သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ထိန်းချုပ်ရေး ဒေသအသီးသီးမှာ ကန့်သတ်ချက်တွေချမှတ်


နှာခေါင်းစည်းတပ်ထားပြီး စက်ဘီးစီးသူတချို့ကို မန္တလေးမြို့မှာတွေ့ရ။ (ဧပြီ ၀၇၊ ၂၀၂၀)
နှာခေါင်းစည်းတပ်ထားပြီး စက်ဘီးစီးသူတချို့ကို မန္တလေးမြို့မှာတွေ့ရ။ (ဧပြီ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတဲ့အတွက် နေပြည်တော်နဲ့ ရန်ကုန်အပါအဝင် နေရာတော်တော်များများမှာ ခရီးသွားလာမှုတွေကို ပိုမိုတင်းကြပ်လာနေပြီး စောင့်ကြည့်တဲ့ အစီအစဉ်တွေကိုလည်း တိုးမြှင့်ထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ အစိုးရဝန်ထမ်းတွေ ခွင့်ပြုချက်နဲ့ ခရီးသွားပြီး နေပြည်တော်ကို ပြန်လာတဲ့အခါ မဖြစ်မနေ သီတင်းတပတ်ကြာ Quarantine စောင့်ကြည့်စစ်ဆေးခံဖို့ ဒီနောက်မှာလည်း ပိုးရှိမရှိ စစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ နေပြည်တော်ကနေ တခြားကို ခရီးသွားသူတွေ၊ ဒါမှမဟုတ် နေပြည်တော်ကို လာတဲ့သူတွေ အနေနဲ့လည်း သီတင်း ၂ ပတ် စောင့်ကြည့်စစ်ဆေးခံဖို့ ညွှန်ကြားထားပြီး ရောဂါပိုး ရှိ၊ မရှိ ဆိုတာကိုတော့ ကိုယ့်စရိတ်နဲ့ ကိုယ်ကျခံရမှာဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“ရက်ပိုင်းအတွင်းမှာပေါ့လေ၊ နေပြည်တော်မှာလည်း COVID -19 positive case လေးတွေ ထွက်တာလည်းရှိတယ်လေ၊ ဒါကြောင့်မို့လို့ ပိုပြီးတော့ ရောဂါနှိမ်နင်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်ဆောင်ရွက်ပါတယ်။ အဲ့လိုဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေအနေနဲ့ နေပြည်တော်ဝင်လာရောက်လို့ရှိရင် ဆေးစစ်ပြီးတော့ COVID -19 Free ဖြစ်မှ ဝင်ရောက်ခွင့်ပြုဖို့ ကန့်သတ်ချက်ကလေးတွေ ဒီနေ့ကစပြီး ဆောင်ရွက်ပါတယ်။ နောက်တစ်ခုကတော့ နေပြည်တော်မှာ ရှိတဲ့လေးတွေ အဲ့ဒါတွေကိုလည်း ကျနော်တို့ ရှောင်တခွင်စစ်ဆေးပြီးတော့ ဒီရောဂါကူးစက်ပြန့်ပွားနိုင်တဲ့ အပြုအမူလေးတွေ ရှိလာရင် ကျနော်တို့က သတိပေးတာလေးတွေ ထိန်းချုပ်တာလေးတွေရှိပါတယ်။”

အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ရောဂါကူးစက်သူ အတည်ပြုလူနာတွေ တွေ့ရှိရပြီးနောက် ကန့်သတ်ချက်တွေ တိုးမြှင့်လာရာက အသွားအလာတွေလည်း နည်းပါးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်မင်္ဂလာအဝေးပြေး နယ်မြေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဝင်းကတော့ နေပြည်တော်နဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေမှာ ခရီးသွားတွေ မရှိသလောက် ဖြစ်သွားတယ်လို့ ပြောပါတယ်။

“ကန့်သတ်ချက်ကလေးတွေ နေပြည်တော်က ကန့်သတ်ချက်က တအားကို ထိထိရောက်ရောက်နဲ့ ပြောမယ်ဆိုရင် ပြင်းထန်တဲ့ သဘောတော့ရှိတယ်၊ အဲ့ဒါဆိုတော့ ယာဉ်လိုင်းနေပြည်တော်က လုံးဝရပ်ဆိုင်းကြတာပေါ့၊ သွားတာနဲ့ quarantine ဝင်ရမယ်ဆိုတော့ ကားတွေက မသွားကြတော့ဘူး။ တခြားမြို့နယ်တွေမှာတော့ ရှိတော့ ရှိတယ်၊ ဒါပေမဲ့လည်း နေပြည်တော်မပြင်းထန်တဲ့ အခါကျတော့ သွားလာနေတာတော့ ရှိကြတယ်။”

ရန်ကုန်တိုင်းမှာလည်း ပြည်တွင်းကူးစက်မှုများတဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ အင်းစိန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာလည်း တတ်နိုင်သလောက် အပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ အတည်ပြုလူနာ ၁၂ ယောက် ရှိခဲ့တဲ့ မွန်ပြည်နယ်မှာလည်း မော်လမြိုင်မြို့တွင်းက ရပ်ကွက် ၂ ခုမှာ နေထိုင်သူတွေ တတ်နိုင်သမျှ နေအိမ်မှာသာ နေဖို့လည်း အမိန့်ထုတ်ထားပါတယ်။ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင် နှာခေါင်းစည်းတပ်ကြဖို့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကိုလည်း ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ အိမ်သယ်တဲ့ စနစ်နဲ့ ရောင်းချဖို့ ပြည်နယ်အစိုးရက ညွှန်ကြားထားပါတယ်။ ရောဂါကူးစက်မှုတွေရှိတဲ့ ဒေသတွေကနေ မွန်ပြည်နယ်ကို လာရောက်သူတွေအနေနဲ့ သီတင်း ၂ ပတ်ကြာ မဖြစ်မနေ အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့နေရာမှာ နေထိုင်ရမယ်လို့လည်း မွန်ပြည်နယ် ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

“ပထမတော့ စစ်ဆေးရုံပဲ၊ အခု အမတို့က ရန်ကုန်က stay home သတ်မှတ်ထားတဲ့ မြို့နယ်ဆိုရင် ပေးမဝင်တော့ဘူးလေ၊ နောက် ရထားနဲ့ ရောက်လာတဲ့ သူတွေကတော့ quarantine ဝင်ရမယ်၊ ကားတော့ အဝင်ဝမှာကတည်းက အမတို့က စစ်လိုက်ပြီး ကားဂိတ်မှာကတည်းက အမတို့ ပေးမပြန်လှည့်ဘူးပေါ့နော်၊ Q ဝင်ခိုင်းတာပေါ့။”

ဒီနေ့မွန်းလွဲပိုင်းအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူ ၁,၀၅၈ ဦးကို အတည်ပြုထားပါတယ်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူကတော့ ၆ ဦးရှိပြီး ရောဂါသက်သာပြီး ပြန်နေကောင်းလာသူက ၃၅၉ ဦးရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG