သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ တိုက်ပွဲပြန်ဖြစ်


မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)
မင်းတပ် စစ်ဘေးရှောင် ပြည်သူများ။ (ဇွန် ၆၊ ၂၀၂၁။ ဓာတ်ပုံ - မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့)

(Zawgyi/Unicode)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ဒေသခံကာကွယ်ရေးCDFအဖွဲ့နဲ့စစ်ကောင်စီတပ်ဖွဲ့တို့အကြား အပစ် ခတ်ရပ်စဲရေးဆွေးနွေးရာမှာ သဘောတူညီချက်မရလို့ ဒီကနေ့မနက်ပိုင်းက နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲတဖန် စတင်ဖြစ်ပွါးလာတယ်လို့ CDFခေါင်းဆောင်တွေက ပြောပါတယ်။ ဒီလိုစစ်ရေးတင်းမာလာမယ်ဆိုရင် စစ်ဘေး ရှောင်တွေအရေး စိုးရိမ်စရာရှိတယ်လို့လဲဆိုပါတယ်။ ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထားပါတယ်။

မင်းတပ်ဒေသခံကာကွယ်ရေးCDFအဖွဲ့နဲ့စစ်ကောင်စီတပ်ဖွဲ့တို့အကြား ယာယီအပစ်အခတ်ရပ်စဲထားတဲ့ ချင်းပြည် နယ်မင်းတပ်မြို့နယ်မှာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်မရလို့ ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွါးတယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဆလိုင်တူမီးကပြောပါတယ်။

"ရွှေအောင်သာဘက်မှာတော့ပြန်ပစ်နေကြပြီ။ မင်းတပ်နယ်အပိုင်ပေါ့။ ဒီမနက်စောစောပစ်တယ်။ (၇)နာရီဝန်းကျင်။ အပစ်ရပ်ကာလကုန်သွားပြီး။ နေ့ရက်ကုန်သွားပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ဆက်ဆွေးနွေးတယ်။ လက်နက်ပြန် အပ်ဖို့ဘာညာပေါ့ဗျာ။ စစ်တပ်ဘက်ကနေပြောတာ။ ဒါပေမဲ့ ကျွန်တော်တို့ဘက် လူငယ်ဘက်ကနေပြီး ဒါမဖြစ်နိုင် ဘူးပေါ့။ အဲဒါ ဆက်လက်ညှိနှိုင်းတဲ့ဟာလဲ မအောင်မြင်တော့ဘူး။ သူတို့ဘက်ကလဲ အခုစပစ်နေကြပြီး။ CDFဘက် ကနဲ့အပြန်အလှန်ပစ်နေကြပြီ အခုက။ မတူပီဘက်ကဆင်းလာတဲ့စစ်ကားတွေလဲ (၆၈)မိုင်ရောက်လာ ကြပြီးပြော ကြတယ်။"

ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်းထိခိုက်မှုကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစလို့ မင်းတပ် CDF-အဖွဲ့ နဲ့စစ်ကောင်စီတပ်တို့ကြား (၁၄)ရက်အကြာ အပစ်ခတ်ရပ် စဲရေး သဘောတူညီချက်ဟာ ဇူလိုင်လ(၄)ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီ ဖြစ်ပါတယ်။

ဇူလိုင်(၁၈)ရက် တနင်္ဂနွေနေ့မှာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တို့ အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ ရာမှာ လက်နက်ချရေးအချက်ကြောင့် သဘောတူညီချက် ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲပြန်ဖြစ်လာတာလို့ပြောပါတယ်။

ဒီအပစ်ရပ်စဲရေးဆွေးနွေးတာမှာ မင်းတပ် CDF-အဖွဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မြို့မိမြို့ဖတို့ကနေ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

မင်းတပ်မြို့နယ်ဘက်တိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

အပစ်ရပ်စဲရေးပျက်ပြယ်လို့တိုက်ပွဲဆက်ဖြစ်လာရင်စစ်ဘေးရှောင်တွေအနေနဲ့ အခက်ခဲရှိလာမယ်လို့ မင်းတပ် စစ်ရှောင်စခန်းတာဝန်ရှိသူတဦးကပြောပါတယ်။

"ပြင်းထန်မဲ့အနေအထားရှိတယ်။ ပြည်သူလဲတော်တော်ဒုက္ခရောက်နေပြီးဆိုတော့ အခုထပ်ဖြစ်ရင် တော်တော်ဒုက္ခ ရောက်ကြမယ်။ မြို့ဘက်ကနေ ရွာဘက်ပြေးတဲ့သူတွေလဲ ထပ်ပြီးတိုးလာတာ များတဲ့အခါကျတော့လေ စားနပ်ရိက္ခာ တို့ ဒီကျန်းမာရေးနဲ့ဆိုင်တဲ့ဆေးဝါးတို့ လုံးဝမရကြဘူး။"

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့လောက်ကစပြီး ချင်းကာကွယ်ရေးအဖွဲ့ (CDF)နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်နဲ့ကျေးရွာတွေက စစ်ဘေးရှောင်ဦးရေသောင်းကျော်ဟာ တောတောင် တွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

စစ်ကောင်စီဘက်ကတော့ မင်းတပ်မြို့ပေါ်ရှိ ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို အကန့် အသတ်နဲ့ လက်ခံမယ်လို့မေလ(၂၉)ရက်နေ့က ထုတ်ပြန်ကြေညာထားပြီး နောက်ပိုင်းမှာတော့ စစ်ဘေးရှောင် တချို့ နေရပ်ပြန်ကြပေမဲ့ အများစုကတော့ မပြန်နိုင် ကြသေးပါဘူး။

မင်းတပ်မြို့ပေါ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေ မနေ့ကစတင်ဖြန့်ဝေပေးပါတယ်။

ဒီကနေ့မှာလဲ မြို့ပေါ်ကစစ်ရှောင်စခန်းတချို့မှာ ထောက်ပံ့ပစ္စည်းတွေ ပေးဝေနေပေမဲ့ နယ်ဘက်စစ်ရှောင်စခန်းတွေမှာ လုံခြုံရေးအခြေအနေအရ စစ်ကောင်စီဘက်ကသွားခွင့်မပြုဘူးလို့ မင်းတပ်မြို့ပေါ်ဘာသာရေး ခေါင်း ဆောင်တဦးကပြောပါတယ်။

" မြို့ပေါ်စခန်းမှာ လက်ရှိနေထိုင်တဲ့သူများကိုဘဲ ပေးကြပြီးမှ ကျန်တဲ့ဟာကျတော့ နယ်ဘက်မှာရှိနေတဲ့စခန်း ဘက်မှာလဲ သူတို့သွားဖို့က သွားလာဖို့ကလုံခြုံရေးအရ အခက်ခဲရှိတယ်လို့ဘဲ ယူဆပါတယ်။"

ဒီနေ့မှာလဲ ခရစ်ယာန်နှစ်ခြင်းကျောင်းနဲ့ စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်းတွေမှာ UNHCR အဖွဲ့ကနေ အသုံးဆောင်ပစ္စည်းတွေ ဖြန့်ဝေနေတယ်လို့ဆိုပါတယ်။

UNHCR ကနေ COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာတွေ အပါအဝင်၊ အသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ တာပေါ်လင်စတွေ၊ ခြင်ထောင်၊ ဖျာ၊ စောင်တွေနဲ့၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်တွေကို ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမယ့်အကြောင်း ပြီးခဲ့တဲံရက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အိမ်ထောင်စု ၁,၀၀၀၊ လူဦးရေ ၅,၀၀၀ အထိကို အကူအညီပေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မင်းတပ်မြို့နယ်က ဒုက္ခသည် သောင်းကျော်ဟာ အနည်းဆုံးနေရာ ၁၈ ခုမှာ ခိုလှုံနေကြပါတယ်။

........................................................................................

တိုက်ရိုက် လင့်ခ်


(Unicode)




















XS
SM
MD
LG