သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ခုခံစစ်ကြေညာချက်အပေါ် တိုင်းရင်းသားအဖွဲ့တွေအမြင်


PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ - Screenshot from CRPH Facebook)
PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ - Screenshot from CRPH Facebook)

(Zawgyi/Unicode)

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့ရဲ့ ခုခံတွန်းလှန်စစ် စတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ ကြေညာလိုက်တဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘယ်လို သဘောထားတွေ ရှိနေပါသလဲ။ လက်နက်ကိုင်အဖွဲ့အများစုကတော့ အချိန်တိုကာလအတွင်း တိကျတဲ့အဖြေ ပေးဖို့အဆင်သင့်မရှိသေးတဲ့ အခြေအနေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုအောင်မြတ်သူ ပြောပြပါမယ်။

၂၀၂၀ ရွေးကောက်ခံအမတ်တွေနဲ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ စုဖွဲ့ထားတဲ့ NUG ခေါ် အမျိုးသားညီညွတ်ရေးအစိုးရက လူထုတော်လှန်ရေး စတင်ပြီဖြစ်ကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ ပြည်သူတရပ်လုံးအနေနဲ့ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ဖျက်ဖို့ ဒီနေ့စက်တင်ဘာ ၇ ရက် မနက် ၈နာရီမှာ ကြေညာလိုက်တာပါ။

D Day လို့ အများ သိထားတဲ့ ဒီကြေညာချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားအမြင်ကို သိနိုင်ဖို့ VOA က ဆက်သွယ်မေးမြန်းရာမှာ KIA ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက အခုလို ပြောပါတယ်။

“ ကျနော်တို့ KIO ဗဟိုကော်မတီအနေနဲ့ ဒီ NUG ရဲ့ ကြေညာချက်အပေါ်မှာ သဘောထား ထုတ်ပြန်တာတွေ၊ သုံးသပ်တာတွေ၊ ဘာမှ မလုပ်ရသေးပါဘူးခင်ဗျ။ ဗဟိုကော်မတီက အဲဒါ ညွှန်ကြားတာ မရှိတဲ့အခါကျတော့ ကျနော်လည်း ထူးထူးထွေထွေ ဘာမှ မဖြေကြားနိုင်ဘူးဖြစ်နေတယ်ခင်ဗျ။ ”

KIO လိုပဲ NCA ခေါ် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမထားတဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့ကလည်း NUG ရဲ့ အရေးပေါ် ထုတ်ပြန်ချက်အပေါ် တစ်စုံတစ်ရာ တုံပြန်ဖို့ အထက်က ညွှန်ကြားတာ မရှိသေးကြောင်း ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။

“ အထက်က ဘာမှ ချပြတာ မရှိသေးဘူးပေါ့နော်။ ဒီဟာက ဘယ်လို သဘောဆိုတာတော့ ကျနော်တို့ ဘာမှ မရှိသေးဘူး။ လောလောဆည်တော့။”

NUG ရဲ့ အရေးပေါ် ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သဘောထား ထုတ်ပြန်ဖို့ ဗဟိုကော်မတီ အစည်းအဝေး ခေါ်၊ မခေါ်ဆိုတာနဲ့ ပက်သက်ပြီး TNLA ပါဝင်ပြီး AA ရခိုင်၊ MNDAA ကိုးကန့်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ညီနောင်မဟာမိတ်အနေနဲ့လည်း ဒီအချက်အပေါ် ဆွေးနွေးဖို့ ရှိ၊မရှိဆိုတာလည်း မသိရကြောင်း ပြောပါတယ်။

MNDAAကိုးကန့်အဖွဲ့ ရဲ့ ပြန်ကြားရေးအဖွဲ့ကို လူမှုကွန်ယက်ကနေ တစ်ဆင့်မေးမြန်းရာမှာ တိကျတဲ့ သဘောထား ထုတ်ပြန်တာ မရှိသေးကြောင်းနဲ့ MNDAA အနေနဲ့ ပြည်သူတွေနဲ့ အတူ ရပ်တည်မှာ ဖြစ်ကြောင်းသား တုံပြန်ထားပါတယ်။

NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကတော့ ဒီကနေ့ online ကနေ ပုံမှန်ဆွေးနွေးပွဲ တရပ် ကျင်းပနေပြီး NUG ကြေညာချက်နဲ့ပတ်သက်လို့ ဆွေးနွေးတာ မရှိပါဘူး။

NUG ကြေညာချက်နဲ့ပတ်သက်တဲ့သဘောထားကိုတော့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးဖွယ်ရှိကြောင်း ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ ကျနော်တို့လည်းဆွေးနွေးနေတုံးပဲဗျ။ ဒီနေ့မှ သိရတော့ လိုက်လို့ မမှီသေးဘူး။ သူတို့ ဘယ်လို သဘောနဲ့ ထုတ်သလဲ။ ကျောထောက်နောက်ခံ ဘာရှိသလဲ။ သူ့ Target က ဘာလဲပေါ့ဗျာ။ ကျနော်တို့ မနက်ဖန်မှ အဲဒီ ကိစ္စဆွေးနွေးမယ်ဗျ။ ဒီနေ့ကတော့ အာဆီယံ ကိုယ်စားလှယ်လာတာကို၊ သူ့ရဲ့ Plan ကို ကြိုဆိုတဲ့အကြောင်းနဲ့ တိတိကျကျလုပ်နိုင်အောင် ကျနော်တို့လည်း ဝိုင်းဝန်းကူညီမယ့်အကြောင်း အဲသလိုတော့ သဘောထား ချထားတယ်။”

အာဆီယံ အထူးသံတမန်က Covid ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် လူသားချင်းစာနာတဲ့ အကူအညီပေးဖို့ ၄လ အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားတာပါ။

PPST မှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကတော့ NUG နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တစ်ဖွဲ့ချင်းအနေနဲ့ ဆုံးဖြတ် ဆောင်ရွက်ဖို့ မူချထားကြောင်းနဲ့ အချို့အဖွဲ့တွေအနေနဲ့ တတိယအင်အားစုအဖြစ် ရပ်တည်ဖို့ ရည်ရွယ်ထားကြကြောင်း ဗိုလ်မှုးကြီးခွန်ဥက္ကာက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NUG ရဲ့ ကြေညာချက်ကို သင်္ကြန်အမြှောက်သာ ဖြစ်တယ်လို့ ပြောဆိုထားပြီး တဆက်တည်းမှာပဲ အခုလို သတိပေးထားပါတယ်။

“ ဒီအကြမ်းဖက် လုပ်ရပ်တွေ သူတို့အနေနဲ့ လုပ်ဆောင်လာနိုင်တဲ့ နည်းလမ်း ၂လမ်းပဲရှိတာပေါ့။ နံပတ်တစ် အနေနဲ့ကတော့ EAO ဒေသတွေ၊ အစွန်အဖျားဒေသတွေမှာ PDF အကြမ်းဖက်အဖွဲ့တွေနဲ့ EAO ပူးပေါင်းပြီးတော့ကျ ဒါ အစွန်အဖျား မြို့ရွာတွေကို တိုက်ခိုက်တာတွေ၊ အဝေးကနေ ပစ်ခတ်တာတွေ လုပ်ဆောင်လာနိုင်ပါတယ်။ ပြီးရင်ကျ မြို့တွေမှာ ပြည်သူလူထု အထိတ်တလန့်ဖြစ်အောင် မြို့ပေါ်မှာ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ လုပ်လည်း လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ကတော့ သတိရှိဖို့ ပြောလိုတယ်။ ”

စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကချင်လက်နက်ကိုင် KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ NUG ကစစ်ဖြစ်ပြီလို့ ကြေညာထားတဲ့အတွက် ဘယ်မှာ မဆိုဖြစ်နိုင်တာကို ခုလိုပြောပါတယ်။

“ NUG ကနေ ထုတ်ပြန်ကြေညာချက်တွေလည်း ထုတ်ပြီဆိုတော့ တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်လာနိုင်ဖွယ် ရှိတာပေါ့။ အဲဒါကြောင့် ပြည်သူလူထုက ကိုယ့်နယ်မြေမှာ မိသားစု အားလုံးမှာပေါ့လေ လုံခြုံရေးကတော့ ပိုပြီးမှ ဂရုစိုက် လိုအပ်မယ်လို့ ကျနော် ပြောလိုပါတယ်။ ”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဖောင်းဆိုင်ဘက်ကမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန်တပ်အကြား တိုက်ပွဲဖြစ်ပွားတာရှိသလို လားရှိုးမြို့အနီးမှာလည်း KIA နဲ့ တိုက်ပွဲဖြစ်ပွားတာ ရှိနေပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ တနင်္သာရီတိုင်း ပုလောနဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်မှာ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ စစ်ကောင်စီကတော့ ငြင်းဆိုထားပါတယ်။

..............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










NUG ကွညောခကြျနဲ့ပတျသကျတဲ့သဘောထားကိုတော့ ဗုဒ်ဓဟူးနေ့မှာ ဆှေးနှေးဖှယျရှိကွောငျး ဗိုလျမှုးကွီး ခှနျဥက်ကာက ပွောပါတယျ။










XS
SM
MD
LG