သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ ကိုဗစ်ထိန်းချုပ်ရေးအခြေအနေ


ရခိုင်ပြည်နယ် စစ်တွေမြို့က COVID ကာလ မြင်ကွင်း။ (သြဂုတ် ၂၄၊ ၂၀၂၀)
ရခိုင်ပြည်နယ် စစ်တွေမြို့က COVID ကာလ မြင်ကွင်း။ (သြဂုတ် ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ မကြာသေးခင်ကစလို့ ကိုဗစ်ရောဂါ ကူးစက်သူတွေ တိုးလာနေသလို တခြားဒေသတွေအထိ ပျံ့နှံ့လာနေတာကြောင့် ကျန်းမာရေး ပညာရှင်တွေ ကြိုတင်ပြင်ဆင်နေကြသလို ကူးစက်မှုအန္တရာယ်အတွက် သတိထားဖို့လည်း တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးထားပါတယ်။

ဒီကနေ့မနက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းက ၄၁၄ ဦးရှိနေပါတယ်။ ရက်ပိုင်းအတွင်း အတည်ပြုလူနာတွေနဲ့ စောင့်ကြည့်စစ်ဆေးရမယ့်သူတွေ တိုးလာတာကြောင့် ယာယီစောင့်ကြည့် ကုသနိုင်မယ့် နေရာတွေ တိုးချဲ့ပြင်ဆင်ထားရတယ်လို့လည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

“ကိုဗစ်အတွက် ဆရာတို့က နေရာဖယ်ထားတယ်၊ ဖယ်ထားတာက ဘာလဲဆိုတော့ သီးသန့်ဆောင်တွေ ဆိုပြီးတော့ ပြင်တယ်။ မြို့နယ်အလိုက်ပြင်တဲ့ အချိန်မှာ ဆရာတို့က ကုတင်ဘယ်လောက်ထွက်လာလဲ ဆိုတော့ ၇၂၆ ကုတင်ထွက်လာတယ်။ ဆရာတို့ရဲ့ ကုတင် ၅၀ ဆန့်ဆေးရုံတွေမှာဆိုရင် ကုတင် ၅၀ တင် မဟုတ်ဘူး ရပ်ရွာက ဘုန်းကြီးတွေ၊ သံဃာတွေလာရင် တည်းလို့ရအောင် လှူပေးထားတဲ့ သံဃာဆောင်တို့ ပြီးရင် ဆရာတို့ အစည်းအဝေးအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ ကုတင်တွေထည့်ပြီး အရေးပေါ်ပြင်ဆင်တယ်ပေါ့ကွာ၊ နဂိုကတော့ တစ်မြို့နယ်မှာ ၁၀ ယောက်စာလောက်ပြင်ဆင်ထားပါဆိုပြီး ညွှန်ကြားထားပေမဲ့ ခုတော့ တစ်မြို့နယ်မှာ ၃၀ ပြင်တာနဲ့ ၂၀ ပြင်တာနဲ့ အဲ့လိုတွေပြင်ထားတဲ့အ တွက် ကုတင်ပေါင်း ၇၂၆ ကုတင်ထွက်တယ် ပြည်နယ်က။ စစ်တွေတစ်မြို့နယ်ထဲမှာ ၂၇၈ ကုတင်ပြင် ထားတယ်၊ အဲ့ဒါက ဘာလဲဆိုတော့ စစ်တွေဆေးရုံကြီး အပါအဝင် သူနာပြုသင်တန်းကျောင်း အဲ့ဒါက စစ်တွေဆေးရုံကြီးရဲ့ ဝင်းတစ်ဘက်မှာရှိတယ်။ ပြင်ဆင်ပြီးတော့ အဲ့ဒီထဲမှာ Category A,B,C,D,E ဆိုပြီးရှိတယ်။ A,B ဆိုတာ ဘာမှ ရောဂါလက္ခဏာ မပြတဲ့သူတွေ အဲ့ဒါတွေကို ဆရာတို့က သီးသန့်ခွဲ ထားပြီးတော့ သူနာပြုဆောင်တွေမှာထားတယ်။ အဲ့လိုမျိုးအားဖြင့်ပြင်ဆင်ထားတာ ၂၇၈ ကုတင် ရှိတယ်။”

ရခိုင်ပြည်နယ်မှာ သီးသန့်စောင့်ကြည့် စစ်ဆေးရမယ့် လူနာတွေ တိုးလာနေတာကြောင့် နေရာအခက်အခဲ ရှိလာနေတဲ့အတွက် နေအိမ်တွေမှာပဲ အသွားအလာကန့်သတ် စောင့်ကြည့် စစ်ဆေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကို ခွင့်ပြုချက် တောင်းထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း လတ်တလော အခြေအနေအရ နေအိမ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ဖို့နဲ့ ကုသမှုတွေလုပ်ဖို့ လတ်တလော စီစဉ်ထားတာ မရှိသေးဘူးလို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကျမတို့အနေနဲ့ကတော့ ခုလက်ရှိ ကျမတို့ရဲ့ အနေအထားအရ ရှိနေတဲ့ ရောဂါပိုးတွေ့လူနာတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တယ်ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဆေးရုံ သို့မဟုတ် ဆေးရုံကဲ့သို့ ပြုလုပ်ထားတဲ့ သီးသန့်ထားတဲ့ ယာယီဆေးရုံတွေမှာ ထားဖို့ပဲ ရည်ရွယ်ပါတယ်။ အိမ်မှာထားဖို့တော့ အစီအစဉ်မရှိသေးပါဘူး။”

တကျော့ပြန် ရောဂါကူးစက်မှုတွေ တိုးလာတဲ့ ရခိုင်ပြည်နယ်မှာ သာမက အခုအခါ ရန်ကုန်လို မြို့ကြီးတွေမှာပါ ကူးစက်မှုတွေ တိုးလာနေတဲ့ အတွက်လည်း သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ နှိုးဆော်နေကြပါတယ်။ ကူးစက်မှုတွေ မြန်ဆန်လာနေတာကြောင့် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်တွေကို လိုက်နာကြဖို့လည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

“ရခိုင်မှာ တွေ့ရတာများတယ်ဆိုပေမဲ့လို့ မနေ့ကစပြီးတော့ ရခိုင်နှင့် ရန်ကုန်နှင့် အတိမ်းမယိမ်း လောက် ရှိလာတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ပြောမယ်ဆိုရင် ၇၁ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ မပြပါဘူး။ မပြတဲ့အတွက်ကြောင့်မို့ လူ၁၀၀မှာ ၇၁ ယောက်က ရောဂါလက္ခဏာ မပြဘဲ ပိုးရှိနိုင်တဲ့ အတွက်ကြောင့်မို့လို့ ဒါဟာ အထူးအရေးကြီးပါတယ်။ ရန်ကုန်မြို့နေပြည်သူလူထု အနေနဲ့ကတော့ ပိုပြီးတော့သတိထားသင့်ပါတယ်။ နောက်တစ်ခုက အခုဖြစ်တဲ့ ရောဂါပိုးဟာဆိုလို့ရှိရင် အသွင်ပြောင်း ပိုးဖြစ်တယ်ဆိုတာ သေချာသလောက်ဖြစ်နေပါပြီ သူ့ရဲ့သဘောသဘာဝအရ ကူးစက်မှုဟာ မြန်တယ်၊ သူက အရင်တစ်ခေါက်ကူးစက်မှုနဲ့ မတူဘဲနဲ့ ကူးစက်မှုတွေဟာ ဖြစ်ပွားမှုပိုမြန်တယ်ပေါ့နော်။ ဒါပေမဲ့ သူ့ရဲ့ ပြင်းထန်မှုကတော့ အသေအချာတော့ မသိရသေးပေမဲ့လို့ ဘာတစ်ခုကိုမှာ လျှော့တွက်လို့ မရတဲ့ အတွက်ကြောင့်မို့ အထူးဂရုစိုက်ရမယ်။ ဒါကြောင့် ရန်ကုန်လူထုရယ်မှ မဟုတ်ဘူး တစ်နိုင်ငံလုံးက ပြည်သူတွေအနေနဲ့ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေဖြစ်တဲ့ အပြင် သွားရင် Mask တပ်ပါဆိုရင် တပ်ကိုတပ်ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အတွက် လိုအပ်လို့ပြောတာ ဖြစ်ပါတယ်။”

ကပ်ရောဂါကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ မလိုအပ်ရင် အပြင်မထွက်ဖို့နဲ့ ခရီးသွားလာမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်တိုင်းအတွင်းက ၇ မြို့နယ်မှာလည်း ရောဂါကူးစက်မှုအန္တရာယ်ကို ထိန်းချုပ်နိုင်အောင် တတ်နိုင်သမျှ အိမ်မှာပဲ နေကြဖို့ ညွှန်ကြားထားပါတယ်။ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မိတာ၊ ရောဂါဖြစ်ပွားရာ ဒေသကို သွားလာခဲ့ဖူးတာ၊ ကိုယ့်မှာ ရောဂါလက္ခဏာ တွေ့ရတယ်လို့ သံသယရှိတယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးခံကြဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG