သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဒေသ ကိုဗစ်ကူးစက်မှုကြောင့် ကန့်သတ်မိန့်ထုတ်ပြန်ထား


အောက်ဆီဂျင်ဖြည့်ရန် တန်းစီစောင့်နေကြသူများ။ (မန္တလေး၊ ၁၃ ဇူလိုင် ၂၀၂၁)
အောက်ဆီဂျင်ဖြည့်ရန် တန်းစီစောင့်နေကြသူများ။ (မန္တလေး၊ ၁၃ ဇူလိုင် ၂၀၂၁)

(Zawgyi/Unicode)

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ လီဒိုလမ်းပေါ်က ဝါရာဇွပ်ကျေးရွာအုပ်စုမှာ လူ ၉၀ ကျော်ကို COVID-19 စစ်ဆေးတာမှာ ၄၀ ကျော်လောက်မှာ ပိုးတွေ့ရှိရပြီး သူတို့ကို သီးခြားခွဲ ကုသမှုပေးနေရပါတယ်။ ဖားကန့်မြို့နယ်မှာလည်း ကိုဗစ်ပိုးတွေ့လူနာ များလာတာကြောင့် နေအိမ်မှာနေထိုင်ဖို့ Stay at home အဖြစ် သတ်မှတ် ထားပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ် ကိုဗစ်ကူးစက်မှုသတင်းကို ကိုအောင်မြတ်သူ ပြောပြထားပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ COVID ကူးစက်မှု မြင့်တက်နေချိန်မှာပဲ သွားလာရေးခက်ခဲတဲ့ ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းပေါ်က ဝါရာဇွပ်ကျေးရွာအုပ်စုမှာ COVID-19 ဆေးစစ်သူရဲ့ ထက်ဝက်နီးပါးလောက်မှာ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလို ကူးစက်နေသူအများစုဟာ ရှဒူဇွပ်ကျေးရွာကဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဆေးစစ်လို့ ရရှိတဲ့အဖြေကို ဒေသခံရွာသားတဦးက VOA ကို အခုလို ပြောပါတယ်။

“ပိုးကတော့ အားလုံးပေါင်းရင်တော့ ၄၄ ယောက်ပေါ့။ အရင်နေ့ကတော့ ၃၇ ယောက်ထဲက ၁၅ ဦးတွေ့တယ်။ မနေ့ကတော့ ၅၅ ဦးထဲက ၂၉ ဦးတွေ့တယ်။ အခုလောလောဆည် ရှဒူဇွပ်ကျောင်းမှာထားတယ်။”

အခြားဒေသခံတဦးကလည်း ဒီနေ့မှာ လူ ၃၀ လောက် ထပ်မံစစ်ဆေးနေပြီး လောလောဆည်မှာ အဖြေမရသေးဘူးလို့ ပြောပါတယ်။

“ဒီနေ့ကတော့ ၃- ၄ ဆယ်လောက် စစ်တယ်ပြောတယ်။ ဘယ်လောက် Confirm ဖြစ်မယ်ဆိုတာတော့ မသိသေးဘူး။ စစ်တာတော့ ဌာနေပြည်သူ့စစ်ကနေပြီး တာဝန်ယူစစ်ပေးနေတာပေါ့။ အဓိကကတော့ တပ်ဆရာဝန်နဲ့ ဌာနေပြည်သူ့စစ်ကနေပြီး COVID စစ်တဲ့ ပစ္စည်းရဲ့တန်ဖိုးတွေပါ သူတို့က တာဝန်ယူ ကူညီပေးတာပေါ့။”

ပိုးတွေ့သူတွေကို ရှဒူဇွပ်ရွာ အထက်တန်းကျောင်းမှာ Quarantine Center သဘောနဲ့ သီးခြားခွဲ စောင့်ရှောက်နေကြောင်း ပြောပါတယ်။

“ပိုးတွေ့တဲ့သူကိုတော့ ကျနော်တို့ ရှဒူဇွပ် အထက စာသင်ကျောင်းမှာပေါ့။ ပြောမယ်ဆိုရင်တော့ Quarantine ဝင်တဲ့ ပုံစံမျိုးပေါ့။ အစားအသောက်နဲ့ သူတို့ရဲ့ အခြေခံစားသောက်ကုန်တွေတော့ စီစဉ်ထားပေးတယ်။”

ဒီလ ၂၀ ရက်နေ့မှာ ဖားကန့်၊ ရွှေကူ၊ မိုးကောင်းမြို့နယ်တွေကို Stay at home မြို့နယ်တွေအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာကြောင့် အခုဆိုရင် ကချင်ပြည်နယ်မှာ Stay at home သတ်မှတ်ထားတာ ၅ မြို့နယ်ရှိလာပြီဖြစ်ပါတယ်။

ဒီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ ဖားကန့်မြို့နယ်မှာ အတည်ပြုလူနာ ၂၅ ဦးရှိပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဖားကန့်မြို့က ပရဟိတလုပ်ငန်းတွေကို ဆောင်ရွက်နေသူတဦးကတော့ ကူးစက်မှုဟာ ဒီထက်များပြားနိုင်သလို သေဆုံးမှုဟာလည်း ဒီထက် ပိုနိုင်ကြောင်း၊ Covid ရောဂါဖြစ်သူအတော်များများဟာ နေအိမ်မှာပဲ ကိုယ့်ဖာသာ ကုသတာတွေရှိနေတာကြောင့် တိကျတဲ့စာရင်းရဖို့ ခက်ခဲနိုင်ကြောင်း ပြောပါတယ်။

လက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဟာ အရင် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့မတူဘဲ ကျန်းမာရေးဝန်ထမ်း နည်းပါးတာကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုများပြားတာလို့ ယူဆကြောင်း ပြောပါတယ်။

“ကျနော့အထင်က ဒီပိုးကို ကုသလို့ မရဘူးဆိုသည့်တိုင်အောင် ဒီလူနာကိုပြုစုမယ့် ဆရာဝန်တွေ၊ တတ်ကျွမ်းတဲ့ ဆရာတယောက် တော်တော်လိုအပ်တယ်။ အခုကမရှိဘူး။ နောက်ပြီးတော့ အရင်တုံးက ရောက်လာတာနဲ့ ချက်ချင်းစစ်တယ်။ အခုက အဲလိုမလုပ်နိုင်ဘူး။ အဲဒါဆိုတော့ တော်တော်လွန်ပြီးမှ လုပ်တယ်ဆိုတော့ အခက်အခဲ တအားများသွားပြီ။ တခါတည်းစစ်လိုက်လို့ Positive, Negative ဖြစ်တယ်ဆို ခွဲထုတ်လိုက်ရင် နောက် တတ်ကျွမ်းတဲ့ဆရာတွေနဲ့ နောက် ကျနော်တို့ volunteer တွေရဲ့အားနဲ့ လုပ်လိုက်လို့ရှိရင် ဒီလောက်ထိ အသေအပျောက်မရှိနိုင်ဘူး။ အခုဟာက အောက်စီဂျင် တအားကျပြီးမှ ကုရတယ်ဆိုတဲ့ဟာက ဆုံးရှုံးမှုတွေ တော်တော်ဖြစ်တာပေါ့။”

လတ်တလောနိုင်ငံရေးအခြေအနေကြောင့် ဆရာဝန်တွေ လုပ်ငန်းခွင်မဝင်တာ ရှိနေသလို ပရဟိတ အကျိုးဆောင်သူတွေလည်း နည်းပါးနေကြောင်း ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ Stay at home စတင်အကျုံးဝင်တဲ့ ဒီနေ့မှာ ဖားကန့်ဆေးရုံကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လောလောဆည်မှာ ဆရာဝန်တယာက်နဲ့ ဝန်ထမ်း ၄ ဦးသာရှိကြောင်းလည်း ပြောပါတယ်။

ကချင်သတင်းဌာနတခုဖြစ်တဲ့ Kachin News Group ကတော့ ဇွန်လကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ COVID-19 ပိုးတွေ့ရှိသူ မြစ်ကြီးနားမှာ ၂,၀၀၀ ကျော်၊ ဗန်းမော်မှာ ၅၀၀ ကျော်၊ ရွှေကူမှာ ၄၀၀ နီးပါး၊ မိုးကောင်းမှာ ၄၀၀ ကျော်၊ ဖားကန့်မှာ ၄၀၀ လောက်ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ၁၈ ရက်နေ့ ည ၈ နာရီကနေ ၁၉ ရက်နေ့ ည ၈ နာရီထိ စစ်ဆေးတွေ့ရှိချက်အရ ကချင်ပြည်နယ်မှာ ကူးစက်သူ ၁၃၉ ဦးနဲ့ သေဆုံးသူ ၈ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။

.......................

(Unicode)



















XS
SM
MD
LG