခံရပြေီး ကွယ်လွန်သွားခဲ့သလို၊ သူတို့လည်း ကူးစက်ခံခဲ့ရတာပါ။ မက်ဒရစ်မြို့က ဆေးရုံကိုရောက်ချိန်မှာတော့ ခင်ပွန်းဖြစ်သူ ဆေးရုံထဲကို အတူလိုက်ပါခွင့် မရတော့ပါဘူး။ မွေးမယ့်ရက်ကို မတ်လ ၁၆ ရက်နေ့ ခန်မှန်း တွက်ထားပေမဲ့၊ ဆေးရုံရောက်ပြီး နောက်တနေ့မှာပဲ သူ့ကို ရက်စော မီးဖွားပေးဖို့ ဆရာဝန်တွေက စီစဉ်ခဲ့ကြပါတယ်။ မွေးခန်းထဲမှာလည်း ကိုယ်ဝန်သည်ထံကနေ ရောဂါ ကူးမခံရအောင် ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေက အကာအကွယ် အထပ်ထပ်ယူပြီး ကလေးကို မွေးပေးခဲ့ရတာပါ။ မွေးပြီးတဲ့နောက်မှာလည်း မိခင်နဲ့ ကလေး ထိတွေ့ခွင့် မရခဲ့ပါဘူး။ သီခြား ခွဲနေနတဲ့ကာလ ၁၄ ရက်ပြည့်ပြီးချိန်ထိ စောင့်ပြီးတော့မှ သားဖြစ်သူကို Venesa Muro တို့ ဇနီးမောင်နှံ တွေ့ခွင့်ရခဲ့ပါတယ်။

သူတို့ရဲ့ ပထမဆုံး သက်ဦး သားငယ်လေးကို တွေ့ခွင့်ရတဲ့နေ့က ဇနီးမောင်နှံ အပျော်ကြီး ပျော်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မှာ ဒီရောဂါ ဆက်ရှိနေသေးသလား ဆိုတာ ပြန် စစ်ဆေးနိုင်တဲ့အခြေအနေ မရောက်သေးတာကြောင့် သားငယ်ကို လက်အိတ်နဲ့ပဲ ပွေ့ချီရတာ၊ နှာခေါင်းစည်းကိုလည်း တချိန်လုံး တပ်ထားရတာတွေ လုပ်နေရတုန်းပါ။ ဒီလို အခြေအတွေကြောင်ပဲ ရောဂါကူးစက်ခံရမှာ စိုးရိမ်ကြတဲ့ မိခင်တွေ၊ မီးဖွားချိန်နဲ့မီးဖွားပြီးနောက်ပိုင်း ကြုံတွေရနိုင်တဲ့ အခြေနေေတွေ အတွက် စိုးရိမ်နေကြသူတွေ အများအပြား ရှိပါတယ်။ ဒီလို စိုးရိမ်သူတွေအတွက်ကိုတော့ George Washington တက္ကသိုလ်က ဒေါက်တာ Leana Wen က ခုလို အကြံပြုပါတယ်။

"ခုချိန်မှာ ကိုယ်ပြနေတဲ့ သားဖွားဆရာဝန်နဲ့ ဆွေးနွေးတာက အကောင်းဆုံးပါပဲ။ ဘယ်လိုအချိန်မှာ လူကိုယ်တိုင်တွေ့ ရမလဲ။ ဘယ်လိုအချိန်မှာတော့ အင်တာနက် အွန်လိုင်းပေါ်မှာ ဆွေးနွေး ပြောဆိုသင့်သလဲဆိုတာတွေကိုပါ။ ဒီလို အွန်လိုင်းမှာ ဆရာဝန်နဲ့ တွေ့နိုင်တဲ့ app တွေ program တွေလည်း ရှိပါတယ်။ ဆေးခန်းကို ကိုယ်တိုင် သွားမယ့်အစား ဘယ်လိုနည်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရမလဲဆိုတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။''

ကိုယ်ဝန်သည်တွေဟာ ကိုယ့်ရဲ့သားဖွား မီးယပ် ဆရာဝန်နဲ့ ပုံမှန် ထိတွေ့နေရသူတွေပါ။ ဒါပေမဲ့ ခုချိန်မှာ မမြင်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဖြစ်နိုင်ရင် အပြင်မထွက်ဖို့နဲ့ လူတယောက်နဲ့ တယောက် ခပ်ခွာခွာ နေရမယ်ဆိုတဲ့ ညွန်ကြားချက်တွေ ရှိနေတာကြောင့် ဆေးခန်းသွားပြဖို့တောင် အခက်ကြုံရတဲ့ အနေအထားတွေ ဖြစ်လာတာပါ။ ခုချိန်မှာ ကိုယ်ဝန်သည်တွေ အသိချင်ဆုံး အရာတွေထဲမှာတော့ - သူတို့ဟာ တခြား သူတွေထက် ဒီရောဂါ ကူးစက်ဖို့ ပိုမို လွယ်ကူနိုင်သလား။ ကိုယ်ဝန်လွယ်ထားချိန်မှာ ကလေးကို ကူးစက်နိုင်သလား။ ကလေရော မိခင်ရော ဘယ်လို ရောဂါလက္ခာဆိုးတွေ ကြုံရနိုင်မလဲ။ စသဖြင့် သိချင်ကြတာပါ။ ဒီအပေါ်ခိုင်မာတဲ့အဖြေ ပေးနိုင်လောက်အောင် လေ့လာမှုတွေ လုံလုံလောက်လောက် မရှိသေးဘူးလို့ ဒါနဲ့ပတ်သက်ပြီး သုတေသန လုပ်နေတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဒေါက်တာ Vanessa Jacoby က ပြောပါတယ်။

'' ဒီဗိုင်းရပ်စ်က အသစ် ဖြစ်နေတော့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေကို ဘယ်လိုပုံစံ ကူးစက်နိုင်မလဲ။ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်နိုင်မလဲ ဆိုတာတွေကို လေ့လာထားတဲ့အချက်အလက် ဘယ် ဆေးဘက်ဆိုင်ရာ သုတေသန စာပေတွေမှာ ဖော်ပြထားတာ မရှိသေးပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေ သိချင်တဲ့ အဓိက အချက်တွေကို မှန်မှန်ကန်ကန် ဖြေနိုင်ဖို့က သုတေသန လေ့လာချက်တွေ ရှိဖို့ လိုပါတယ်။ ဒါကြောင့် ဒါကို သုတေသနလုပ်ဖို့ အင်မတန် အရေးကြီးတယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်။''

နောက်ဆုံး လေ့လာချက်တချိုမှာ ကိုယ်ဝန်သည်တွေဟာ ဒီရောဂါ ကူးစက်ခံရဖို့လွယ်ကူသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပေမဲ့ ဒါကို ခိုင်ခိုင်မာမာ သက်သေပြနိုင်တဲ့အထိတော့ လေ့လာမှုတွေက မပြည့်စုံသေးပါဘူး။

ဒီရောဂါဆိုးကြီးနဲ့ပတ်သက်လို့ ဘယ်အရာကိုမှ ရေရေရာရာ မသိရသေးချိန်မှာ စိုးရိမ်မှုကတော့ ပိုများတယ်လို့ ၆ လေကျော် ကိုယ်ဝန်လွယ်ထားတဲ့၊ ဗားမောက်ပြည်နယ်မှာ နေထိုင်သူ မဇာနည်မော်က ပြောပါတယ်။
'' စိုးရိမ်မှုတော့ အများကြီး ပိုလာတာပေါ့နော်။ မွေးဖို့ကိစ္စတွေ စဉ်းစားလာရတယ်။ ကိုယ်ဝန်သည်မိခင်တွေကလည်း အသက်ကြီးတဲ့သူတွေလိုပဲ ပိုပြီးတော့ ကူးစက်လို့လွယ်တယ်လို့ သတင်းတွေထဲမှာလည်း ဖော်ပြကြတယ်။ အလုပ်ခွင်မှာကိုယ်နှိက်ကိုက ကိုယ်ဝန်သည် မိခင်တွေကို အစောကြီးအိမ်မှာလုပ်ဖို့ ခွင့်ပြုလိုက်တာပေါ့နော်။ အဲ့ဒီလိုဆိုတော့ အဲ့ဒီကတည်းကနေပြီးတော့ စိုးရိမ်စိတ်တွေက ပိုပြီးတော့ များလာတယ်။ ဆေးရုံသွားတော့လည်း အခင်းအကျင်းတွေက အကုန် အပြောင်းအလဲ ရှိနေတာတွေ့ရတယ်။ ဥပမာ မဂ္ဂဇင်းတွေဆိုရင် အရင်လို ခုံတွေပေါ်မှာ မချထားတော့ဘူး။ လူအဝင်အထွက်လည်း နည်းသွားတယ်။ ဆရာဝန်တွေကလည်း ပြောတယ်။ လူနာ တယောက်ပဲ လာခွင့်ရှိတော့တာပေါ့နော်။ ဒါပေမဲ့ ရက်ချိန်းတွေကတော့ ပုံမှန်သွားနေရတယ်။ ကိုယ်က မွေးတဲ့အချိန်ကျရင် COVID-19 က ဘယ်အနေအထားမှာရှိမလဲ ဆိုတာကို ပိုပြီးတော့ စိုးရိမ်ရတာပေါ့။ အဲ့ဒါတွေ ပိုဖြစ်လာတယ်။ အခုဆိုရင် ကျမ ၂ ပတ် ၃ ပတ်လောက်ရှိပြီ။ လုံးဝကို အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး။ အဲ့လိုအနေအထားမျိုး ဖြစ်တယ်။ တခုခုဖြစ်လာလို့ရှိရင် အနေအထားတွေက မလွယ်ဘူးလေ။ အိမ်မှာ သီးသန့်နေဖို့ဆိုတာလည်း မလွယ်ဘူး။ ကလေးငယ်လည်း ရှိတယ်။
''ကျမ အစိုးရိမ်ဆုံးကတော့ - အခုလောလောဆယ် ဆေးရုံကို သွားနေရတာထက် မွေးတဲ့အချိန်ကျလို့ရှိရင်၊ ကျမက ဒီဇူလိုင်လ ၃၁ ရက်နေ့မှာ due date ပေးထားတယ်ဆိုတော့။ ပြီးလို့ရှိရင် သတင်းထဲမှာကလည်း ဒီနွေရာသီ တခုလုံးနီးပါးတောင်မှ ဒီရောဂါကြီးက ဖြစ်နေဦးမယ့် အနေအထားမျိုး ရှိနေတယ်ဆိုတော့ အဲ့ဒီအခြေအနေကိုတော့ တော်တော်လေး စိုးရိမ်တယ်။ ဆေးရုံကို တယောက်တည်းပဲ သွားရမလား။ မွေးခန်းထဲမှာ တယောက်တည်းပဲ သွားရမလား ဆိုတဲ့ အနေအထားတွေကို စိုးရိမ်တာပေါ့နော်။ ပြီးလို့ရှိရင် ဆေးရုံမှာရော အဲ့ဒီအချိန်ကျလို့ရှိရင် COVID-19 လူနာတွေနဲ့ ပြည့်ကျပ်နေပြီးတော့ ဘယ်လိုအနေအထားမျိုး ရှိမလဲ။ အဲ့ဒီလိုဟာတွေကို တော်တော်လေး စဉ်းစားပြီးတော့ စိုးရိမ်ပါတယ်။''

မေး။ ။ အခုအချိန်မှာ ဆေးခန်းတွေ၊ ဆရာဝန်တွေကရော ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးညွှန်ကြားချက် ပြောတာမျိုး သတိပေးတာမျိုးရော ရှိပါလား။

ဖြေ။ ။ '' သီးသန့်ညွှန်ကြားချက်တော့ မရှိဘူး။ လူတိုင်းကို ညွှန်ကြားသလိုပဲပေါ့နော်။ လက်ကိုပုံမှန်ဆေးဖို့၊ ပြီးရင် လူတွေနဲ့ ၆ ပေအကွာမှာနေဖို့၊ ဖြစ်နိုင်ရင် အိမ်ပြင်မထွက်ဖို့။ အဲ့ဒီလို လူတိုင်းကိုပြောနေတဲ့ Guideline အတိုင်းပဲ ပြောပါတယ်။ တခြား ထွေထွေထူးထူးတော့ မပြောဘူး။ ကျမသွားတဲ့ ဆေးခန်းကပေါ့။ ''

မေး။ ။ အခု အလုပ်ကရော အိမ်ကနေ လုပ်နေတာပေါ့။

ဖြေ။ ။ '' ဟုတ်တယ်။ အခုဆိုလို့ရှိရင် သုံးပတ်လောက်ရှိပြီ။ အလုပ်ရှင်က အိမ်ကနေလုပ်ဖို့ ဦးစားပေးစာရင်းထဲမှာ ထည့်လိုက်တယ်။ ကိုယ်ဝန်ရှိနေတဲ့အတွက်။ ခုကတော့ အိမ်ကနေ အလုပ်လုပ်တယ်။''
မေး။ ။ အခု အလုပ်ကလည်း အိမ်ကနေ လုပ်နေတယ်။ ကလေးငယ်လေးကလည်း ရှိနေတယ်။ ကိုယ်ဝန်ကလည်း ဆောင်ထားရတယ်ဆိုတော့ အခက်အခဲတွေရော ဘာတွေရှိနေလဲ။

ဖြေ။ ။ '' ကလေးကတော့ သူက တနှစ်နဲ့ ကိုးလဆိုတော့ လူကြီးဘာပဲလုပ်လုပ် သူက အမြဲ ရောချင်တယ်ဆိုတော့ တော်တော်လေးခက်ခဲပါတယ်။ အရင်တုန်းကတော့ အိမ်မှာလုပ်ရမယ်ဆိုရင် ပိုပြီးတော့လွယ်မယ်ထင်တာ။ အခုကတော့ မဟုတ်ဘူး။ တခါတလေ ကိုယ် လုပ်လက်စတခု တန်းလန်းနဲ့ ကလေးကို သိပ်လိုက်ရတာမျိုးတွေပေါ့။ ''

မေး။ ။ အခုအချိန်မှာ ဆေးရုံတွေမှာ ကလေးမွေးလို့ရှိရင် အန္တရာယ်ဖြစ်မှာစိုးလို့၊ ဒီရောဂါ ကူးစက်ခံရမှာ စိုးရိမ်ပြီးတော့ အခုချိန်မှာ တချို့ကိုယ်ဝန်ဆောင် မိခင်တွေက အိမ်မှာပဲမွေးဖို့ လုပ်ကြသူတွေလည်း ရှိတယ်။ အဲ့ဒီလိုရော စဉ်းစားဖြစ်ပါလား။

ဖြေ။ ။ '' အဲ့ဒါမျိုး ကျမ မစဉ်းစားဖြစ်ဘူး။ ကျန်းမာရေး အာမခံကလည်း အိမ်မှာတွေးတဲ့သူတွေကို မပေးဘူးလို့တော့ ကြားရတယ်။ ကျမ ကိုယ်တိုင်တော့ ကျန်းမာရေးအာမခံ ကုမ္ပဏီကိုတော့ ဆက် မမေးဖြစ်သေးဘူး။ ဒါပေမဲ့ တဆင့်စကားပေါ့နော်။ အိမ်မှာမွေးတဲ့သူတွေကို ကျန်းမာရေး အာမခံ မပေးတာက တခု။ ပြီးလို့ရှိရင် မွေးတဲ့အတောအတွင်း အိမ်မှာ တခုခု အဆင်မပြေလို့ရှိရင် ဆေးရုံမှာလို တစုံလုံး မရှိဘူးလေ။ အဲ့ဒီလိုဟာတွေ စိတ်ပူတယ်။ အိမ်မှာ မွေးဖို့ကျတော့။ ''

ဒါကတော့ လက်ရှိ ၆ လကျော် ကိုယ်ဝန်လွယ်ထားရပြီး လက်ရှိမှာလည်း သမီးငယ်တယောက်နဲ့ အိမ်ကနေ အလုပ်လုပ်နေတဲ့ မဇာနည်မော် ပြောပြသွားတာပါ။

ကြိုတင်ကာကွယ်နိုင်တဲ့ ဆေးမရှိသလို၊ ကုသဖို့ဆေးလည်း မရှိသေးတဲ့ ကိုရိုနာရောဂါဆိုးကြီးကြောင့် ခုချိန်မှာ လူကြီး လူငယ်၊ ကိုယ်ဝန်သည်၊ ခလေးမိခင် လူသားအားလုံးရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက် ခံလာနေရတာပါ။ ဒီလိုအချိန်မျိုးမှာမှ အသက်နှစ်ချောင်းစာအတွင် တပြိုင်တည်း စိုးရိမ်နေကြရတဲ့ ကိုယ်ဝန်သည်တွေအနေနဲ့ ကိုယ်တိုင် ရောဂါကူးစက်မခံရအောင် ဂရုစိုက်ရတဲ့ တချိန်တည်းမှာ ကိုယ့်ရဲ့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မပြတ်ခံယူနိုင်ဖို့၊ ကလေးငယ်ကို မကူးစက်စေဖို့ ဆိုတာတွေကလည်း သိပ်ကို အရေးကြီးနေတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာ တိုင်ပင် ဆွေးနွေးပြီး တတ်နိုင်သမ ျှ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ကြဖို့ ဆုတောင်းရင်းပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေး ပါ။

တိုက်ရိုက် လင့်ခ်


--------------------------------------------

[Unicode Version]


















XS
SM
MD
LG