(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းမှာ အဓိကလိုအပ်နေတဲ့ အောက်စီဂျင် အလုံအလောက်ရရှိအောင် ကြိုးစားနေပါတယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ ကိုဗစ်ကပ်ရောဂါအတွက် ပုဂ္ဂလိကဆေးရုံတွေမှာပါ ကုသပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရက ဒီနေ့ ဇူလိုင်လ ၁၂ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ အစိုးရကုသမှုပိုင်း မလုံလောက်တာ၊ အောက်စီဂျင်ပြတ်လတ်မှုတွေဖြစ်နေတာ စတဲ့ကိုဗစ်နဲ့ပါတ်သက်လို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ပါတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုအောင်မြတ်သူ ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ Alpha, Beta, Delta စတဲ့ ဗီဇပြောင်းကူးစက်မြန် ကိုဗစ်မျိုးကွဲ ၃ မျိုးအပြင် နောက်ထပ် ၂ မျိုးကူးစက်ပျံ့နှံ့နေတယ်လို့ ဒီနေ့နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေးပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုနာတွေအပြင် ကိုဗစ်သံသယလူနာတွေပါ များနေချိန် ဆေးရုံ ဆေးခန်းတွေမှာ အပြည့်အဝ ကုသမှု မပေးနိုင်သလို အောက်စီဂျင်ပြတ်လပ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီကတော့ အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်လို့ ခုလိုပြောကြားသွားပါတယ်။
“ကျနော်တို့ အောက်ဆီဂျင်ထုတ်လွတ်နိုင်တဲ့ နေရာတွေကို စွမ်းအားကုန် လည်ပတ်နိုင်ရေး ပေါ့။ ပြီးရင် ကျနော်တို့ ဒိပြင် အလှူရှင်တွေနဲ့ ပေါင်းပြီးတော့ကျ နေရာအနှံ့မှာ တည် ဆောက် နိုင်ရေး ပြီးရင် liquid Oxygenတွေသွင်းရေးအတွက် ကျနော်တို့ ဆောင်ရွက် လျက်ရှိ ပါတယ်။”
တပ်မတော်ဆေးရုံတွေ၊ တပ်မတော်ပိုင် စက်ရုံတွေကနေလည်း စက်ရုံသုံး အောက်စီဂျင်တွေ ထုတ်လုပ်ပေးနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ချင်းပြည်နယ် ကလေးမြို့မှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ချိန်က လိုအပ်တဲ့ဆေးဝါးနဲ့ အောက်စီဂျင်ထုတ်လုပ်တဲ့ စက်တွေပို့ပေးခဲ့တယ်လို့ ပြောပါတယ်။ ပုဂ္ဂလိကပိုင် အောက်စီဂျင်ထုတ်စက်ရုံတွေကို စက်တပ်က သိမ်းနေတယ်ဆိုတာလည်း မဟုတ်ပါဘူးလို့လည်း ငြင်းဆန်သွားပါတယ်။ ကုသရေးပိုင်းနဲ့ပါတ်သက်လို့လည်း ပုဂ္ဂလိကပိုင်ဆေးရုံတွေမှာပါ တိုးချဲ့ကုသပေးနိုင်အောင် လုပ်နေတယ်လို့ ခုလိုပြောပါတယ်။
“ ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုဗစ်-၁၉နဲ့ ပတ်သတ်ပြီးတော့ အခုလောလောဆယ်ကုသခွင့် ပြုထားတဲ့ ပုဂ္ဂလိကဆေးရုံဆေးခန်း အခုလောလောဆယ် သုံးရုံပဲ ရှိပါတယ်။ လှိုင်သာယာမှာ ရှိတဲ့ ပန်းလှိုင်ဆေးရုံ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ရှိတဲ့ ဒဂုံ Medical care Hospital နဲ့ န္တလေး ချမ်းအေးသာစံမှာရှိတဲ့ မြို့တော်ဆေးရုံတို့ဖြစ်ပါတယ်။ ဒါအပြင့် အဲဒီပုဂ္ဂိက ဆေးရုံဆေးခန်း တွေမှာ ကုသခွင့်ရဖို့ နောက်ထပ်လျော်ကထားတာတွေရှိပါတယ်။ အဲတာတွေကို ကျနော်တို့ အမြန်ဆုံး ခွင့်ပြုပေးမယ်။ နောက်တစ်ခုကတော့ ရောဂါရှာဖွယ်ရေးလုပ်ငန်းတွေကို ပုဂ္ဂိက ဆေးရုံ (၁၀) ရုံနဲ့ ဓာတ်ခွဲခန်း ၄ခုကို ခွင့်ပြုထားတယ်။ဒါတွေကိုလည်း နောက်ထပ်လျောက် ထားသူတွေကို အမြန်ဆုံးခွင့်ပြုပေးသွားမယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို အမျိုးအစားခွဲခြားပြီး အမြန်ဆုံး ကုသပေးနေတဲ့ အခြေအနေတွေရှိတယ်။ ဒါတွေကို ကျနော်တို့ တိုးမြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”
စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ အများအပြား အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ခဲ့ကြပြီးနောက် ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ မလောက်မငဖြစ်နေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူကလည်း ပြောပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ဆေးဝန်ထမ်းတွေအမြောက်အများလည်း ဖမ်းဆီး၊ တရားစွဲခံထားကြရတာပါ။ လက်ရှိဖြစ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဒေသခံလူမှု အဖွဲ့အစည်းတွေ အနေနဲ့ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ခုလိုပြောပါတယ်။
“ အခုကျနော်တို့ ရင်ဆိုင်နေရတာက မျိုးရိုးဗီဇပြောင်းတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ကူးစက်မှုနုှန်း ကလည်း အရမ်းမြန်တယ်ပေါ့နော်။ ခဏလေးအတွင်းမှာပဲ မိသားစုလိုက် ကူးစက်တာ တွေ လည်း ရှိတယ်။ လူနာဦးရေ များပြားလာတာနဲ့ အမျှ service တွေကို လိုချင်တဲ့သူတွေလည်း များပြားလာတာပေါ့နော်။ တစ်ဖက်က လူနာများလာတဲ့ အခါ systemပေါ်မှာ ပိတာပေါ့နော်။ ပိတဲ့အခါကျတော့ ကျနော်တို့ ညီကို မောင်နှမ ကျန်းမာရေးဝန်ထမ်းတွေဆိုရင် တစ်ချို့ နေရာ တွေမှာ သူနာပြုဆိုရင် ၅၀ ရခိုင်နှုန်းလောက်နဲ့ လည်ပတ်နေတာရှိတယ်။ တစ်ချို့ နေရာ တွေမှာတော့ ခြောက်ဆယ်ရာခိုင်နှူန်း လောက်ရှိတယ်ပေါေ့နာ် ဒါပေမယ့်လည်း တစ်ဖက်က HR နဲ့ ပတ်သတ်ပြီး ကျနော်တို့က စိန်ခေါ်မှာ ရှိတဲ့ အချိန်မှာ တစ်ဖက်ကလည်း ပင်ပန်းတာ များတာပေါ့နော်။ ဒါကြောင့်မလို့ ခုနားက ဗိုလ်ချုပ်ပြောတဲ့ ထဲမှာ ပါတယ် ပူပေါင်းဆောင်ရွက်ဖို့ ဆိုတာလေ တကယ်တမ်းကျတော့ ကျနော်တို့ဆီမှာ အရင်းအမြစ်တွေ အများကြီးရှိတယ်။ မြို့နယ် ကျန်းမာရေး စနစ်တွေနဲ့ မြို့နယ်အတွင်းမှာ ရှိတဲ့ ရပ်မိရပ်ဖတွေ ဒီလူမှုကူညီရေး အသင်းတွေပေါ့နော်။ ဒီဟာတွေက ကျနော်တို့က ပူပေါင်းပြီးတော့ ဆောင်ရွက်ဖို့ လိုပါတယ်။”
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့က ဝယ်ယူဖို့စီစဉ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အစွမ်းထက်မှုပိုင်းနဲ့ပါတ်သက်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာသန်းနိုင်စိုးရော ဗိုလ်ချုပ်ဇော်မင်းထွန်းပါ ကာကွယ်ပြောကြားခဲ့ကြပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်တိုးနေတာမှာ ဇူလိုင်လ ၁၁ ရက်က ဓါတ်ခွဲနမူနာ ၁ သောင်းကျော်မှာ အတည်ပြုလူနာ ၃ ထောင့် ၄ ရာကျော်ရှိခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးမကူး ဆေးမစစ်နိုင်ခင် အသက်ရှုကြပ်တာအပါအဝင် ကိုဗစ်ကပ်ရောဂါ လက္ခာဏာနဲ့ သေဆုံးသူတွေလည်း တော်တော်များများရှိနေပါတယ်။
................................................................................
(Unicode)