သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကင်း အထောက်အထားတုနဲ့ ယာဉ်မောင်းတချို့ တေ့ွရှိ


အောက်တိုဘာလ ၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို COVID -19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးပြီး ကိုဗစ်ကင်းရှင်းကြောင်း ထုတ်ပေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၀၆၊ ၂၀၂၀)
အောက်တိုဘာလ ၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို COVID -19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးပြီး ကိုဗစ်ကင်းရှင်းကြောင်း ထုတ်ပေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရောဂါပိုးကင်းရှင်းကြောင်း အထောက်အထား စာရွက်စာတမ်းအတု ကိုင်ဆောင်သူ ယာဉ်မောင်းတချို့ကို နေပြည်တော်မှာ တွေ့ရှိခဲ့တာကြောင့် သွားလာဝင်ထွက်မှုတွေ တင်းကြပ်လိုက်တဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကြုံနေရချိန်မှာ ကုန်စည်စီးဆင်းမှုတွေ မထိခိုက်အောင် ကုန်တင်ယာဉ်မောင်းသမားတွေကို ကိုဗစ်ရောဂါပိုး စစ်ဆေးပြီး သွားလာခွင့်ပြုထားပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်တုန်းကပဲ ယာဉ်မောင်းတချို့က ရောဂါပိုး ကင်းရှင်းကြောင်း စာရွက်စာတမ်း အတုတွေ ကိုင်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“ထောက်ခံစာတွေ ကျနော်တို့ သေချာစိစစ်တဲ့ အခါကျတော့ တချို့ဟာလေးတွေက အစစ်မဟုတ်ဘူး၊ အတုဖြစ်နေတာပေါ့လေ။ ကျနော်က ထုတ်ပေးတဲ့ ဌာနကို လှမ်းတဲ့အခါကျတော့ ထုတ်ပေးတဲ့ဌာနက သူတို့ဆီမှာ မှတ်ပုံတင်ထားခြင်း မရှိပါဘူးဆိုတော့ ကျနော်တို့က အဲ့ဒီလို ဖမ်းမိတာမျိုး ရှိပါတယ်။ အဲ့ဒါဆိုရင် ကျနော်တို့ အရေးယူဆောင်ရွက်နေပါတယ်ဗျ။ ကျနော် မှတ်မိသလောက် တပ်ကုန်းဘက်မှာ နှစ်ဦး၊ ဒက္ခိဏဘက်မှာ လေးဦးပါခင်ဗျ။ လောလောဆယ်မှာ နေပြည်တော် quarantine မှာ ထည့်ထားပြီးတော့ ပြီးရင် ကျနော်တို့ သက်ဆိုင်ရာဌာနများကို လွှဲပြီးတော့ ဥပဒေကြောင်းအရ အရေးယူပါမှာပါ ခင်ဗျာ။”

အစိုးရရုံးစိုက်ရာ နေပြည်တော် နယ်မြေမှာ ရောဂါပိုးကင်းရှင်းကြောင်း အထောက်အထားနဲ့ လာရောက်သူတွေအပြင်၊ တရားဝင် အသိပေး အကြောင်းမကြားဘဲ ဝင်ရောက်လာသူတွေလည်း ရှိနေတာကြောင့် အခုအခါ ဝင်ထွက်သွားလာမှုတွေကို ပိုမိုစောင့်ကြည့် စစ်ဆေးနေတယ်လို့လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“စက်တင်ဘာ ၁ ရက်နေ့ကတည်းက ကြေညာချက်ထုတ်ထားပါတယ်။ နေပြည်တော်ထဲမှာ ဝင်မယ်ဆိုရင် ဆေးတစ်ချိန်စစ်ရမယ်။ ကျနော်တို့ဆီမှာ စစ်ပါတယ်။ အနည်းဆုံးတစ်ချိန်စစ်ရမယ်၊ stay home ဝင်ရင် နှစ်ကြိမ်စစ်ရမယ်။ သတ်မှတ်တဲ့ ကာလ quarantine ဆောင်ရွက်ရမယ်၊ အဲ့ဒါကို တချို့တွေကလည်း ဒါကို သဘောမတွေ့ဘဲ ကိုယ့်နည်းကိုယ့်ဟာနဲ့ ဝင်လာတာလေး ရှိတယ်ပေါ့လေ။ ကျနော်တို့က အဲ့ဒါကို ခေါ်ပြီး quarantine ဆောင်ရွက်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း ၃၅၀ လောက်လုပ်ပါတယ်။ အခုဒီလဆိုရင် ၆၀၀ လောက်ရှိပါတယ်။ အဲ့ဒီလိုပေါ့ ခိုးဝင်လာတယ်။ ကျနော်တို့ စစ်လိုက်တဲ့အခါမှာ ပို့တွေ့တယ်။ သူရော၊ သူ့မိသားစုရော အန္တရာယ်ရှိတာပေါ့။ အဲ့ဒီလို case ရှိတဲ့အတွက် ကျနော်တို့ကတော့ ဂိတ်တွေကိုတော့ ဆက်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။”

မကြာသေးခင် လတွေအတွင်း ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့တဲ့ ယာဉ်မောင်း ၂,၀၀၀ ကျော် ရှိခဲ့ပြီး ဒီအထဲက ၂၅ ယောက်လောက်ဟာလည်း ရောဂါကူးစက်နေကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကပ်ရောဂါကာလမှာ ရောဂါပိုး ကူးစက်ခံရသူ ကုန်တင်ယာဉ်ကားသမား ၇၀ လောက် ရှိနေတယ်လို့လည်း မြန်မာနိုင်ငံ ကုန်သေတ္တာတင်မော်တော်ယာဉ်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောပါတယ်။

“ကုန်သေတ္တာမှာတော့ အဲဒီလိုပေ့ါ... ကိုဗစ်ဖြစ်တယ်ဆိုတာကတော့ အသေအပျောက်တော့ လုံးဝမရှိဘူး။ ၆၀၊ ၇၀ လောက်တော့ ဝင်ရတာရှိတာပေါ့နော်။ ရန်ကုန်မှာ စစ်ပြီးတော့ quarantine ဝင်ရတာ ရှိတယ်ပေါ့နော်။ စစ်လို့ positive ဖြစ်သွားလို့ quarantine ဝင်ရတယ်လေ။ ကိုယ့်အသင်းအဖွဲ့ကလည်း တတ်နိုင်သလောက်ပေါ့နော်... တစ်ယောက်ကို ၁၀၀,၀၀၀ လောက်တော့ ပံ့ပိုးပေးတာပေါ့။ သူ့မိသားစုဘာညာအတွက်ပေါ့။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရချိန်မှာပဲ ကုန်စည်စီးဆင်းမှုတွေမှာ မထိခိုက်အောင် ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ဖို့လည်း ခွင့်ပြုထားတာပါ။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာမှာ သက်ဆိုင်ရာ ဒေသအလိုက် သတ်မှတ်ချက်တွေ မတူတာကြောင့် အခက်အခဲတွေလည်း ကြုံနေရတယ်လို့ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကြည်သိန်းက ပြောပါတယ်။

“တစ်တိုင်းနဲ့ တစ်တိုင်း၊ တစ်ပြည်နဲ့ တစ်ပြည်နယ် မတူညီတာတွေ ရှိတယ်။ မတူညီတာတွေရှိတဲ့ အခါမှာ ကျနော်တို့တွက် challenge တွေ နည်းနည်းရှိတယ်။ SOP တွေက တိုင်းနဲ့ တစ်တိုင်း ဆင်တူလေးဖြစ်စေချင်တယ်။ ၇၂ နာရီဆိုတာမျိုးကတော့ မဖြစ်သင့်တော့ဘူးပေါ့နော်။ ရှေ့လျှောက်ဆိုရင် ကျနော်တို့ ကုန်စည်ပို့ဆောင်ရေး အားကောင်းလာတဲ့ဟာဖြစ်စေချင်တယ်။ ဒီအပေါ်မှာ ကားတွေ များလာမယ်။ အခုဆိုရင် အမြန်လမ်းအသုံးပြုခွင့် မရတော့ဘူး၊ ဒီနေ့နောက်ဆုံးပေါ့။ အဲ့ဒီတော့ လမ်းဟောင်းမှာ ကားတွေ ပိုများလာမယ်။ ကျန်းမာရေးစစ်ဆေးချက်ကို အခါတိုင်းထက်ပိုပြီးတော့ နေရာတွေ ပိုပြီးတိုးပြီးတော့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ရှိတဲ့ ကျန်းမာရေးစစ်ဆေးတဲ့ center တွေ ပိုပြီး တိုးစေချင်တယ်။”

အောက်တိုဘာ ၆ ရက်နေ့ကစ ကုန်တင်ယာဉ်တွေကို ယာယီဖြတ်သန်းခွင့်ပြုထားတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကိုလည်း မနက်ဖြန် အင်္ဂါနေ့ကစ ခွင့်ပြုတော့မှာ မဟုတ်ကြောင်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ ကုန်တင်ယာဉ်တွေအနေနဲ့ အမြန်လမ်းဟောင်းကသာ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ကြောင်းလည်း အမြန်လမ်းကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG