သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကူးစက်မှုမြင့် Daegu မြို့ရောက် မြန်မာနိုင်ငံသူရဲ့ အတွေ့အကြုံ


(Zawgyi/Unicode)

တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယအများဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံဒေဂူမြို့မှာ ကူးစက်သူအရေအတွက် တရက်ထက်တရက်ပိုများလာနေပြီး၊ ဒီထက်ဆိုးလာရင်တော့ မြို့ကို အဝင်အထွက် ပိတ်လိုက်နိုင်ချေရှိတယ်လို့ ဒေဂူမြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသူတဦးကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဒေဂူမြို့မှာ ရောဂါကူးစက်သူ ၂ ထောင်လောက်ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်သူအများဆုံးမြို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၃ ထောင်လောက်ရှိနေတဲ့ ဒေဂူမြို့ရဲ့ နောက်ဆုံးအခြေအနေ နဲ့ အဲဒီမြို့မှာ နေထိုင်နေတဲ့ မလှယမင်းအိမ်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စပြောပါတယ်။

မလှယမင်းအိမ်။ ။ တောင်ကိုရီးယားမှာ လက်ရှိကူးစက်ရောဂါဖြစ်နေသူတွေက ၂၃၃၇ ယောက်မှာ ညီမတို့ Daegu မှာတင် ၁၉၈၈ ယောက် ဖြစ်နေတာပေါ့နော်။ ပြီးသွားတော့ ပိုဆိုးတာက တရက်ကို ၁၀၀ ကျော်၊ ၂၀၀ ကျော်ကနေ အခု တိုးတိုးလာတာ တရက်တရက်ကို ၂၀၀ ၊ ၃၀၀ ကျော်လောက်ဖြစ်နေတယ်။ အခုလည်း သေဆုံးသူတွေက တဖြေးဖြေးများလာတယ်။ အစိုးရကလည်း coronaဥပဒေ ထုတ်လိုက်ပြီဆိုတော့လိုအပ်ရင် လိုအပ်သလို shut down လည်း လုပ်ချင်လုပ်မယ်ဆိုတဲ့ ဥပဒေမှာ ထည့်သွင်းပြောထားတာဆိုတော့ နောက်ဒီထက်အခြေအနေ ပိုဆိုးလာပြီဆိုရင်Daegu မြို့ကို ဝူဟန်လိုပဲ shut down လုပ်ချနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

တောင်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သတိပေးချက် အမြင့်ဆုံးတင်ထားတဲ့သတင်းကို နားဆင်နိုင်ပါပြီ။

မေး။ ။ အဲဒီတော့ မြို့အနေအထားရော ဘယ်လိုမျိုး ဖြစ်သွားသလဲ။

မလှယမင်းအိမ်။ ။ မြို့အနေအထားကတော့ Daegu ဆိုတာ ကိုရီးယားမှာ တတိယအကြီးဆုံး မြို့လို့ ပြောလို့ရတာပေါ့။ အခုလောလောဆယ်အခြေအနေကတော့ ဆောင်းအကုန် နွေအကူး ဖြစ်နေတော့ ရောဂါကူးစက်တဲ့လူတွေလည်း အရမ်းများတယ်။ အခုလမ်းမပေါ်မှာ ထွက်ကြည့် အရင်တုန်းက လူစည်ကားပါတယ်ဆိုတဲ့ နေရာတွေ မြို့တွေမှာတောင်မှ လူလုံး၀ မရှိတော့ဘူး အရမ်းရှင်းလင်းသွားပြီ ။ လမ်းမပေါ်မှာဆိုရင် ကားနဲ့ အခုက လူတွေအိမ်ထဲကနေ အိမ်အပြင် မထွက်ပဲနဲ့ delivery နဲ့ပဲ မှာစားတော့ delivery ပို့တဲ့ ဆိုင်ကယ်တွေ အဲဒါပဲ ရှိတော့တယ်။ နောက်ပြီးတော့ mask တွေလည်း အရှေ့ရက်ပိုင်းမှာ ပြတ်သွားတယ် mask လုံး၀ ဝယ်လို့မရဘူး။ ဒါပေမယ့် အခုအလှူရှင်တွေရော အစိုးရရဲ့ စီမံညွှန်ကြားမှုကြောင့် စာတိုက်တွေမှာ Mask တွေကို ရောင်းပေးတယ်ပေါ့နော်။ ရောင်းတာကလည်း သူက တယောက်ကို ဘယ်လောက်ဆိုပြီး ကန့်သတ်တဲ့ နှုန်းနဲ့ ရောင်းပေးနေတယ်။ ဆိုင်တွေမှာလည်း စားသောက်တဲ့သူ မရှိဘူးတော့ သူတို့ ဖွင့်ထားလည်း သူတို့အတွက် အကျိုးအမြတ်မရဘူးဆိုတော့ စားသောက်ဆိုင်တွေ အကုန်လုံးနီးပါးလည်း အကုန်ပိတ်ဖို့ အလားအလာရှိတာပေါ့နော်။ စားသောက်ကုန်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ကိုယ့်ဟာကိုယ် ဆန်တွေဆီတွေဆားတွေ ဝယ်ထား ပြီးတော့ အဲလို စောင့်ကြည့်တာက လွဲရင် ကိုယ့်ဘက်က လုပ်နိုင်တာ လောလောဆည်မရှိဘူးပေါ့။

မေး။ ။ ဒီအပေါ်မှာ လူတွေရဲ့ တုံ့ပြန်မှုတွေကရော ဘယ်လိုရှိသလဲ။ လူတွေအရမ်း စိုးရိမ်နေကြလား။

မလှယမင်းအိမ်။ ။ ကိုရီးယားတွေကတော့ အရင်ကတည်းက Sensitive တွေဆိုတော့ အရမ်းစိုးရိမ်တယ်။ တချို့ ကိုရီးယားတွေက အရမ်းဒေါသထွက်တယ်။ဘာဖြစ်လို့လဲဆိုတော့ ညီမတို့ Daegu ဒီလိုဖြစ်သွားတာ Shincheonji ဘုရားကျောင်းကနေ စတာဆိုတော့ Shincheonji ဘုရားကျောင်းတွေကို ဖျက်သိမ်းဖို့တွေ Shincheonji ဘုရားကျောင်းခေါင်းဆောင်တွေကို ဥပဒေအရ အရေးယူပေးဖို့ တွေအထိ လုပ်နေကြတာဆိုတော့ ကိုရီးယားတွေကတော့ တော်တော်ကြီးကို သူူတို့နိုင်ငံ သူတို့ မြို့တွေဆိုတော့ သူတို့ကတော့ ဒေါသထွက်နေတယ်။

မေး။ ။ တောင်ကိုရီးယားအစိုးရကရော ဘယ်လောက်အထိအလေးအနက်ထားပြီးတော့ ဒီကိစ္စကို ဆောင်ရွက်နေတယ်လို့ မြင်မိလဲ။

မလှယမင်းအိမ်။ ။ တောင်ကိုရီးယားအစိုးရကတော့ တော်တော်ကြီး အားစိုက်ထုတ်ပြီးတော့ လုပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလေ ဒီလို ကူးစက်လူနာ သွားတယ်ဆိုတဲ့ နေရာလေးတွေ နည်းနည်း သတင်းထွက်ပြီဆိုတာနဲ့ ချက်ချင်း ပိုးသတ်ဆေးတွေလာဖြန်းတယ်၊ ချက်ချင်း ပိတ်သင့်ရင်လည်း ပိတ်တယ်။ အဲလိုမျိုးပေါ့နော် ပြတ်ပြတ်သားသားနဲ့ကို သေချာအလေးအနက်ထားပြီး တောင်ကိုရီးယားအစိုးရကလုပ်နေပါတယ်။ အခုဆိုရင် ညီမတို့ စားနပ်ရိက္ခာမပြတ်သေးဘူးပေါ့နော်။ ဆိုင်တွေကလည်း အခုအချိန်အထိ ဖွင့်နေသေးတယ်၊ စားနပ်ရိက္ခာလည်း မပြတ်သေးဘူး။ shut down တကယ်လို့ လုပ်လိုက်တယ်ဆိုရင် ညီမတို့ စားဖို့သောက်ဖို့ အဲလောက်အထိ မပူရဘူးလို့ ထင်တယ်။

မေး။ ။ မြန်မာတွေထဲမှာရော ရောဂါကူးစက်တယ်ဆိုတဲ့ သတင်းမျိုး ကြားမိလား။

မလှယမင်းအိမ်။ ။ အခုအချိန်အထိတော့ တကယ်ကို မကြားမိသေးတာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားသားထဲမှာ ကူးတဲ့လူ မရှိသေးဘူး အဓိက ဖြစ်နေတာက သူတို့ ကိုရီးယားတွေပဲ ဖြစ်နေတာဆိုတော့လေ။

မေး။ ။ မလှယမင်းအိမ် တို့ရော ဘယ်လိုမျိုး စားသောက်နေထိုက်ကြသလဲ။

မလှယမင်းအိမ်။ ။ ညီမဆိုရင် ၃ ပတ်ရှိပြီ အိမ်ထဲကနေ အိမ်အပြင်မထွက်တာ ။ ညီမ သတင်းအဲလိုမျိုးကြားကတည်းက ဆန်တွေ၊ ဆီတွေ ၊ အသား ၊ အသီး အကုန်လုံး ဝယ်ပြီး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တလစာလောက် အကုန်လုံး ဝယ်ဖြည့်ပြီး ၃ ပတ်လောက်ရှိပြီ ညီမ အပြင်မထွက်ဘူး။ ဒါပေမယ့် အခုအချိန်အထိ ကြားရတဲ့သတင်းတွေက အပြင်မှာ ဈေးဆိုင်တွေ ဖွင့်နေတုန်း၊ ညီမသူငယ်ချင်းတွေကလည်း သွားပြီးတော့ ပစ္စည်းတွေ ဝယ်ယူနေတုန်းဆိုတော့ အခုအချိန်အထိတော့ အုတ်အော်သောင်းတင်း မရှိသေးပါဘူး ပုံမှန်အတိုင်း လည်ပတ်နေတုန်းပါပဲ။

မေး။ ။ ဒီရောဂါကလည်း Daegu မြို့မှာ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတော့ မြန်မာတွေထဲမှာရော တောင်ကိုရီးယားကနေ ပြန်ဖို့ စဉ်းစားထားတာမျိုး ရှိလား။

မလှယမင်းအိမ်။ ။ မြန်မာတော်တော်များများက အခုအချိန်မတော ဇဝေဇဝါတွေ ဖြစ်နေတာပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန် ပြန်ချင်တဲ့လူတွေလည်း များတယ်။ ပြန်တဲ့အခါ အဲလိုမျိုး ပြန်လိုက်ပြီ ဆိုရင် မြန်မာနိုင်ငံ ရောက်ရင် ဘယ်လိုဖြစ်မလဲ။ သူတို့မှာ တကယ် ရောဂါ ကူးစက်ခံသွားရတယ်ဆိုရင် သူတို့ မိသားစု၊ ပတ်ဝန်းကျင်မှာ ကူးစက်ခံ ရမယ်ပေါ့နော် အဲဒါကိုတွေးပြီးတော့ ပြန်တဲ့လူလည်းရှိသလို ဒီ Daegu မြို့မှာ အခြေအနေတွေ အရမ်းဆိုးလို့ မဖြစ်ခင်မှာ ငါတို့တော့ ကူးစက်မခံရသေးဘူး မြန်မာပြည်ပြန်မယ်ဆိုတဲ့လူတွေလည်း ရှိတာပေါနော်။ ၂ မျိုး၂စားတော့ ဖြစ်နေတာပေါ့နော်။

မေး။ ။ သံရုံးဘက်ကရော ဘာတွေ အကူအညီတွေ ပေးနေပါသလဲ

မလှယမင်းအိမ်။ ။ မြန်မာသံရုံးဘက်က အကူအညီ ပေးစရာမလိုအောင်ကို တောင်ကိုရီးယားအစိုးရဘက်ကနေ အကုန်လုံး စီစဉ်ပေးထားတာပဲဆိုတော့ မြန်မာသံရုံးဘက်က သူတို့အခု စီစဉ်ပေးတာက Passport သက်တမ်း တိုးတာတွေ၊ သက်တမ်းကုန်တဲ့လူတွေအတွက် ဒီလို သံရုံးကို လာစရာမလိုပဲ စာတိုက်ကနေ တဆင့် ပေးပို့နိုင်တယ်ဆိုတဲ့ အကြောင်းပေါ့နော် အဲလောက်ပါပဲ ။ ကြီးကြီးမားမား ပြဿနာလည်း မရှိသေးဘူးဆိုတော့။

ဒေဂူမြို့ရဲ့ နောက်ဆုံးအခြေအနေ နဲ့ အဲဒီမြို့မှာ နေထိုင်နေတဲ့ မလှယမင်းအိမ်ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်


....................


(Unicode)



















XS
SM
MD
LG