သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကိုဗစ်လူနာတွေ ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေ အခက်အခဲကြုံနေကြရ


ကိုဗစ်ရောဂါလူနာတွေအတွက် လိုအပ်တဲ့အောက်စီဂျင်ရဖို့ စက်ရုံတွေရဲ့အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ ပြည်သူများ။ (ဓာတ်ပုံ - Ye Aung THU / AFP)
ကိုဗစ်ရောဂါလူနာတွေအတွက် လိုအပ်တဲ့အောက်စီဂျင်ရဖို့ စက်ရုံတွေရဲ့အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ ပြည်သူများ။ (ဓာတ်ပုံ - Ye Aung THU / AFP)

(Zawgyi/Unicode)

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ လူနာတွေအတွက် အောက်ဆီဂျင်အရေးပေါ် လိုအပ်ချက်နဲ့ သေဆုံးသူတွေကို အလျင်မီ မီးသင်္ဂြိုလ်ပေးနိုင်ဖို့ ပရဟိတအဖွဲ့တွေ ကူညီ ဆောင်ရွက်ပေးနေပေမယ့် အခက်အခဲတွေရှိနေပါတယ်။ ဒီအခက်အခဲတွေကို သူတို့ဘယ်လိုရင်ဆိုင် ကျော်ဖြတ်နေရပါသလဲ။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မခွာညို ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဒဏ်ကို ခက်ခက်ခဲခဲရင်ဆိုင်နေရချိန် လူနာတွေအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ အောက်စီဂျင် အလုံအလောက်ရနိုင်ဖို့ အားနည်းနေတယ်လို့ ပရဟိတဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

လူမှုကူညီရေး ပရဟိတအဖွဲ့တွေ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းမှာတောင် အောက်စီဂျင်အလုံအလောက်ရနိုင်ဖို့ ခက်ခဲနေလို့ တခြားမြို့တွေအထိ သွားရောက်ဖြည့်တင်းနေရပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ စက်ရုံတွေဆီ အောက်စီဂျင်အိုးကြီးတွေပို့ထားပြီး ရောက်လာတာနဲ့ အမှန်တကယ် လိုနေသူတွေအတွက် အခမဲ့ဖြည့်ပေးသွားမယ်လို့ ရွှေသန်လျင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

"အခု တတိယလှိုင်းမှာကျတော့ စက်ရုံတွေမှာလည်း နောက်ဆုံးပြောရမယ်ဆိုရင် ဒီလူနာကိုယ်တိုင်တောင် အိုးပိုက်ပြီး တန်းစီပြီးတော့ ယူရတဲ့အနေအထားမျိုးဆိုတော့ ကူးစက်နှုန်းတွေက အဲဒီမှာထိန်းနိုင်ဖို့က တအားခက်ခဲသွားတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေအရ ပြောမယ်ဆိုရင်လည်း အောက်ဆီဂျင်ပြဿနာကြောင့် သေဆုံးနှုန်းက တော်တော်များတယ်။ ကျနော်တို့အသင်းဆိုရင် တနေ့ကို အလောင်း ၇၀ နဲ့ ၈၀ ကြားကို သယ်ပေးနေတယ်။ အိမ်တွေမှာ မပုပ်သွားအောင်လို့တော့ အတတ်နိုင်ဆုံး လိုက်ပြီးတော့ ကူညီပေးနေတယ်ပေါ့။"

လက်ရှိအချိန်မှာ ပရဟိတအဖွဲ့တွေ ပူးပေါင်းချိတ်ဆက်ပြီး လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက်ကို ဆောင်ရွက်ပေးနေတာပါ။ ဒါပေမယ့်လည်း ကပ်ရောဂါတတိယလှိုင်းမှာ ရန်ကုန်တိုင်းအတွင်း နေ့စဉ်သေဆုံးသူဦးရေ ၁,၀၀၀ ဝန်းကျင်မှာ ရှိနေတယ်လို့ ပရဟိတလုပ်သားတွေကပြောပါတယ်။ ဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ အပါအဝင် ရောဂါရှိ၊ မရှိအတည်မပြုနိုင်ပေမယ့်လည်း ရောဂါသံသယနဲ့ အောက်ဆီဂျင်လိုအပ်ပြီး သေဆုံးခဲ့ရသူတွေလည်း အများဆုံးပါဝင်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

နေ့စဉ်သေဆုံးနှုန်း အဆမတန်မြင့်တက်နေလို့ အလောင်းတွေကို ကားတစီးတည်းနဲ့ ပေါင်းပြီးသယ်နေရတဲ့ အခြေအနေထိဖြစ်နေပါတယ်။ ဒီအခက်ခဲတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ကူညီပေးနေသူတဦးဖြစ်တဲ့ ဦးအောင်နိုင်ဝင်းက ...

"နာရေးသင်္ဂြိုလ်ရတဲ့အပိုင်းတွေမှာလည်း ကျနော်တို့မှာအခက်အခဲရှိတာက Dead Body တွေများလာတဲ့အတွက် သုသာန်မှာလည်း သယ်လာပြီးရင် တခါတည်းမီးရှို့လို့မရဘူး။ တန်းစီရတာ ကားကအများကြီး။ သုသာန်ရောက်တာတောင် ကျနော်တို့ ၁ နာရီခွဲ ၂ နာရီ အချိန်ပေးပြီးတော့ တန်းစီပြီး သင်္ဂြိုလ်ရတဲ့အတွက် သယ်နှုန်းက နှေးနှေးသွားတာပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့က သယ်နှုန်းမြန်အောင် အတတ်နိုင်ဆုံး အိမ်တွေမှာအခက်အခဲမဖြစ်အောင် Dead Body ကို ကားတစီးကို ၃၊ ၄ ဦးလောက် လိုက်ပေါင်းတင်ပြီးတော့ သုသာန်မှာလာတန်းစီပြီး သင်္ဂြိုလ်ပေးရတာလည်း ရှိတယ်ပေါ့နော်။ အဲဒီအခက်အခဲတွေကို ကျနော်တို့ကျော်ဖြတ်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး Dead Body များလာလို့ မီးသင်္ဂြိုလ်စက် မနိုင်တော့ဘူးဆိုရင် လွတ်တဲ့သင်္ချိုင်းပေါ့ - ထိန်ပင်၊ ကျီစု၊ ရေဝေးတို့က လွတ်တဲ့မြေနေရာတွေမှာ Backhoe တွေနဲ့ ကျင်းနက်နက်တူးပြီးတော့ ဒါတွေကို အမြန်ဆုံးမြှုပ်ပေးနိုင်မယ်ဆိုရင်တော့ ဒီရောဂါတွေလည်း ပြန့်ပွားမှုနှုန်း အားနည်းသွားလိမ့်မယ်လို့ ကျနော်တော့ အဲလိုပဲသုံးသပ်မိတယ်ပေါ့နော်။"

အတည်ပြုလူနာနဲ့ သံသယလူနာ အများဆုံးရှိနေတဲ့ ကလေးမြို့မှာလည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ ကပ်ရောဂါကို တိုက်ဖျက်နေကြပါတယ်။ ပရဟိတ ကူညီပေးနေသူတွေ၊ အလှူရှင်တွေပူးပေါင်းပြီး လူနာတွေကို ကုသပေးနိုင်ဖို့နဲ့ သီးသန့်ထားနိုင်မယ့် စင်တာတွေကိုလည်း တိုးချဲ့ထားပါတယ်။

ကပ်ရောဂါတတိယလှိုင်းမှာ အခက်အခဲတွေကြားထဲကနေ လူနာတွေရဲ့လိုအပ်ချက်ကို ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ပေးနေတာမှာ မြေပြင်မှာ ချိတ်ဆက်မှု အားကောင်းရင် ကောင်းသလို သေဆုံးနှုန်းလည်းကျနိုင်တယ်လို့ ကူညီပေးနေသူတဦးဖြစ်တဲ့ ကိုမင်းနိုင်စိုးက သူ့ရဲ့အတွေ့အကြုံကိုပြောပါတယ်။

"ကျနော်တို့ ကလေးမြို့ဆိုရင် Stay at Home လို့ပြောပေမယ့် ဘယ်သူမှ အိမ်ထဲမှာမနေဘူး၊ အောက်ဆီဂျင်ရှာ ထွက်ကြရတာလေ။ ကျနော်တို့ Prevention ပိုင်းကို မလုပ်နိုင်တော့ဘဲနဲ့ ရောက်လာရင် ရင်ကော့နေအောင် ခံကြရမှာ။ အဲဒီလို မခံရအောင်ဆိုရင်လေ တအိမ်နဲ့တအိမ်၊ တရပ်ကွက်နဲ့ တရပ်ကွက်က လူငယ်တွေ စုစည်းချိတ်ဆက်ထားကြဖို့လိုမယ်။ အောက်ဆီဂျင်ဆိုလည်း တရပ်ကွက်ကို ဘယ်လောက်ဆိုပြီး စုထားတာမျိုး။ အဲဒါတွေက အရမ်းအရေးကြီးတယ်။ အဲဒါတွေနဲ့ တုန့်ပြန်နိုင်တဲ့သူက ကျနော်တို့ကလေးမြို့မှာ အသေဆုံးနည်းတယ်။ အဓိကက ကျန်းမာရေးဝန်ထမ်းနဲ့ ဖြစ်တဲ့လူနာနဲ့ တွေ့ပေးဖို့အတွက် လမ်းကြောင်းရှာပေးတာ။ ဒီရပ်ကွက်ထဲမှာရှိတဲ့ လူငယ်တွေက ချိတ်ဆက်ထားလိုက်တဲ့အခါကျတော့ လူနာ ၁၀ ယောက်ကို ခေါ်ထားပေးလို့ရှိရင် ကျန်းမာရေးဝန်ထမ်းက တထိုင်တည်းနဲ့ ဒါကိုကုနိုင်တယ်လေ။"

ကပ်ရောဂါတတိယလှိုင်းမှာ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူ တနေ့ထက်တနေ့ တိုးလာနေပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးညအထိ ထုတ်ပြန်ချက်အရ ကပ်ရောဂါ အတည်ပြုလူနာဦးရေဟာ ၂၄၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅,၈၀၀ ကျော်အထိ ရှိလာပါပြီ။ ကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ လက်တွေ့မှာ ဒီထက်မကများနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................................................................................................


(Unicode)












XS
SM
MD
LG