သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်သားတစ်ဦး COVID-19 ကူးစက်မှုအတည်ပြု


ရန်ကုန်မြို့ရှိ လမ်းတခုအတွင်းတွင် ပိုးသတ်ဆေးဖျန်းနေတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တချို့။ (ဧပြီ ၀၇၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ လမ်းတခုအတွင်းတွင် ပိုးသတ်ဆေးဖျန်းနေတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တချို့။ (ဧပြီ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ တပ်မတော်သား တစ် ဦး အပါအဝင် COVID-19 ရောဂါကူးစက်သူ နှစ် ဦးကို အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ရောဂါကူးစက်သူ စုစုပေါင်း ၂၄၆ ယောက် ရှိသွားပါပြီ။

ဇွန်လ ၉ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၀၇၀ ကို စစ်ဆေးတာမှာ ရောဂါပိုးကူးစက်ထားသူ နှစ်ဦးကို တွေ့ရတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနှစ်ဦးထဲမှာ တဦးဟာ ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ်က အသွားအလာကန့်သတ်ထားသူ အသက် ၃၀ အရွယ် အမျိုးသားဖြစ်ပြီး COVID-19 ရောဂါ ကူးစက်ထားသူတွေနဲ့ ထိတွေ့မှုမရှိသလို ပြည်ပ ခရီးသွားရာဇဝင်လည်း မရှိဘူးလို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ သူ့ကို တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံမှာ ကုသမှုပေးမှာဖြစ်ပါတယ်။

နောက်တဦးကတော့ အိန္ဒိယနိုင်ငံကို ခရီးသွားခဲ့သူ အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး၊ တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံမှာ ကုသမှုပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ အိန္ဒိယနိုင်ငံကနေ မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ တပ်မတော်သားတွေထဲက နောက်ထပ် တစ်ယောက်မှာ COVID-19 ရောဂါကူးစက်နေကြောင်း ဒီကနေ့ အစောပိုင်းမှာပဲ သတင်းထုတ်ပြန်ထားတာပါ။

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး မေလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့တဲ့ တပ်မတော်သား ၁၈ ယောက်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းမှာ အသွားအလာကန့်သတ် စောင့်ကြည့်ထားပြီး စစ်ဆေးရာမှာ ရောဂါပိုးကူးစက်သူ အရာရှိ တစ် ဦးကို ထပ်မံတွေ့ရှိခဲ့တာလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၉ ရက်နေ့အထိဆိုရင် ရောဂါပိုး ကင်းစင်သွားသူ ၁၅၉ ဦး ရှိပြီဖြစ်ပြီး အဲဒီထဲက ၁၄၅ ဦးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးတော့ သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုနေပါတယ်။ နောက်ထပ် စောင့်ကြည့်လူနာအသစ်ကတော့ ၃၃ ဦးရှိပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ စတင်တွေ့ရှိခဲ့တဲ့ မတ်လကတည်းကဆိုရင် သေဆုံးသူ ၆ ဦးရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG