သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာဘက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာတွေ့ရတဲ့ သံချပ်ကာကားတစီး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာတွေ့ရတဲ့ သံချပ်ကာကားတစီး

(Zawgyi/Unicode)

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ဘက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတွေ နေထိုင်ရာနေရာပေါ် လက်နက်ကြီးကျည်တွေ ကျခဲ့ပါတယ်။ စစ်ရေးလှုပ်ရှားမှု ရှိမနေချိန် စစ်တပ်ကပစ်တာလို့ KIO ဘက်ကပြောပါတယ်။ တချိန်ထဲမှာပဲ ကချင်ပြည်နယ်၊ တနိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကြူကုတ် (ပန်ဆိုင်း) ဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်နဲ့ ရှမ်းမြောက်ဒေသက အခြေအနေကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို စက်တင်ဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ည ၁၀ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အနည်းဆုံး ၅ ချက်လောက် ပစ်ခတ်ခဲ့ပါတယ်။ လူအထိအခိုက်မရှိပေမဲ့ လက်နက်ကြီးကျည်ဟာ မိုင်ဆတ်ပါခေါ် COVID-19 ကုသပေးနေတဲ့ ကျေးရွာဘက်မှာ ကျရောက်ခဲ့တယ်လို့ ကချင်လက်နက်ကိုင် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“အထိအခိုက်ကတော့ မရှိပါဘူး။ ဒါပေမဲ့ အဓိကကတော့ မိုင်ဆတ်ပါကျေးရွာမှာ ကျနော်တို့က COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းတွေ ဖွင့်ထားတာရှိပါတယ်။ Quarantine စခန်းပေါ့နော်။ အဲဒီဘက်မှာ သူတို့က ပစ်မှတ်ထားပြီး ပစ်ခတ်တာကို ကျနော်တို့ တွေ့ရပါတယ်။ ဒါက ပြည်သူလူထုတွေ ရှိတဲ့နေရာဖြစ်ပါတယ်။ ရွာဖြစ်ပါတယ်။ ကျနော်တို့ KIO/ KIA ရဲ့ တပ်စခန်းတွေလည်း မရှိပါဘူး။ စစ်ရေးလှုပ်ရှားမှုလည်း အဲဒီဘက်မှာ ဘာမှမရှိပါဘူး။ အဲဒါ နှစ်ခါရှိပါပြီ။ ဒါက ပြည်သူလူထုရှိတဲ့ဘက်ကို ပစ်တာကတော့ လုံး၀ မလုပ်သင့်တဲ့အရာဖြစ်ပါတယ်။”

ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ သေချာမသိရကြောင်းနဲ့ သြဂုတ်လဆန်းပိုင်းကလည်း လိုင်ဇာဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ အလားတူ ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။
“တနိုင်းဘက်မှာလည်း ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ တရုံ၊ တခက်ဘက်မှာ စစ်ကောင်စီဘက်က လှုပ်ရှားလာလို့ KIA တပ်တွေကတော့ ခုခံတိုက်ပွဲတွေ ရှိပါတယ်။ ဒါက သုံးကြိမ်လောက်ရှိခဲ့ပါတယ်။”

တနိုင်းဒေသခံတယောက်ကတော့ စစ်ကောင်စီကရော၊ KIA ကပါ စစ်အင်အားတိုးမြှင့်လာနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြောင်း ပြောပါတယ်။
“တရုံဘက်မှာ တိုက်ပွဲတွေ ဘာတွေ နည်းနည်းဖြစ်တာပဲ ကြားမိတယ်။ နှစ်ဘက်လုံးက အဲလိုမျိုး အင်အားတိုးပြီးမှ လှုပ်ရှားနေပြီဆိုရင်တော့ ပြည်သူလူထုအနေနဲ့ ထိတ်လန့်မှုတွေကတော့ ရှိတာပေါ့။ တိုက်ပွဲများ ပြင်းထန်မလား။ တိုက်ပွဲဖြစ်ရင်တော့ ပြည်သူတွေပဲ ဒုက္ခရောက်မယ်ဆိုပြီးတော့ အဲဒါတွေ စိုးရိမ်တဲ့ စိတ်တွေကတော့ ရှိတာပေါ့။”

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ဘက်မှာ စစ်ရေးတင်းမာမှုတွေ ရှိနေသလို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) ဘက်မှာလည်း တိုက်ပွဲကြီးတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။
စစ်ဖြစ်မှာစိုးရိမ်ပြီး တရုတ်-မြန်မာနယ်စပ်ကို တိမ်းရှောင်လာတဲ့ ပန်ဆိုင်းဒေသခံတဦးက ဒီရက်ပိုင်းမှာ စစ်ကောင်စီဘက်က ပန်ဆိုင်းမြို့ပေါ်မှာ အင်အားတိုးမြှင့်ချထားလာတာတွေ ရှိနေကြောင်း အခုလို ပြောပါတယ်။

“ခုတလောတော့ တင့်ကားတွေရောပါတယ်။ ရိုးရိုးစစ်သားကားတွေရောပါတယ်။ စစ်တပ်ကားတော့ ၃၀ ကျော် ပတ်ဝန်းကျင်လို့ ပြောကြတယ်။ တင့်ကားတော့ နှစ်စီး၊ အဲလိုမျိုးပြောတာ ကြားတယ်။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ အဲဒါကြောင့်မို့ ကျနော်တို့အကုန်လုံး စိုးရိမ်ပြီးမှ စစ်ရှောင်ဘက်မှာ သွားနေနေကြတယ်။ အကုန်လုံး။ ရွာက လမ်းမကြီးဘေးမှာပဲဆိုတော့ စစ်ဖြစ်ရင်တော့ ပြေးလို့ မရတော့ဘူးလေ။ ကြိုတင်လာပြေးကြတာပေါ့ အကိုရာ။”

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်အရှေ့ပိုင်း ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသဘက်တွေမှာ ပြီးခဲ့တဲ့ဇူလိုင်လတည်းက တိုက်ပွဲတွေရှိနေခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် ကြူကုတ် (ပန်ဆိုင်း) အနီး၊ ဖိုင်ကောင်းကျေးရွာအုပ်စုက လူ ၁,၄၀၀ လောက် တရုတ်-ြန်မာနယ်စပ်မှာ တိမ်းရှောင်နေရသလို မုံးကိုးအနီးရွာတွေက လူ ၇၀၀ လောက်ဟာလည်း မုံးကိုးမြို့ပေါ်မှာ ခိုလှုံနေရပါတယ်။ အဲဒီလို မုံးကိုးဒေသဘက်က စစ်ဘေးတိမ်းရှောင်နေသူ ၄၀ ထက်မနည်းမှာ COVID-19 ကပ်ရောဂါကူးစက်နေကြပါတယ်။

.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG