သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကူးစက်သူတိုး


=== [[ Zawgyi ]] ===

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ်က အင်ဂွမ်လ ကျေးရွာ အထက်တန်းကျောင်းနဲ့ တရုတ်မြန်မာနယ်စပ်က မိုင်ဂျာယန်မြို့က ဒုက္ခသည်စခန်းမှာ ကိုဗစ်ရောဂါ ပိုးတွေ့လူနာ ၈၀၀ လောက်ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အင်ဂွမ်လရွာမှာ ကျောင်းသား ၄၀၀ကျော်နဲ့ မိုင်ဂျာယန်မှာလည်း ၄၀၀နီးပါးလောက် ကူးစက်ခံနေရပြီးဆေးဝါးနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း မြန်မာပြည်က ပေးပို့တဲ့ သတင်းဆောင်းပါးကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ်က အင်ဂွမ်လ ကျေးရွာ အထက်တန်းကျောင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စတင်အတည်ပြုခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့အထိဆိုရင် ၄၅၀ လောက် ရှိနေပါတယ်။

ရောဂါကူးစက်သူတွေ များလာတာတွေ့ရပေမဲ့ ရောဂါလက္ခဏာ ပြင်းထန်တာမျိုးတော့ မတွေ့ရဘူးလို့လည်း KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ အခုကတော့ ရွာသားတွေလည်း နည်းနည်းပါးပါး ဖြစ်တာ ရှိပါတယ်။ ကျောင်း ဆရာ၊ ဆရာမတွေမှာလည်း ဖြစ်တာရှိပါတယ်။ အဓိက ဖြစ်တာကတော့ ကျောင်းမှာပေါ့။ စာသင်ကျောင်း ဘော်ဒါဆောင်မှာ စဖြစ်တာဖြစ်ပါတယ်။ အခုထက်ထိကတော့ ၄၀၀ကျော် တွေ့ထားတာ ရှိပါတယ်။ ဒါပေမဲ့ ရောဂါ အခြေအနေကတော့ သိပ်ဆိုးဆိုးဝါးဝါးတော့ မရှိဘူးခင်ဗျ။”

အင်ဂွမ်လကျေးရွာ အထက်ကျောင်းမှာတော့ အင်ဂျန်းယန်မြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ကျေးရွာတွေက ကျောင်းသားတွေ လာတက်လေ့ရှိပြီး၊ ဘာသာရေးအဖွဲ့အစည်းတွေက ဖွင့်လှစ် တဲ့ ဘော်ဒါဆောင်တွေမှာ နေထိုင်ကြပါတယ်။

အင်ဂျန်းယန်မြို့နယ်ဟာ မေခနဲ့ မလိခ မြစ်နှစ်သွယ်အကြားက တြိဂံဒေသမှာ တည်ရှိပြီး အသွားအလာ ခက်ခဲတဲ့ဒေသဖြစ်သလို ပြီးခဲ့တဲ့လတွေက စစ်ကောင်စီတပ်နဲ့ KIAအကြား တိုက်ပွဲဖြစ်ပွားတာကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့ဒေသဖြစ်ပါတယ်။

လောလောဆည်မှာတော့ ရောဂါပိုးကူးစက်ခံရသူတွေကို သီးခြားခွဲကုသပေးနေသလို အသွားအလာ ကန့်သတ်တာတွေကိုလည်း ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း ကူးစက်မှု အခြေအနေ ပိုဆိုးလာခဲ့မယ်ဆိုရင် ဆေးဝါးနဲ့ ရိက္ခာ အဟာရ ပို့ဆောင်ဖို့ အခက်အခဲရှိနိုင်ကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ရောဂါတွေ ပိုပြီးမှ ပြင်းပြင်းထန်ထန် ကူးစက်ပြန့်နှံသွားမယ်ဆိုလိုရှိရင်တော့ အခက်အခဲက အများကြီး ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြစ်ကြီးနားဘက်ကပဲ ဆက်သွယ်လို့ ရတဲ့နေရာဖြစ်ပါတယ်။ အခြားနေရာက ဘာမှ ဆက်သွယ်လို့ .. ဒီ ဆေးဝါးပစ္စည်းတွေ သွားယူလို့လည်း မရဘူးဆိုတော့ ဆိုးဝါးလို့ရှိရင်တော့ အခက်အခဲရှိနိုင်ပါတယ်။ နောက်တစ်ခု ရှိတာကတော့ အဲဒီရောဂါက သိတဲ့အတိုင်း အစာအဟာရတွေ တော်တော်များများ ထောက်ပံ့ရတဲ့ ရောဂါတွေ ဖြစ်တယ်ဆိုတော့ အဲဒီအစာအဟာရတွေ၊ ခွန်အားရှိတဲ့ အစားအစာတွေ ထောက်ပံ့ဖို့ကလည်း အရေးကြီးပါတယ်။ အဲဒါတွေအတွက်လည်း အဆက်အသွယ်ကတော့ အခက်အခဲ ရှိလာနိုင်ပါတယ်။”

တချိန်တည်းမှာပဲ ဇွန်၊ ဇူလိုင်လောက် Covid ပိုးကူးစက်မှု မြင့်မားခဲ့တဲ့ KIO ထိန်းချုပ်ရာ တရုတ် မြန်မာနယ်စပ် မိုင်ဂျာယန်မြို့မှာလည်း ပိုးကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနေပါတယ်။

“ ၂၅ရက်နေ့မှာ Swift တွေကို စစ်ထားတာ မနေ့ကပဲ Result တွေ ပြန်ထွက်တာ အဲဒီဘက်မှာလည်း ၁၀၀ကျော် တွေ့ထားတာရှိပါတယ်။ ဒါ တရုတ်နယ်စပ်ဖြစ်ပါတယ်။ အဲဒီဘက်ကတော့ ၆လ ပိုင်းကတည်းကနဲ့ ဖြစ်တဲ့ ရောဂါတွေကတော့ အားလုံးပြန်ပျောက်သွားတဲ့အနေအထား မရှိဘဲနဲ့၊ ဟိုရွာမှာ ပြန်ပေါ်လိုက်၊ ဒီရွာမှာ ပြန်ပေါ်လိုက်နဲ့ တဝဲလည်လည်ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီဘက်မှာလည်း ရောဂါ ကူးစက်ပြီးမှ ပြင်းထန်တဲ့အနေအထားတွေ၊ ပြင်းထန်တဲ့ လူနာတွေ၊ ဆိုးဝါးတဲ့ လူနာတွေကိုတော့ မတွေ့ရဘူး။ ပိုးတွေ့သလောက်ပဲ ဖြစ်ပါတယ်။ ”

တကျော့ပြန် ကူးစက်မှုတွေ ကြုံနေရတဲ့ မိုင်ဂျာယန်မှာ ကူးစက်မှု အများစုဟာ ပါကထောင် စစ်ပြေးဒုက္ခသည်စခန်းမှာ ဖြစ်ပါတယ်။ လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ ဒုက္ခသည်ခန်းမှာ လူ ၅၀၀ ကျော်စစ်ဆေးပြီး ၂၀၀ ကျော် ကူးစက်နေကြောင်း စခန်းမှာ အကူအညီပေးနေသူ တယောက်က ပြောပါတယ်။

“ ကျမတို့ ကြည့်နေတဲ့ IDP စခန်းတခုဖြစ်တဲ့ ပါကထောင်စခန်းကတော့ အယောက် ၂၀၀ကျော်ပေါ့နော်။ မနေ့ကပဲ IDP စခန်းကနေ Care Centre / Treatment Center ဘက်ကို ရွှေ့တယ်။ လက်ရှိ ဟိုမှာ ရှိနေတဲ့သူက အယောက် ၃၀ကျော်ရယ်၊ နောက်ထပ် ကျောင်းတစ်ခုက ၆၀ကျော်ရယ်။ နောက်ဘေးပတ်ဝန်းကျင်ကလည်း ဖြစ်နေတာ Treatment Center ကို မသွားဘဲ ကိုယ်ဟာကိုယ် ကိုယ့်အိမ်မှာပဲ Home Quarantine လုပ်နေတဲ့ သူနဲ့ ဆို ကျမ ထင်တယ် အခုက ၃၀၀ ကျော် ၄၀၀ ပေါ့နော်။ ဒါတောင် အခု ထပ်စစ်ထားသေးတယ်။”

ပြီးခဲ့တဲ့ဇွန်၊ ဇူလိုင်လတွေအတွင်းမှာ အသွားအလာကန့်သတ်တာခဲ့တာနဲ့ လက်ရှိမှာ စစ်ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာမထောက်ပံ့တာ ၃လကျော်လာတာကြောင့် စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရသလို ဆေးဝါးလည်းလိုအပ်နေကြောင်း ပြောပါတယ်။

“ အဓိက လိုအပ်ချက်ကတော့ အစားအသောက်ရယ်၊ ဆေးဝါးရယ်လို့ ပြောလို့ ရမှာ၊ ဘာလို့လဲဆို ဒီ IDP စခန်းမှာက စားနပ်ရိက္ခာပြတ်လပ်နေတာက ၃လကျော်ရှိပြီလေ။ အခြေခံစားနပ်ရိက္ခာက ဆန်၊ ဆီ၊ ဆား၊ ပဲ ပေါ့နော်။ မရတာ အခု ၃လလောက်ရှိပြီ။ အစားအသောက် ခက်ခဲတယ်။ အခု Positive ဖြစ်ပြီဆိုတော့ သိတဲ့အတိုင်းပဲ Camp ကလည်း Lockdown ဖြစ်သွားပြီ၊ ဒီ Positive ဖြစ်တဲ့လူတွေကို သွားပြီးတော့ ချက်ကျွေးဖို့ ဆိုတာလည်း ပြဿနာဖြစ်တယ်။ ပြီးရင် ကျမလည်း အဲဒီမှာ ရှိတဲ့ ဆရာဝန်ပိုင်းကို မေးမြန်းကြည့်တဲ့အခါ ဆေးဝါးကိစ္စကတော့ တော်တော်များများလိုတယ်။ ပြီးရင် အောက်စီဂျင်တွေ လိုအပ်နေတယ်။ အောက်စီဂျင်ရှိထားဖို့ ဆိုတာ ရယ်ဒီ ရှိထားဖို့ လိုတယ်လို့ ပြောတာပါ။ ”

လက်ရှိမှာတော့ မိုင်ဂျာယန်မှာ ရောဂါဆိုးဆိုးဝါးဝါးဖြစ်တဲ့အခြေအနေမရှိဘဲ အရေးပေါ် ကုသရေးဆောင် ICU လူနာ ၂ယောက်သာ ရှိတာဖြစ်ပါတယ်။

Covid 19 ကူးစက်မှုကြောင့် တရုတ်နိုင်ငံဘက်က နယ်စပ်ကို ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ တင်သွင်းဖို့ ခက်ခဲနေသလို အာလူးတစ်အိတ်ကို ကျပ်ငွေ တစ်သိန်းလောက်အထိ ဈေးမြင့်တက်နေတာလည်း ဖြစ်ပါတယ်။

မိုင်ဂျာယန်မှာ Covid 19 ကူးစက်မှု ပြန်လည် မြင့်တက်လာတာကြောင့် ကြာသပတေးနေ့ကစတင်ပြီး Lockdown ခေါ် အသွားအလာကန့်သတ်တာကို ပြန်လည် ချမှတ်ထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ မိုင်ဂျာယန်မြို့မှာ Covid 19 ရောဂါပိုးရှိ မရှိ စစ်ဆေးစမ်းသပ်တာတွေ ဆောင်ရွက်နေပြီး ပိုးမတွေ့သူတွေကို ကာကွယ်ဆေး ထိုးနှံပေးတာတွေလည်း ရှိပါတယ်။

မိုင်ဂျာယန်မြို့မှာ ဇွန်၊ ဇူလိုင်လတွေက Covid ကူးစက်သူ လူနာ ၄၅၀၀ လောက်ရှိခဲ့ပြီး အသွားအလာကန့်သတ်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ သြဂုတ်လကုန်ပိုင်းမှာ ပိုးတွေ့လူနာ ၂၀၀လောက်သာ ကျန်ရှိတာကြောင့် စက်တင်ဘာလ ၁ရက်နေ့မှာ အသွားအလာကန့်သတ်တာကို ဖြေလျော့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


=== {{ Unicode }} ===





















XS
SM
MD
LG