သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား ကိုဗစ်ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ထုတ်ပြန်


ဂျာမနီနိုင်ငံ Magdeburg မြို့မှာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ စည်းကမ်းတွေကို ကန့်ကွက်ဆန္ဒပြနေသူများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂)
ဂျာမနီနိုင်ငံ Magdeburg မြို့မှာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ စည်းကမ်းတွေကို ကန့်ကွက်ဆန္ဒပြနေသူများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂)

(Zawgyi / Unicode)

ကမ္ဘာတလွှား အိုမီခရွန်ကိုဗစ်ပိုး ကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်ဖို့ နိုင်ငံတော်တော်များများမှာ ကပ်ရောဂါကာကွယ်ရေး အစီအစဉ်တွေကို တိုးမြှင့်နေချိန်မှာပဲ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

ဂျာမနီနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူတွေအပေါ် ကန့်သတ်ချက် ထုတ်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ မြို့အတော်များများမှာ စနေနေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အိုမီခရွန်ကိုဗစ်ပိုး ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ စည်းကမ်းတွေကို ကန့်ကွက်တဲ့ အဓိက ဆန္ဒပြပွဲကြီးတွေကို Düsseldorf, Frankfurt နဲ့ Magdeburg မြို့တွေမှာ တွေ့ခဲ့ရသလို တခြားမြို့တွေမှာလည်း ကန့်ကွက်လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

စားသောက်ဆိုင်နဲ့ အရက်ဘားဆိုင်တွေမှာ စားသုံးလိုသူတွေအနေနဲ့ ကာကွယ်ဆေး ထိုးထားတာ ဒါမှမဟုတ် ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း အထောက်အထား ပြသဖို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က သောကြာနေ့မှာပဲ ကြေညာထားတာပါ။

ဗြိတိန်နိုင်ငံမှာတော့ ကိုဗစ်ရောဂါကူးစက်မှု ၁ သိန်းခွဲနီးပါး စံချိန်တင် များပြားခဲ့ကြောင်း စနေနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ စတင်ခဲ့ချိန်ကစလို့ သေဆုံးသူ အရေအတွက်ဟာလည်း ၁ သိန်းခွဲ ရှိသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့တာကြောင့် ရုရှားနိုင်ငံကလွဲလို့ ဥရောပမှာ သေဆုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီး Sajid Javid ကတော့ ဆေးရုံတင် ကုသရတဲ့ လူနာအရေအတွက် တိုးလာနေပြီး ရှေ့သီတင်းပတ်တွေမှာ ဗြိတိန်နိုင်ငံရဲ့ ကျန်းမာရေး စနစ်အတွက် အခက်အခဲတွေ ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ကိုဗစ်အတည်ပြုလူနာ ၄ ဆနီးပါး တိုးလာတဲ့ အိန္ဒိယနိုင်ငံမှာတော့ ကူးစက်မှုတွေကို ဟန့်တားနိုင်ဖို့ မြို့တော် နယူးဒေလီကို စနေနေ့က သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပါတယ်။ ဆိုင်အများစု ပိတ်ထားပြီး မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းတွေကိုသာ ဖွင့်ခွင့်ပြုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG