သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ အထိ ကိုဗစ်ကပ်ဘေး ကြုံရနိုင်ဖွယ်ရှိဟု Pfizer ခန့်မှန်း


မိသားစုနဲ့ အီတလီကို သွားရောက်မယ့် ကလေးငယ်တဦးကို မီယာမီလေဆိပ်မှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၁)
မိသားစုနဲ့ အီတလီကို သွားရောက်မယ့် ကလေးငယ်တဦးကို မီယာမီလေဆိပ်မှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

ကမ္ဘာမှာ ကြုံနေရတဲ့ ကိုဗစ်ကပ်ဘေးဟာ ၂၀၂၄ ခုနှစ်အထိ ကြုံနေရနိုင်တယ်လို့ ကိုဗစ်ကာကွယ်ဆေး အဓိကထုတ်လုပ်နေတဲ့ Pfizer ကုမ္ပဏီက ခန့်မှန်းပြောဆိုပါတယ်။ ဒါ့အပြင် အသက် ၂ နှစ်ကနေ ၄ နှစ်အထိ ရည်ရွယ်ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ သူတို့ မျှော်မှန်းထားသလောက် ခုခံစွမ်းအား မရှိဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် ကလေးငယ်တွေအတွက် ကိုဗစ်ကာကွယ်ဆေး အတည်ပြုပေးနိုင်မယ့် အလားအလာလည်း နောက်ကျနိုင်ပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုတွေဟာ တချို့ဒေသတွေမှာ လာမယ့် ၁ နှစ်၊ ၂ နှစ် ကာလတွေအထိ ရှိနေနိုင်တယ်လို့ Pfizer ကုမ္ပဏီရဲ့ သိပ္ပံရပ်ဆိုင်ရာ အရာရှိချုပ် Mikael Dolsten က ရင်းနှီးမြှုပ်နှံသူတွေကို ရှင်းပြတဲ့ပွဲတခုမှာ ပြောဆိုပါတယ်။

တခြားနိုင်ငံတွေမှာတော့ ရောဂါပိုးဟာ ပုံမှန် အသားကျလာတဲ့သဘောနဲ့ ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အဆင့်မျိုးမှာတော့ ရှိနေဦးမယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်ကျရင်တော့ ရောဂါပိုးဟာ တကမ္ဘာလုံးမှာ အသားကျလာမယ်လို့ Pfizer က ခန့်မှန်းပါတယ်။

ရောဂါပိုး အသွင်ပြောင်းလဲမှု ဖြစ်စဉ်တွေကတော့ ကာကွယ်ဆေးတွေကို ဘယ်လိုဖြန့်ဖြူး ထိုးနှံပေးနိုင်မလဲ ဆိုတာနဲ့ ကာကွယ်ဆေးထိုးမှု အားနည်းနေတဲ့ နေရာတွေမှာ ကာကွယ်ဆေး ဘယ်လောက်ဖြန့်ပေးနိုင်မလဲ ဆိုတာတွေပေါ် တည်မယ်လို့လည်း Dolsten က ပြောပါတယ်။

မျိုးကွဲသစ် ပေါ်လာတာတွေကလည်း ကပ်ဘေးလျော့ပါးသွားဖို့ အလားအလာတွေကို ထိခိုက် သက်ရောက်မယ်လို့ ဆိုပါတယ်။

Pfizer ဟာ ဂျာမနီနိုင်ငံက BioNTech SE နဲ့တွဲပြီး ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ခဲ့ရာမှာ လာမယ့်နှစ် သူ့ဝင်ငွေဟာ ၃၁ ဘီလီယံဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ လာမယ့်နှစ်မှာ ကာကွယ်ဆေး ၄ ဘီလီယံ ထုတ်ဖို့လည်း အစီအစဉ် ရှိပါတယ်။ ဒါ့အပြင် သူစမ်းသပ်ထုတ်လုပ်တဲ့ Paxlovid ဆေးဟာလည်း ကိုဗစ်ရောဂါရှိသူတွေကို သက်သာပျောက်ကင်းနိုင်တယ်လို့ စမ်းသပ်တွေ့ရှိမှုတွေ ရှိထားတာပါ။

လက်ရှိ ကမ္ဘာမှာ ပျံ့နှံ့လာတဲ့ Omicron ကိုဗစ်မျိုးကွဲ ပေါ်မလာခင်ကတော့ အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၂ ခုနှစ်ကျရင် ကပ်ဘေး အဆုံးသတ်နိုင်မယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး အကြီးအကဲ Anthony Fauci က ခန့်မှန်းထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)









XS
SM
MD
LG