[Zawgyi/Unicode]
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးပြန်ဖြစ်လာကြောင့် ကိုရီးယားအစိုးရကနေ တင်းကြပ်မှုတွေ ပိုလုပ်လာတဲ့အတွက် ကိုရီးယားရောက်မြန်မာတွေ အထူးဂရုစိုက်လိုက်နာကြဖို့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိက သတိပေးပြောဆိုလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက ကပ်ရောဂါ တင်းကြပ်မှုတွေကို ဒေသခံမြန်မာတွေ ဘယ်လို ရင်ဆိုင်နေကြရပါသလဲ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ COVID 19 ကူးစက်မှုက ၉ လတာ ကာလအတွင်း ပိုးကူးစက်မှု အမြင့်မားဆုံး ပြန်ဖြစ်ပွားလာတဲ့အတွက် အလွန့်ကို အန္တရာယ်ရှိတဲ့ အခြေအနေကို ဆိုက်ရောက်နေပြီး ဆေးရုံတွေမှာ ထိန်းချုပ်နိုင်တဲ့ အနေအထားထက်ကို ကျော်လွန်သွားပြီလို့ တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးက မနေ့ တနင်္ဂနွေက နိုင်ငံကိုသတိပေး ပြောဆိုသွားပါတယ်။ ဒီလို အနေအထားကြောင့် မနက်ဖြန် အင်္ဂါနေ့ကစပြီးတောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးလ်မြို့နဲ့ အနီးနားတဝိုက်က မြို့တွေမှာ အထူးသဖြင့် လူအုပ်စုလိုက် ၅၀ ထက် ပိုမစုဝေးဖို့ Social Distancing တယောက်နဲ့ တယောက် ခပ်ခွာခွာနေကြဖို့နဲ့ ည ၉ နာရီမှာ ဆိုင်တွေအားလုံး ပိတ်ပစ်ဖို့ စတဲ့ ကိုဗစ်၁၉ ကာကွယ်ရေး ကျန်းမာရေး လမ်းည့ွှန်ချက် စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်ချမှတ်ပြီး ထိန်းချုပ်သွားနိုင်ဖို့ ကျန်းမာရေးအာဏာပိုင်တွေ စီစဉ်နေပါတယ်။
ဒီလိုအခြေအနေမှာ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တောင်ကိုရီးယားနိုင်ငံက ချမှတ်ထားတဲ့ ကိုဗစ် ၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို အထူးလိုက်နာကြဖို့နဲ့ တကယ်လို့ မိမိမှာ ကိုဗစ်ရောဂါလက္ခဏာဖြစ်တယ်လို့ သံသယရှိရင်လည်း နီးစပ်ရာဆေးရုံဆေးခန်းတွေကို အမြန်ဆုံးသွားရောက်ပြသကြဖို့နဲ့ သံရုံးကို အကြောင်းကြားကြဖို့ ဆိုးလ်မြို့အခြေစိုက် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိဦးစိုးညီညီက တိုက်တွန်းပါတယ်။
"အဓိကကတော့ သက်ဆိုင်ရာ နိုင်ငံက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ပေါ့။ လက်ရှိမှာတော့ သူတို့က ထုတ်ပြန်ထားတဲ့တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့်ဟာတွေ ပို့ပေးတာပေါ့။ ကူးစက်မှုတွေ ပြန့်နေတာဖြစ်တဲ့အတွက် သံရုံးဝန်ထမ်းတွေအနေနဲ့လည်း သွားတဲ့လာတဲ့အခါကျရင် ထိတွေ့မှုတွေကြောင့် ရောဂါရရှိတယ်ဆိုလို့ရှိရင် သံရုံး လုပ်ငန်းကို ရပ်တန့်သွားတာမျိုး မဖြစ်အောင်သက်ဆိုင်ရာ သူတို့ထုတ်ပြန်ထားတာတွေကိုလည်း သံရုံးဘက်က လိုက်နာရအောင်ပေါ့နော်။ ဒီဘက်ကလည်း အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါတယ်။ ပြီးရင် ကောင်စစ်ရေးရာနဲ့ ဝန်ဆောင်မှုပေးတဲ့အခါကျရင်လည်း ရောဂါနဲ့ပတ်သက်ပြီး လာတဲ့သူတွေလည်း ကူးစက်မှု မဖြစ်အောင်လို့ စီမံခန့်ခွဲမှုစနစ်နဲ့ဆောင်ရွက်ဖို့ ဒါလေးတွေပေါ့နော်။ သူတို့ဘက်က ထုတ်ပြန်တယ်နောက်တချက်ကတော့ ကိုယ်မှာ ရောဂါလက္ခဏာဖြစ်လာတယ်ဆိုရင် ကိုယ့်ရဲ့ အနီးစပ်ဆုံး ကျန်းမာရေးဌာနကို အကြောင်းကြားပြီးတော့ သတင်းပေးပြီးတော့ ကုသမှုခံယူဖို့အတွက် ဆောင်ရွက်ဖို့ ဒါလေးတွေ လုပ်ဖို့လိုပါတယ်။"
မြန်မာသံရုံးအခြေစိုက် ဆိုးလ်မြို့တော်အပါအဝင် အနီးတဝိုက်က မြို့တွေက တင်းတင်းကျပ်ကျပ် စည်းမျဉ်းထုတ်ထားတဲ့ အနေအထားနဲ့ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းတွေကိုလည်း မြန်မာအလုပ်သမားသံအရာရှိ ဦးစိုးညီညီက ရှင်းပြပါတယ်။
"စနေ၊ တနင်္ဂနွေကစပြီး ကူးစက်မှုတွေ ဆက်တိုက်ဖြစ်လာတာဖြစ်တဲ့အတွက် ဒီတနင်္ဂနွေကစပြီးတော့ Social Distancing ကို ၂.၅ အဆင့်အထိ သတ်မှတ်လိုက်တာပေါ့။ ဒီဆိုးလ်တို့ အင်ချွန်းတို့စတဲ့မြို့ကြီးတွေမှာ ဆိုင်တွေဆိုရင် ည ၉ နာရီ အထိရောင်းချလို့မရတဲ့ အနေအထားနဲ့ ကျောင်းတွေဆိုရင်လည်း ၃ ပုံ ၁ ပုံ ၃၀% လောက်ပဲ သတ်မှတ်ထားတဲ့လူဦးရေနဲ့ ထိန်းချုပ်ရမယ်ဆိုတဲ့ အနေအထားမျိုးတွေဖြစ်နေပါတယ်။ အဓိက ကကတော့ လူထူထပ်တဲ့နေရာတွေ မသွားဖို့ သွားမယ်ဆိုရင်လည်း နှာခေါင်းစည်းကို သေသေချာချာ လုံလုံခြုံခြုံ တပ်သွားဖို့ အတတ်နိုင်ဆုံးကတော့ ကိုယ့်ရဲ့လုပ်ငန်းခွင်နေရာတွေမှာ ရောဂါပြန့်နေတဲ့အချိန်မှာ ဘယ်ကိုမှ မသွားဘဲ နေတာ အကောင်းဆုံးပဲပေါ့နော်။ မဖြစ်မနေ သွားရမယ် ဆိုရင်လည်း အတတ်နိုင်ဆုံး လူတွေနဲ့ ခပ်ခွာခွာနေဖို့ လူအရမ်းထူတဲ့နေရာတွေ မသွားဖို့ပေါ့။ သံရုံးဘက်ကလည်း အဓိက ကောင်စစ်ရေးရာကိစ္စတွေနဲ့ ပတ်သက်တာကိုတော့ စာတိုက်ကနေတဆင့် ပတ်စ်ပို့တို့ CI တို့ ထောက်ခံစာတွေ လုပ်တဲ့အခါကျလို့ရှိရင် တတ်နိုင်သလောက် လာတာတွေလျှော့ချနိုင်အောင် စာတိုက်ကနေ တဆင့်ပြန်ပို့ပေးတာပေါ့နော်။"
အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံတွင်း အများပြည်သူသွားလာတဲ့နေရာတွေ ဈေးဆိုင်တွေမှာ ကိုဗစ် ၁၉ စည်းကမ်း လိုက်နာနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ကိုရီးယားနိုင်ငံ အင်ချွန်းဒေသ ဘူဖျောင်းမြို့က ဒေါ်မာလာရွှေကပြောပြပါတယ်။
"မနေ့ကအချိန်အထိမှာဆို ၂ လပိုင်းကစပြီး တတိယလှိုင်းမှာ ၆၀၀ ကျော်သွားတဲ့အတွက် အမြင့်ဆုံး အများဆုံးဖြစ်တယ်လို့ သတ်မှတ်တဲ့အတွက်ကြောင့် ဆိုးလ်ရယ် အင်ချွန်းရယ် ဂျောင်ဂီရယ် သုံးမြို့ကိုည ၉ နာရီဆိုတာနဲ့ အကုန်လုံး မီးငြိမ်းရမယ်။ ၉နာရီနောက်ပိုင်း ဘာမှကို ရောင်းချပိုင်ခွင့် မရှိဘူး။ အဲ့ဒီတော့ နည်းနည်းလေးတော့ တင်းကျပ်သွားတယ် အခြေအနေက။ ဈေးတွေဘာတွေ ဝယ်တာလည်း ၉ နာရီနောက်ပိုင်း ဝယ်လို့မရဘူး။Social Distancing ကို ခပ်ခွာခွာနေရမယ်။ Mask ကို မလွဲမသေတပ်ရမယ်။ ကာရာအိုကေတို့ ကလပ်တို့ အကုန်လုံးပိတ်ပေးရမယ်။ ၅၀ နဲ့ အထက်ကို လူစုလူဝေး မလုပ်ရဘူး။ အဲ့ဒီတော့ မြန်မာတွေလည်း စည်းကမ်း လိုက်နာကြတယ်။ Mask မပါဘဲ သွားတဲ့သူက လုံးဝကို မရှိတာပေါ့နော်။"
တောင်ကိုရီးယားနိုင်ငံတွင်း နိုင်ငံခြားသားတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေထဲမှာလည်း ကိုဗစ် ၁၉ ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်တွေကို တင်းတင်းကျပ်ကျပ် ချမှတ်ထားပြီး မြန်မာအများစုပါဝင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေကလည်း အသေအချာ လိုက်နာကြတယ်လို့ ဒေဝူးသင်္ဘောကျင်းလုပ်ငန်းခွင်က လုပ်သား ကိုအောင်မင်းမင်းက ပြောပြပါတယ်။
"အခု ကျနော်တို့ အလုပ်လုပ်နေတဲ့ ဒေဝူးသင်္ဘောကျင်းမှာပါ။ နောက်တခုက ဆမ်ဆောင်းသဘောၤကျင်းမှာလည်း ကျနော်တို့ မြန်မာအနည်းငယ်ရှိတယ်။ ပြီးခဲ့တဲ့သောကြာနေ့က အသံကြားလိုက်တာပေါ့နော်... ဆမ်ဆောင်း သင်္ဘောကျင်းဘက်မှာ သူတို့ကိုရီးယားလူမျိုးကနေပြီးတော့ ကူးစက်လို့ အဲဒီ့က လူတွေကို မနေ့ကနဲ့ ဒီနေ့ကို အလုပ်နားခိုင်းပြီးတော့ သူတို့ကို သက်ဆိုင်ရာ ဆက်စပ်သူတွေကို ဆေးစစ်ခိုင်းထားတယ် ပြောတယ်ခင်ဗျ။ ကျနော်တို့ အခုအလုပ်လုပ်နေတဲ့ ဒေဝူး သင်္ဘောကျင်းမှာတော့ ဘယ်သူမှတော့- ဘာသံမှကို မကြားသေးဘူးခင်ဗျ။ ဒီမှာကတော့ ထမင်းစားတာက အစ အရင်တုန်းကဆို ခုံတခုဆို လူ ၆ယောက်စားရတယ်။ အခုဆိုရင် တယောက်စာ၊ တယောက်စာကို ဖိုင်ဘာလေးတွေနဲ့ အကန့်လေးတွေ လုပ်ပြီး စည်းကမ်းတော်တော်တင်းကျပ်တယ် နောက် ထမင်းရုံထဲ ဝင်တယ်ဆိုလည်း Mask မဖြစ်မနေ တပ်ရမယ်Mask မပါရင် ထမင်းရုံ ပေးမဝင်ဘူး။ လိုက်ပြီးတော့ တယောက်ချင်းစီကို တပ်တာကအစ နှာခေါင်းပေါ်သလားအစ Checking လိုက်ကြည့်တယ်။ လက်ဆေးရည်တွေဘာတွေလည်း စီစဉ်ပေးထားတယ်ခင်ဗျ။ တင်းတင်းကျပ်ကျပ် လုပ်တယ်။ ကျနော်တို့နိုင်ငံခြားသားတွေ အနေနဲ့ကတော့ ဒီမှာက မြန်မာလည်းများတယ်။ အခုရက်ပိုင်းက စည်းကမ်း နည်းနည်းပိုပြီးတော့ တင်းကျပ်လာတယ်ပေါ့နော်။"
တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနဘက်က ကိုဗစ် ၁၉ ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေ ပိုတိုးချမှတ်ပြီး တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေချိန်မှာပဲ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ ဒီကနေ့ ဒီဇင်ဘာလ ၇ရက်နေ့ ထုတ်ပြန်ချက်အရဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံမှာ ခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃၈,၁၆၁ ရှိနေပြီး COVID 19 ကြောင့် သေဆုံးသူကတော့ ၅၄၉ ဦး ရှိနေပြီဖြစ်ပါတယ်။
[Unicode Version]