သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းတွေပြန်ဖွင့်တော့မှာမို့ ကိုဗစ်အန္တရာယ် သတိထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေး


(Zawgyi/Unicode)

ကမ္ဘာတဝှမ်း ကပ်ရောဂါကိုဗစ်၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်နေဆဲမို့ မြန်မာပြည်သူလူထုအနေနဲ့ မပေါ့ဆပဲ အလေးအနက်ထား ဆက်ပြီး ကြိုတင်ကာကွယ်ကြဖို့နဲ့ အထူးသဖြင့် မိမိတို့ရဲ့ရင်သွေးငယ်လေးတွေ ကျောင်းတက် အပြင်ထွက်ချိန် ကိုဗစ်ရောဂါပိုး ကူးစက်မခံရအောင် မိဘတွေ အထူးသတိထားကြဖို့ Community Fever Clinic စေတနာ့ဝန်ထမ်းဆရာဝန်တွေက သတိပေး စကားပြောကြားလိုက်တဲ့အကြောင်း မဆုမွန် တင်ပြထားပါတယ်။

ကမ္ဘာတဝှမ်း COVID 19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုပေါင်းက Johns Hopkins တက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူမှု အချက်အလက်တွေအရ ကူးစက်မှုပေါင်း ၁၂.၇ သန်းကျော်ရှိပြီး သေဆုံးသူပေါင်း ငါးသိန်းကျော်သွားပြီဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ ကလေးငယ်လေးတွေပါ ပါဝင်တဲ့ COVID 19 ကူးစက်သူပေါင်းက သုံးရာသုံးဆယ်ကျော်သွားပြီဖြစ်ပြီး ရောဂါကြောင့်သေဆုံးသူက ၆ဦးအထိရှိနေပါတယ်။

Community Fever Clinic က စေတနာ့ဝန်ထမ်းများ
Community Fever Clinic က စေတနာ့ဝန်ထမ်းများ

ကိုဗစ်၁၉ ကာလ လနဲ့ချီ သွားလာကန့်သတ်မှုတွေနဲ့ နေအိမ်တွေထဲမှာပဲ နေခဲ့ကြပြီး အခုဆိုရင် တဖြေးဖြေးနဲ့ အများပြည်သူ သွားလာတဲ့နေရာတွေမှာ လူအုပ်စုလိုက် သွားလာလှုပ်ရှားမှုတွေနဲ့ အပြင် စထွက်လာကြပြီး ရောဂါမကူးစက်ရအောင် ကြိုတင် ကာကွယ်မှုတွေ ပေါ့ဆလျော့နည်းလာကြတာ တွေ့ရလို့ ဒါ အန္တရာယ်ကြီးတဲ့အခြေအနေဖြစ်တယ်လို့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေက သတိပေးပြောဆိုလိုက်ပါတယ်။

အထူးသဖြင့်ကလေးမိဘတွေအနေနဲ့ မိမိတို့ရဲ့ရင်သွေးငယ်တွေ ရောဂါ ကူးစက်မခံရအောင် အထူးသတိထား စောင့်ရှောက် ကာကွယ်ပေးပါလို့ COVID ကာလ ကျန်းမာရေးအထူးစောင့်ရှောက်မှု အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ Community Fever Clinic က စေတနာ့ဝန်ထမ်းဆရာဝန် ဒေါက်တာကျော်မင်းထွန်းက အခုလိုအကြံပေးပါတယ်။

“ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် လိုအပ်မှ အပြင်သွားပါပေါ့နော်။ မလိုအပ်ပဲနဲ့ အပြင်မထွက်ဖို့ တကယ်လို့ အပြင်ထွက်ရင်လည်း အဓိက နှာခေါင်းစည်းတပ်မယ် Mask တပ်မယ်Face Shield တွေပါ တပ်မယ်ဆိုရင်တော့ Social Distancing သေချာနေရင်တော့ ကောင်းတာပေါ့နော်။ နောက် ကလေးမိဘတွေကိုပြောချင်တာ ကျောင်းမှာထက်စာရင် အိမ်မှာကတည်းက အစားအသောက်တွေကို သေချာထုတ်ပိုးပြီး ပြင်ဆင်ပြီး ထည့်ပေးစေချင်တယ် နောက်တခုက ကျောင်းသွားတိုင်း ကလေးလေးတွေMask လေးတွေ တပ်ဖို့ ကလေးမိဘတွေကတဆင့် ကလေးလေးတွေကို ပြောပြစေချင်တယ်။

နောက် ဘယ်လိုပဲဖြစ်ဖြစ်Mask မချွတ်ဖို့အတွက်ရယ် နောက် ကလေးတွေ သုံးလို့ရအောင် Handgel - Sanitizer သေးသေးလေးတွေဆောင်ပေးထားဖို့ နောက် တခုခုကိုင်ပြီးတိုင်း လက်ဆေးဖို့ပေါ့နော် ။ အဓိက ဆပ်ပြာနဲ့ရေနဲ့ ဆေးကြောဖို့ပေါ့နော် အဓိက တကိုယ်ရေသန့်ရှင်းရေးကို ကလေးမိဘတွေကနေတဆင့် ကလေးလေးတွေကို အသိပညာပေးဖို့ကို ကျောင်းမသွားခင်ကတည်းက သေချာလေး သင်ပေးစေချင်တယ်ပေါ့နော်။ နောက် လူအများနဲ့သွားလာနေတဲ့ မုန့်ဈေးတန်းလိုနေရာတွေမှာ မသွားပဲ ဖြစ်နိုင်ရင် ကိုယ့်အခန်းထဲမှာပဲနေပြီး အိမ်ကနေ ထုတ်ပိုးပေးလိုက်တဲ့မုန့်လေး စားဖို့ပေါ့ အဲ့တာလေးတွေ မိဘတွေကိုပြောပြစေချင်တယ်။”

လူထုကို ကျန်းမာရေးပညာပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာကျော်စွာဦး ကလည်းမြန်မာပြည်သူတွေအနေနဲ့ လုပ်ငန်းခွင်တွေထဲ ဒါမှမဟုတ် လူထူထပ်တဲ့ နေရာတွေ သွားလာကြတဲ့အချိန် Mask မဖြစ်မနေတပ်ကြဖို့နဲ့ လက်ကို သေချာစွာဆေးကြောကြဖို့ အထူးသတိပေးပါတယ်။

“ ဒုတိယလှိုင်းမဖြစ်အောင် အထူးသဖြင့် လူစုလူဝေးတွေရှောင်ဖို့ နောက်Social Distancing ပေါ့နော် ခပ်ခွာခွာနေဖို့ တကယ်လို့ Social Distancing ခပ်ခွာခွာ ဘယ်လိုမှနေလို့မရတဲ့ အခြေအနေတခု ရောက်ရင် လူစုလူဝေးဖြစ်နေတဲ့အခြေအနေတခုဆိုရင်မဖြစ်မနေMask ကို တပ်ဖို့ လက်ကို မကြာခဏ ဆေးဖို့ပါ။ အခုက လူစုလူဝေးပြန်ဖြစ်လာပြီ Social Distancingလည်း သိပ်မလုပ်နိုင်ကြတော့ဘူး ပဲပြောရတော့မယ်။ အဓိက ၂ ချက်ကို မဖြစ်မနေ လိုက်နာဖို့အတွက် မိဘပြည်သူတွေကို ပန်ကြားချင်ပါတယ်။ မဖြစ်မနေ အပြင်ထွက်တိုင်းMask ကိုတပ်ဖို့ပေါ့နော်။ အရွယ်သုံးပါးမရွေး အကုန်လုံး အပြင်ထွက်တိုင်းMask တပ်ဖို့တိုက်တွန်းချင်ပါတယ်။

နောက် လက်ကို မကြာခဏဆေးဖို့ အဲ့ဒီ့ ၂ချက်ကိုတော့ မဖြစ်မနေ လုပ်ဖို့တိုက်တွန်းလိုတယ် အခုက Social Distancing တို့ လူစုလူဝေးတို့ကို ပြောလည်း သိပ်မကြောက်ကြတော့ဘူးလေ။ ဆိုတော့ အဲ့တာကြောင့် အဲ့အချက်လေး ၂ချက်ကို လိုက်နာရင်တော့ တတ်နိုင်သလောက် ကူးစက်မှု လျော့ချနိုင်မယ်လို့ထင်ပါတယ်။ ပါးစပ်ကပဲကြောက်နေကြပြီး တကယ့်တကယ်အပြင်မှာတော့ တော်တော်များများက ပေါ့နေကြတာတွေ့တယ်။”

COVID 19ကူးစက်မခံရအောင် အပြင်ထွက်ခါနီး သတိထားဆောင်ရန်ရှောင်ရန်အချက်တွေကို မိဘနဲ့သားသမီးကြား အပြန်အလှန် ပညာပေးသင့်တယ်လို့ ကလေးဖခင်တဦးလည်းဖြစ်တဲ့ ဒေါက်တာကျော်စွာဦးက ဆက်ပြောပါတယ်။

“ တချို့မိဘတွေကျတော့လည်း ကျန်းမာရေးပညာပေးအသိပညာမြင့်တော့ မိဘတွေကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှု အားကောင်းတယ်။ မိဘတွေကိုယ်တိုင် သေချာသင်ပေးတာရှိတယ် နောက်တပိုင်းကျတော့ တချို့က မိဘကိုယ်တိုင်က ဒီအပေါ်မှာ သိပ်အာရုံစိုက်မှုမရှိဘူး။ သိပ်ပြီးစိတ်ဝင်စားမှုမရှိတာ တချို့က မကြောက်တော့တာလည်းပါတယ်ပေါ့။ အဲ့ဒီ့တော့ သူတို့နဲ့ဆက်စပ်နေတဲ့ သားသမီးကလည်း အဲ့ဒီ့အတိုင်းပဲသွားတာပေါ့။နောက်တပိုင်းက ကလေးတွေရဲ့အပိုင်းမှာပေါ့ ကလေးတွေက အခုအိမ်မှာနေရတာ မွန်းကျပ်လာတာပေါ့။ အဲ့တော့ အပြင်ထွက်ပြီဆိုရင် သူတို့ကိုသေချာလေးသင်ပေးပြီးMask ကိုမဖြစ်မနေတပ်ဖို့ပေါ့။ လက်ဆေးဖို့ တယောက်နဲ့ တယောက် ခပ်ခွာခွာနေဖို့ပေါ့ သူတို့ကို အကြိမ်ပေါင်းများစွာ သူတို့ကို နားငြီးအောင်ကိုပြောပြီးတော့ကို ဆုံးမနေရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလေးတွေချင်း Social Distancing က ဘယ်လိုမှ မဖြစ်နိုင်ဘူး ကလေးတွေဆိုတာက အရမ်းဆော့ချင် တာကိုး။Peer Pressure ကြောင့် ခပ်ခွာခွာနေဖို့ ပြောရတော့ခက်မယ် ဒါကြောင့် လက်ဆေးဖို့နဲ့Mask တပ်ဖို့ကို ရအောင်တော့ပြော ရမှာပေါ့။”

ကိုဗစ်ကာလ ရပ်ကွက်မြို့နယ်တွေမှာ ကျန်းမာရေးအခမဲ့ဝန်ဆောင်မှုပေးနေတဲ့ Community Fever Clinic တွေကို ရေရှည်ဖွင့်လှစ်ပြီး လူထုကို ကျန်းမာရေးစောင့်ရှောက်မှု ဆက်ပေးသွားမှာပါလို့ Community Fever Clinic တာဝန်ခံတဦးဖြစ်တဲ့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“ နောက်ပိုင်း Fever Clinic တွေကို ရေရှည်ဖွင့်ဖို့မှန်းတယ် ဒါပေမဲ့ ကျောင်းတွေဖွင့်ပြီဆိုတော့ ကျောင်းကျန်းမာရေးပေးရမယ် ဒေသန္တရပေးရမှာ ရှိတယ် ။ရပ်ကွက်တွေထဲမှာ သူနာပြုတွေက ကာကွယ်ဆေးတွေ လိုက်ထိုးရဖို့ရှိမယ် အဲ့တာကျနော်တို့ ပေးရမယ်ဆိုတော့ အခက်အခဲရှိတယ်။ ဆရာဝန်တွေက လုပ်ငန်းခွင်ဝင်တာ ဆေးခန်း ဆေးရုံပြန်ဆင်းတာတွေရှိလာတယ်။ ဆိုတော့ ဆရာဝန်အင်အား Volunteer အင်အားနည်းလာတယ်။ နောက် ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့အစည်းတွေကလည်း လုပ်ငန်းခွင်တွေပြန်ဝင်တော့ ဒီဘက်ကို သိပ်အားမစိုက်နိုင်တော့ အခုတော့ ကျနော်တို့ရှိတဲ့ဆရာဝန် ဆရာမအင်အားနဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိုင်မယ့်ရက်ကိုပဲ နည်းနည်းလျှော့လိုက်ပြီး အဓိက ကိုဗစ်ရှိနေသေးတဲ့တောက်လျောက်မှာ လူထုအတွက် ဖွင့်နိုင်ဖို့အတွက်ကိုပဲ ကျနော်တို့ကြိုးစားနေကြတာ။”

အခုဆိုရင် မြန်မာပြည် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက COVID 19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့မြို့နယ်တချို့ အသွားအလာကန့်သတ်ခဲ့တာတွေက ပြန်လည် ဖြေလျော့ ပေးလာသလို အများပြည်သူလည်း စားသောက်ဆိုင်တွေ ပြန်ဖွင့်လှစ်လာသလို လုပ်ငန်းခွင်တွေထဲပြန်ဝင်လာကြပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရောဂါကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို ဇူလိုင်လ ၃၁ရက်နေ့အထိ ယာယီရပ်ဆိုင်းထားပြီး ပြည်ပအဝင်အထွက်တွေကို ကန့်သတ်ပြီး နိုင်ငံတကာလေကြောင်းလိုင်း အဝင်အထွက်တွေကိုတော့ ကန့်သတ်ထားဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)















XS
SM
MD
LG