သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ထိန်းချုပ်ရာ အင်ဂျန်းယန်မှာ ကျောင်းသား ၄၀၀ ကျော် ကိုဗစ်ကူးစက်


မိုင်ဂျာယန် နယ်မြေ COVID-19 ကာကွယ်ရေးလုပ်ငန်းတွေကို စစ်ဆေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - The Kachin Net၊ Kachin News Group - ဧပြီလ ၂၅၊ ၂၀၂၀)
မိုင်ဂျာယန် နယ်မြေ COVID-19 ကာကွယ်ရေးလုပ်ငန်းတွေကို စစ်ဆေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - The Kachin Net၊ Kachin News Group - ဧပြီလ ၂၅၊ ၂၀၂၀)

KIO ထိန်းချုပ်ရာ အင်ဂျန်းယန်မှာ ကျောင်းသား ၄၀၀ ကျော် ကိုဗစ်ကူးစက်

{{Zawgyi/Unicode}}

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်က KIO ထိန်းချုပ်ရာ အင်ဂွမ်လကျေးရွာ အထက်တန်းကျောင်းမှာ ကျောင်းသား ၄၀၀ ကျော်လောက် Covid 19 ပိုးတွေ့ရှိခဲ့ပါတယ်။ သွားလာရေးခက်ခဲပြီး အစစ်အဆေး တင်းကြပ်တဲ့ ဒီဒေသမှာ Covid လူနာတွေအတွက် အရေးပေါ်ဆေးဝါး၊ ရိက္ခာလိုအပ်လာရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ခွင့်ပြုလိမ့်မယ်လို့လည်း ဒေသခံတွေက မျှော်လင့်နေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က Covid အခြေအနေကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။

Covid ကပ်ရောဂါကာလမှာ မြန်မာပြည်အဝှမ်းက ကျောင်းတွေ ပိတ်ထားပေမဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မြောက်ပိုင်းတိုင်းဒေသက ကျောင်းတွေကို စက်တင်ဘာလလောက်က ပြန်လည် ဖွင့်လှစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် အင်ဂွမ်လ ကျေးရွာက အထက်တန်းကျောင်းမှာ ကျန်းမာရေးစစ်ဆေးရာမှာ ကျောင်းသား ၄၀၀ ကျော်လောက်မှာ Covid ပိုးတွေ့ခဲ့ကြောင်း အင်ဂျန်းယန်ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ အင်ဂျန်းယန်မြို့နယ် အင်ဂွမ်လ ကျေးရွာပေါ့။ KIO ထိန်းချုပ်နယ်မြေက ပညာရေးကျောင်းပေ့ါနော်။ အဲဒီမှာ မနေ့က အထိ ၈၀၀ ကျော် စစ်တဲ့ အခါမှာ ၄၀၀ ကျော်ပေါ့။ ၄၀၀ကျော် ပိုးတွေ့တယ် ပြောတာ ကြားတယ်။ ဟိုဘက်မှာကျတော့ KBC ဘော်ဒါနဲ့ RC ပေ့ါ။ RC Church ဘော်ဒါ အဲလိုမျိုးကျောင်းသားတွေ၊ ခက်ခဲတဲ့ ကျောင်းသားတွေပေါ့။ လာနေတဲ့ ဘော်ဒါ ရှိတာပေါ့။ အဲဒီမှာ တော်တော်များများ ဖြစ်ကြတယ်လို့ ကြားတယ်။”

အင်ဂွမ်လကျေးရွာဟာ အင်ဂျန်းယန်မြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ် အစပ်ဒေသမှာ တည်ရှိပြီး ဒီနှစ်မြို့နယ်လုံးက ကျောင်းသားတွေဟာ အင်ဂွမ်လ အထက်တန်းကျောင်းမှာ လာရောက် စာသင်ကြတာပါ။

KIO ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အောက်တိုဘာလ ၂၃ရက်နေ့က ကျောင်းဆရာတစ်ဦး နေမကောင်းဖြစ်တာကို စစ်ဆေးရာက Covid ပိုး စတင်တွေ့ခဲ့ကြောင်း၊ ၂၇ရက်နေ့အထိ လူ ၈၀၀ ကိုစစ်ဆေးရာမှာတော့ ပိုးတွေ့သူ ၄၄၉ ဦးရှိကြောင်း ဖော်ပြထားပါတယ်။

Covid ပိုးတွေ့သူ များပြားတာကြောင့် အင်ဂွမ်းလရွာကို Lockdown ချထားပြီး ပိုးတွေ့လူနာတွေကို အထက်တန်းကျောင်းမှာ နေရာချထား ကုသပေးနေကြောင်းလည်း KIO လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။

အင်ဂွမ်လ ကျေးရွာနဲ့ အဆက်အသွယ်ရှိတဲ့ ကက်သလစ်ဘာသာ ဘုန်းတော်ကြီး တစ်ပါးကတော့ သူတို့အနေနဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းအသုံးအဆောင်တွေ ပေးပို့ထားကြောင်း မိန့်ကြားပါတယ်။

“ အဲဒီမှာတော့ ကက်သလစ်ဘာသာတွေက နည်းနည်းများတာပေါ့လေ။ ကျောင်းသားတွေက။ ခုနကပဲ Covid Response Team မှာ ပါတဲ့ ဖာသာ ခုနကပဲ ကျနော် မေးကြည့်လိုက်တယ်။ သူက မနေ့ကပဲတဲ့ ဆေးနဲ့ Covid Test Kit တို့၊ PPE တို့ ပို့ပေးလိုက်ပြီတဲ့ အခု မှာတဲ့ အဆင့်တော့ ပေးလိုက်တယ်တဲ့။ ဒါပေမဲ့ အစားအစာတော့ ဘာမှတော့ ပို့မပေးသေးဘူးတဲ့။”

ပြီးခဲ့တဲ့ လပိုင်းတွေက အင်ဂျန်ယန်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် လမ်းတလျောက်မှာ နှစ်ဘက် တပ်တွေက တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေ ရှိနေပါတယ်။

ဒါကြောင့် အင်ဂွမ်လရွာကို ဆေးဝါးနဲ့ ရိက္ခာ ပို့ဆောင်ဖို့ အခက်အခဲဖြစ်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန် ကတော့ Covid အတွက် အရေးပေါ် လိုအပ်လာရင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက ခွင့်ပြုလိမ့်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“ ကျနော် ကြားတာကတော့ အောက်စီဂျင်သွင်းတာမျိုး အဆင့်မဟုတ်ဘဲနဲ့ ရိုးရိုး တုပ်ကွေးဖျားနာပုံစံမျိုးပေါ့။ စစ်လိုက်တော့ Positive ဖြစ်တာပေါ့။ အဲလိုအခြေအနေမှာ ရှိတယ်လို့ တော့ ကြားတယ်။ အခြေအနေဆိုးတာတို့ ဘာတို့ ၊ အောက်စီဂျင်ပြတ်လပ်တာတို့ အခြေအနေ ဆိုးရင်တော့ ကျနော်တို့ ကူညီရမယ့် တာဝန်ရှိတယ်ဆိုတော့ အားလုံးလည်း ခွင့်ပြုရမှာပါ။ ဒါတော့။ ဟိုဟာပေါ့ ထောက်ခံစာတော့ လိုတာပေါ့။”

ဒီလ ၂၃ ရက်နေ့ကတော့ KIO မြောက်ပိုင်းတိုင်း ဒေသဖြစ်တဲ့ ပူတာအို၊ဆွမ်ပရာဘွမ်ဘက်မှာ Positive လူနာ ၁၁ဦး၊ Negative Center မှာ ဆေးကုသမှုခံယူနေသူ ၂၀ ဦးနဲ့ ကျန်းမာရေး စောင့်ကြည့်ခံရသူ ၂၄၉ ဦး ရှိကြောင်း KIO က ထုတ်ပြန်ထားပါတယ်။ အင်ဂျန်းယန်မြို့နယ် အင်ဂွမ်လ ကျေးရွာက နောက်ဆုံးအခြေအနေကို မေးမြန်းနိုင်ဖို့ KIO ကို ဆက်သွယ်ခဲ့ပေမဲ့ တာဝန်ရှိသူတွေ မအားလပ်တာကြောင့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

...............................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}














XS
SM
MD
LG