သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄လကြာအပစ်ရပ်ဖို့ အာဆီယံကမ်းလှမ်းမှု TNLA ကြိုဆို


 TNLA တအန်း(ပလောင်)တပ်ဖွဲ့ဝင်တချို့(ဓာတ်ပုံ - AFP)
TNLA တအန်း(ပလောင်)တပ်ဖွဲ့ဝင်တချို့(ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ရေးအတွက် အာဆီယံအထူးသံတမန်က ၄ လတာအပစ်အခတ်ရပ်စဲဖို့ စစ်ကောင်စီကို တောင်းဆိုတဲ့အပေါ် TNLA တအန်း(ပလောင်)အဖွဲ့က အပြုသဘောနဲ့ ကြိုဆိုလိုက်ပါတယ်။ NCA အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးထားတဲ့ ပအိုဝ်းလက်နက်ကိုင် PNLO ကတော့ အပစ်ရပ်အမျိုးအစားကို ကွဲကွဲပြားပြား သတ်မှတ်ရမှာဖြစ်ကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Erywan Yusof က မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အွန်လိုင်းမှာ ဆွေးနွေးစဉ် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် နှစ်ကုန်တဲ့အထိ အပစ်အခတ်ရပ်စဲထားဖို့ ကမ်းလှမ်းတင်ပြခဲ့ပါတယ်။ ဒါကို စစ်ကောင်စီဘက်က သဘောတူကြောင်း Mr. Yusof ရဲ့ပြောကြားချက်ကို သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ကြပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ဆောင်ပေးနိုင်အောင် အပစ်ရပ်ထားဖို့ အာဆီယံအထူးသံတမန်ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး TNLA ခေါ် တအန်း(ပလောင်) လက်နက်ကိုင်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးတာ့အိုက်ကျော်က သူတို့ သဘောထားကို အခုလို ပြောပါတယ်။

“ ဟုတ်ကဲ့။ ဒီအပစ်ရပ်တာကတော့ ကောင်းပါတယ်ပေါ့နော်။ ဒါပေမဲ့ သေချာတယ်- ထုတ်ပြန်တဲ့အတိုင်း လက်တွေ့ကျဖို့တော့ လိုတယ်။ လိုက်နာဖို့တော့ လိုတယ်။ တပ်ဘက်က သဘောတူတယ်ဆိုလည်း အဓိကတော့ ထိုးစစ်မပြုဖို့တော့ လိုတယ်ပေါ့နော်။ သူတို့ ထိုးစစ်ကြောင့် ကျနော်တို့ဘက်မှာလည်း တိုက်ပွဲထိတွေ့မှုရှိတာဖြစ်တယ်။ ”

TNLA တအန်း(ပလောင်)၊ AA ရခိုင်နဲ့ MNDAA ကိုးကန့်အဖွဲ့တွေပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့က Covid 19 ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲတွေ လျော့ချဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဒီလ ၄ ရက်နေ့ကပဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှာ ပါဝင်တဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားမှာတော့ ဇူလိုင်လက စတင်ပြီး ဒီလ ၅ရက်နေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

အာဆီယံအထူးသံတမန် ကမ်းလှမ်းချက်အပေါ် စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ KIA ကချင်တပ်ဖွဲ့ဘက်က သဘောထားကို မေးမြန်းရာမှာ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ အဲဒါကတော့ ကျနော်တို့ KIO ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ကျနော် ပြောလို့ ရမှာပါ။ အခုလောလောဆည်ကတော့ ဗဟိုကော်မတီက ကျနော်တို့ကို ဘာမှ ညွှန်ကြားတာ မရှိပါဘူး။ ဒါကြောင့် ကျနော်လည်း အဲဒါနဲ့ပတ်သက်လို့တော့ ဖြေကြားဖို့ အဆင်မပြေဘူးခင်ဗျ။”

စစ်တပ်က အာဏာ သိမ်းယူပြီးတဲ့နောက် စစ်ကောင်စီတပ်တွေနဲ့ KIA အကြား ကချင်ပြည်နယ်အတွင်းမှာ ဒီနှစ် မတ်လက စတင်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့သလို တိုက်ပွဲတွေဟာ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ကျယ်ပြန့်လာနေပါတယ်။ စစ်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာမှာ ပုန်းခိုနေကြရပြီး လူသားချင်းစာနာစရာ အကူအညီတွေ အလွန်အမင်းလိုအပ်နေကြပါတယ်။

မြန်မာနိုင်ငံရဲ့ မြေပြန့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့တိုင်းဒေသကြီးတွေမှာတော့ PDF ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ အချင်းချင်းမဟာမိတ်ဖွဲ့ပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ဖို့ ကြေညာချက် ထုတ်ပြန်တာတွေ လည်း ရှိနေပါတယ်။ လက်ရှိ PDF တွေနဲ့ စစ်တပ်ကြား အပြန်အလှန် ပစ်ခတ်မှုတွေရှိတဲ့ ဒေသတွေက စစ်ဘေးဒုက္ခသည်တွေဟာလည်း စားရေးနေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

PNLO ခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာကတော့ လက်ရှိ ကမ်းလှမ်းတဲ့ အပစ်အခတ်ရပ်စဲရေးဟာ တစ်ပြည်လုံးအပစ်ရပ်ရေး၊ ဒေသအလိုက် အပစ်ရပ်ရေးနဲ့ လူသားချင်းကူညီမှုဆိုင်ရာအပစ်ရပ်ရေး စတာတွေကို ကွဲကွဲပြားပြား ရှုမြင်ဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။

“Humanitarian Ceasefire လို့ ပြောရင်တော့ Humanitarian လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ အတွက် နေရာဌာန Pocket area တွေ သတ်မှတ်ပေးပြီးတော့ အဲဒီ Pocket area တွေမှာ ရပ်ပေးရတာပေါ့။ Pocket area မဟုတ်တဲ့နေရာတော့ ရပ်ဖို့ မလိုဘူး။ အချိန်ကာလ အပိုင်းအခြားပါတယ်။ အခုက ၄ လတော့ပါပြီ။ Humanitarian လုပ်တဲ့ နေရာနဲ့၊ ဒေသနဲ့၊ အချိန်ကိုတော့ မလုပ်ပါနဲ့ ဒါကို။ လက်ရှောင်ကြဖို့ပေါ့ဗျာ။ ကျန်တဲ့နေရာ တိုက်ကြဆိုပြီးတော့။ အဲဒါကြောင့် ဒေသရယ်၊ နေရာရယ်၊ အချိန်ရယ် အဲဒါတွေက လိုတယ်။ အဲဒီလို အဓိပ္ပါယ်ဖွင့်ရင် အားလုံး ပြေလည်မယ်လို့ ထင်တယ်။”

လူသားချင်းကူညီမှုဆိုင်ရာအပစ်ရပ်ရေး Humanitarian Ceasefire ကို ဆူဒန်နိုင်ငံစစ်ပွဲကာလမှာလည်း ဆောင်ရွက်ခဲ့ဖူးကြောင်း ပြောပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အပါအဝင် NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်ရင်းသား လက်နက်ကိုင် ၁၀ဖွဲ့ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လက်ခံထားသလို အထူးသံတမန်ရဲ့ ကြားဝင်ဆောင်ရွက်မှုကို မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဘက်ကတော့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေကို ထိပါးလာတာမှ အပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို သြဂုတ်လ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားပါတယ်။

.......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)















XS
SM
MD
LG