သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွားလာမှု အထောက်အထားတုကိုင်သူ ကုန်တင်ယာဉ်မောင်းများ ဖမ်းဆီးအရေးယူ


ရန်ကုန် - မန္တလေး အဝေးပြေးလမ်းမှာ တွေ့ရတဲ့ ကုန်တင်ယာဉ်များ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)
ရန်ကုန် - မန္တလေး အဝေးပြေးလမ်းမှာ တွေ့ရတဲ့ ကုန်တင်ယာဉ်များ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားချိန်မှာ ခွင့်ပြုချက်အတုတွေ ကိုင်ဆောင် အသုံးပြုသူတွေ ရှိနေတာကြောင့် အာဏာပိုင်တွေ အရေးယူနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ အသွားအလာတွေ ကန့်သတ်ထားပေမဲ့ ကုန်စည်စီးဆင်းမှုတွေမှာ ထိခိုက်မှု သက်သာအောင် ကုန်တင်ယာဉ်မောင်းတွေကို ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း ခွင့်ပြုချက်နဲ့ သွားလာခွင့်ပြုထားပါတယ်။ ဒါပေမဲ့လည်း ဒီလိုဆေးမှတ်တမ်း အထောက်အထားတွေကို အတုလုပ်ကိုင်ဆောင်သူတွေကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အရေးယူတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှု ဒုတိယအများဆုံးလည်းဖြစ် မကြာသေးခင်ကစလို့ ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် စနေနေ့ကစပြီး သီတင်း ၂ ပတ်ကြာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ မန္တလေးတိုင်းမှာ ဆိုရင်လည်း အထောက်အထား အတုကိုင်ဆောင်သူ ကုန်တင်ယာဉ်မောင်းတဦးနဲ့ အတုလုပ်တဲ့ မိတ္တူဆိုင်ပိုင်ရှင်တဦးကို အရေးယူထားတယ်လို့ အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက ပြောပါတယ်။

“ကျနော်တို့ ဂိတ်တွေမှာ တာဝန်ကျစစ်တယ်။ စစ်လို့ ဒီကားတွေမှာ တွေ့လို့ ကျနော်တို့ဖမ်းတယ်။ မနေ့က ဟိုဟာလည်း သတင်းရလို့ သွားပြီးတော့မှာ ရှာတယ်ပေါ့နော်... အသွင်ယူဖမ်းတယ်။ လက်ရှိတော့ ဖမ်းပြီးတော့ မြို့နယ် ဆရာဝန်ကြီးနဲ့ ဦးစီးပြီးတော့ နှစ်ယောက်လုံးကိုတော့ အမရပူရမြို့နယ် ရဲ စခန်းမှာ တရားစွဲထားပါတယ်ဗျ။ တစ်ခုကတော့ ဆိုင်ပေါ့၊ တစ်ခုကတော့ ကားပေါ့ ဟုတ်ကဲ့ဗျ။ နောက်ကဒ်မပါဘဲ အပြင်သွားတာ ရှိပါတယ်၊ အဲ့ဒါတော့ ဒဏ်ရိုက်တာပေါ့ဗျာ၊ ကဒ်မပါဘဲနဲ့ သွားတာ အခြားမြို့နယ်က ဒီဘက်ကို နယ်ကျော်ပြီး ကူးပြီးလာတာတို့ နောက်တစ်ခါ ကျနော်တို့ သတ်မှတ်ထားတဲ့ ကဒ် သတ်မှတ်ထားတဲ့ နေရာမသုံးဘဲနဲ့ ဒီပြင်နေရာကို သုံးတာဆိုရင် ကျနော်တို့ ဒဏ်ရိုက်တာတွေရှိပါတယ်၊ အမရပူရအနေနဲ့ လက်ရှိ လေးရက်အတွင်းကို ဒီနေ့အခုချိန်ထိ ၆၀၀ ကျော်သွားပြီးဗျ။”

ကပ်ရောဂါကူးစက်သူ အတည်ပြုလူနာ ၃,၀၀၀ လောက်ရှိတဲ့ ဧရာဝတီတိုင်းမှာလည်း အလားတူ အဖြစ်အပျက်တွေ ကြုံနေရပါတယ်။ မကြာသေးခင်ကပဲ ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း အထောက်အထား အတု ကိုင်ဆောင်သူတဦးကို စစ်ဆေးတွေ့ရှိခဲ့သလို ကျန်းမာရေး စည်းကမ်းချိုးဖောက်မှုနဲ့ အရေးယူထားသူ အများအပြား ရှိတယ်လို့လည်း ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောပါတယ်။

“ကုန်တင်ကားသမားတစ်ယောက်ဆီက တွေ့လို့လေး ကျနော်တို့ အဲ့ဒါကို အမှုဖွင့်ဖို့လုပ်နေပါပြီးဗျ၊ ဆရာဝန်ရဲ့ ထောက်ခံချက်ကို အတုလုပ်တာပေါ့။ Negative ဆိုတာကို သူဟာသူလက်ရေးနဲ့ ရေးပြီး ဖောင်ကို မိတ္တူဆွဲပြီးတော့ အတုလုပ်တာ အဲ့ဒါတော့ ကျနော်တို့ အရေးယူဖို့ ဥပဒေအကြံပြုချက်တောင်းထားပါတယ်ဗျ။ ဟုတ်ကဲ့။ နောက်ပြီး ရန်ကုန်ကနေပြီးတာ့မှ ဂိတ်ကမဝင်ဘဲ ခိုးဝင်တဲ့ လူတွေလည်း အရေးယူထားတာရှိတယ်။ ထပ်ပြီးတော့ အရေးယူဖို့လုပ်နေတာလည်းရှိတယ်။ နောက်တစ်ခုက လူစုလူဝေးကို ဖန်တီးတဲ့ ကိစ္စတွေ ပတ်သက်ပြီးတော့လည်း အရေးယူဖို့ရှိတယ်။ အရေးယူခဲ့တာလည်းရှိတယ်။ အဲ့ဒီတော့ ဖြစ်နိုင်ရင်တော့ ကျနော်တို့က ဒီအမိန့်တွေကို နား၊ ဒီစည်းကမ်းချက်တွေကို လိုက်နားဖို့ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မြို့နယ်ကဆိုရင် အရေးယူတာ ၇၂ မှုထိတောင် ရှိတယ်ပေါ့။ ခုဏက အကုန်ပေါင်းရင်၊ ဒါအရေးယူပြီးသား လက်ရှိအရေးမယ့်ဟာတွေလည်းရှိတယ်။”

ကပ်ရောဂါကူးစက်မှုတွေ တိုးလာတာနဲ့အမျှ အစိုးရရုံးစိုက်ရာ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ အသွားအလာတွေ ကန့်သတ်ပြီး၊ ခွင့်ပြုချက် အထောက်အထား ပြသနိုင်မှသာ သွားလာခွင့်ပြုထားတာကြောင့် စည်းကမ်းချိုးဖောက်မှုတွေလည်း တိုးလာနေတာပါ။ ရောဂါပိုးကင်းရှင်းကြောင်း အထောက်အထား စာရွက်စာတမ်းအတု ကိုင်ဆောင်သူ ယာဉ်မောင်း ၈ ဦးကို မကြာသေးခင်က ဖမ်းဆီးအရေးယူခဲ့တဲ နေပြည်တော်နယ်မြေက ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးကတော့ ထိထိရောက်ရောက် အရေးယူတဲ့ လုပ်ရပ်တွေကြောင့် စည်းကမ်းချိုးဖောက်မှုတွေ လျော့လာတယ်လို့ ပြောပါတယ်။

“ကျနော်တို့ နေပြည်တော်မှာလည်း အဲ့ဒါတွေ့လိုက်ကြတယ်။ တွေ့လိုက်ပြီးတော့ ကျနော်တို့လည်း အရေးယူဆောင်ရွက်ခဲ့ဆိုတော့ အခုနောက်ပိုင်း အဲ့ဒီဖြစ်စဉ် ဖြစ်ပြီးတော့ နှစ်ပတ် သုံးပတ်လောက်ရှိပြီး နေပြည်တော်လက်မှတ်အတုနဲ့ လာတာ မရှိသလောက်ဘဲ ခင်ဗျ။ ကျနော်တို့ ထိထိရောက်ရောက် အရေးယူလိုက်တော့လည်း သူ့ရဲ့ system အတိုင်းကို အားလုံး follow လုပ်ကြပါတယ်ခင်ဗျ။ ပထမတော့လည်း အလွယ်ပေါ့နော်။ အစမ်းမခံချင်တာပေါ့၊ နောက်ပြီးတော့ အချိန်မစောင့်ချင်တဲ့အတွက် ဆောင်ရွက်တာလို့ ကျနော် နားလည်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်သူ အတည်ပြုလူနာ စုစုပေါင်းကတော့ ၁၀၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG