သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ ကိုရီးယားရောက် မြန်မာတွေ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် စိုးရိမ်


ဆိုးလ်မြို့ မြေအောက်ရထားဘူတာရုံတခုတွင် ပိုးသတ်ဆေး ဖျန်းနေသည့် ဝန်ထမ်းတဦး။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀)
ဆိုးလ်မြို့ မြေအောက်ရထားဘူတာရုံတခုတွင် ပိုးသတ်ဆေး ဖျန်းနေသည့် ဝန်ထမ်းတဦး။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးဆုံးခံနေရတဲ့ အာရှနိုင်ငံထဲက ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာတော့ ကူးစက်မှုအသစ်တွေ တိုးလာနေတဲ့အတွက် သတိထားကြဖို့ အာဏာပိုင်တွေ နှိုးဆော်နေပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကြောင့် အဲဒီနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကြားမှာလည်း စိုးရိမ်မှုတွေ၊ အခက်အခဲတွေ ကြုံနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုဟာ အခုဆိုရင် အာရှနိုင်ငံထဲက ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ အဆိုးဆုံးအခြေအနေထိ ရောက်လာပါတယ်။ လက်ရှိအချိန်ထိ လူ ၂ ဦး သေဆုံးခဲ့ရပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူပေါင်း ၄၃၃ ယောက် ရှိနေပြီလို့ တောင်ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်တားဆီးရေးဌာန KCDC က ကြေညာထားတာပါ။ စနေနေ့မှာ ကူးစက်မှု ၈ ဆအထိ ရုတ်တရက် တိုးခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံမှာတော့ သတိထားနေထိုင်ကြဖို့ ဝန်ကြီးချုပ် Chung Sye-Kyun ကိုယ်တိုင် တိုက်တွန်းခဲ့တဲ့အထိ ဖြစ်ပါတယ်။

“ကျနော့်အနေနဲ့ အထူးပန်ကြားလိုတာ ရှိပါတယ်။ အဆောက်အဦထဲမှာပဲဖြစ်ဖြစ်၊ အပြင်ဘက်မှာပဲဖြစ်ဖြစ် ကျင်းပတဲ့ ဘာသာရေးအခမ်းအနားမျိုးလို လူတွေများတဲ့ ပွဲလမ်းတွေကို ကျေးဇူးပြုပြီး ရှောင်ကြပါ။ အွန်လိုင်းမှာဆုံသလိုမျိုး အခြားနည်းလမ်းတွေရှာပြီး လုပ်ကြပါ။”

covid 19
covid 19

တောင်ကိုရီးယားနိုင်ငံ Daegu မြို့ ခရစ်ယာန်ဘုရားကျောင်း တခုကနေ စတင်ပြန့်လာတဲ့ Covid-19 ဗိုင်းရပ်စ်ဟာ အခုဆိုရင် မြန်မာလူမျိုးတွေ အနေများတဲ့ ဖူဖျောင်းမြို့အထိ ရောက်လာတာကြောင့် မြန်မာအသိုင်းဝိုင်းကြားမှာ စိုးရိမ်မှု တိုးလာနေကြောင်း ဖူချွန်းမြို့မှာနေတဲ့ NLD ပါတီ ကိုရီးယားဌာနခွဲ စည်းရုံးရေးတာဝန်ခံ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ကူးစက်မှုတွေက ဖြစ်နေပြီပေါ့ဗျာ၊ အဲဒီအတွက်ကြောင့်မို့လို့ ဒယ်ဂူးမြို့ကို ကိုရီးယားအစိုးရကနေပြီးတော့ အရေးပေါ်အခြေအနေ ကြေညာထားပြီးတော့ စောင့်ကြည့်နေတဲ့ အချိန်ကာလအတွင်းမှာပဲ ကျနော်တို့ ဒီ အင်ချွန်းနဲ့နီးစပ်တဲ့ ဖူဖျောင်းဆိုတဲ့ နေရာလည်း စတင်တွေ့ရှိနေရတဲ့ အခြေအနေနဲ့ စစ်ဆေးမှုတွေကို အစိုးရက ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့ အချိန်ကာလ ဖြစ်တယ်ပေါ့ဗျာ။ ဒီစိုးရိမ်ထိတ်လန့်မှုတွေကတော့ ဖြစ်ကြတာပေါ့ဗျာ။ ဥပမာ ဒီ ဖူဖျောင်းဆိုလို့ရှိရင် ကျနော်တို့ Myanmar Town မြန်မာမြို့လို့တောင်မှ တင်စားခေါ်ဝေါ်လို့ ရတဲ့နေရာပေါ့။ ဒီ မြန်မာမြို့ဆိုလို့ရှိရင် ဒီသတင်းထွက်လာတဲ့ အချိန်ကစပြီးတော့ ခြောက်ခြောက်ကပ်ကပ်ပဲ ရှိတယ်ဆိုတဲ့ အဲလိုအခြေအနေမျိုး ဖြစ်သွားတယ်။ အဲဒီတော့ အလုပ်အကိုင် အခြေအနေနဲ့ ပတ်သက်လို့ကတော့ အလုပ်တွေက ဖွင့်မြဲ ဖွင့်ဆဲပဲ၊ အလုပ်ပိတ်တယ် ဘာညာတော့ မရှိသေးဘူးပေါ့ဗျာ။ ဖူဖျောင်းဧရိယာမှာ ရှိတဲ့လူတွေ အကုန်လုံး ဒေသန္တရ ကျန်းမာရေးဌာနကနေပြီးတော့ ကိုယ်တိုင်လာရောက် ဆေးစစ်ဖို့အတွက် အစိုးရနဲ့ ပူးပေါင်းကူညီဖို့အတွက် အဲလို ဖိတ်ခေါ်ထားတာ ရှိပါတယ်။”

တောင်ကိုရီးယားနိုင်ငံက ဆမ်ဆောင်း မိုဘိုင်းဖုန်းထုတ်တဲ့ စက်ရုံအလုပ်သမား တဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြောင့် အဲဒီစက်ရုံကို ယာယီ ပိတ်ထားလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့အိမ်နီးချင်း ဂျပန်နိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုက တိုကျိုမြို့ထိ ရောက်လာပြီး ရောဂါကူးစက်ခံရသူပေါင်း ၇၇၀ အထိ ရှိလာတာကြောင့် ဂျပန်ရောက် မြန်မာအသိုင်းဝိုင်းကြားမှာ စိုးရိမ်မှု တိုးလာနေပေမယ့် အလုပ်ကိုတော့ နှာခေါင်းစည်းတပ်ပြီး မသွားမဖြစ် သွားနေရတယ်လို့ တိုကျိုမြို့နေ ဦးသန်းထွဋ်က ပြောပါတယ်။

“လက်ရှိကတော့ တိုကျိုမှာ ၂၉ ယောက် ကူးစက်ခံထားရတယ်ပေါ့နော်။ စိုးရိမ်မှုကတော့ လူတိုင်းမှာ ရှိတယ်ပေါ့နော်။ အားလုံးက အလုပ်မသွားရင်လည်း မရတဲ့လူတွေ သွားနေကြရတယ်။ အဲလိုလုပ်မှပဲ ရပ်တည်လို့ရတဲ့နိုင်ငံ ဖြစ်တော့လေ။ ဆိုတော့ မနက်ပိုင်း အစောဆုံးသွားတဲ့လူတွေက ပိုဂရုစိုက်ကြရတာပေါ့နော်။ Rush hour က ရထားအရမ်းကြပ်တဲ့ အခါကျတော့လေ၊ Mask တပ်ပြီးတော့ သွားကြတယ်ပေါ့နော် အတတ်နိုင်ဆုံး။ လောလောဆယ်တော့ နှာခေါင်းစည်း mask တွေက ပြတ်နေပါတယ်။ မနက်စောစော ဆိုင်ဖွင့်တဲ့အချိန် သွားဝယ်နိုင်ရင်တော့ ခွဲတမ်းနဲ့ရောင်းတဲ့ဟာ ရပါတယ်။”

ဂျပန်က ကူးစက်ခံရသူ ၇၇၀ မှာ ၆၃၄ ဦးက ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားခဲ့တဲ့ ဇိမ်ခံသင်္ဘောပေါ်က ဖြစ်ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်အန္တရာယ် စိုးရိမ်တာကြောင့် ၂၀၂၀ နွေရာသီမှာကျင်းပမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲမှာ လုပ်အားပေးမယ့်သူတွေကို လေ့ကျင့်သင်ကြားပေးရမယ့် သင်တန်းတွေကိုတောင် ရွှေ့ဆိုင်းထားလိုက်ပါတယ်။

-------------------------------

(Unicode)











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG