သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး စတင် ထိုးနှံ


ရခိုင်က ကျန်းမာရေးဝန်ထမ်းတဦး ကိုဗစ်ကာကွယ်ဆေးထိုးနှံနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ရခိုင်က ကျန်းမာရေးဝန်ထမ်းတဦး ကိုဗစ်ကာကွယ်ဆေးထိုးနှံနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ရောဂါကာကွယ်ဆေး စတင်ထိုးနှံရာမှာ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်လုပ်အားပေးတွေ ပါဝင်ခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ပြည်နယ်နဲ့ တိုင်းအသီးသီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေကို ကိုဗစ်ရောဂါကာကွယ်ဆေး ပထမဆုံးအကြိမ် စတင်ထိုးနှံပေးနေတာပါ။ ရောဂါကူးစက်ခံရသူ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းအတွင်းမှာတော့ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံတာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ဧရာဝတီကိုဗစ်စင်တာမှာ စတင်ခဲ့ပါတယ်။ ရန်ကုန်မှာ ပထမဆုံး ကာကွယ်ဆေးထိုးခံရသူတွေထဲမှာတော့ အသက် ၅၇ နှစ်အရွယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သူနာပြုအုပ် ဆရာမကြီး ဒေါ်သက်သက်သိန်းလည်း တဦးအပါအဝင် ဖြစ်ပါတယ်။

"ကျမအရမ်းပျော်ပါတယ်။ ဒီနေ့ဆေးစတင်ထိုးတဲ့နေ့မှာ ကျမတို့ဆေးရုံမှာ ကျမ ပထမဦးဆုံးထိုးရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ နိုင်ငံတော်ရောပေါ့နော်... ဒီဆေးထိုးဖို့အတွက် စီစဉ်ပေးတဲ့ လူကြီးအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။"

ပထမဆုံး ကာကွယ်ဆေးထိုးခံခဲ့သူ နောက်တဦးဖြစ်တဲ့ ရန်ကုန်ဆေးရုံကြီး ရောဂါရှာဖွေရေးဌာနက ပါမောက္ခ ဒေါက်တာမျိုးသက်တင်ကလည်း ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကြောင့် ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ မျှော်လင့်နေပါတယ်။

"အခုတော့ ဒီဆေးတွေကတော့ ကျန်းမာရေးဝန်ထမ်းတွေကတော့ စထိုးတာပေါ့နော်။ တကယ်ကတော့ တပြည်လုံးထိုးနိုင်ရင်တော့ ဒီကိုဗစ်ရောဂါဆိုးကြီးကနေပြီးတော့ ကျနော်တို့ကျော်လွန်နိုင်မယ်လို့ ယူဆတာပေါ့နော်။"

ဒီနေ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်မှာတော့ ရောဂါကာကွယ်နိုင်စွမ်း ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ဆိုတဲ့ အိန္ဒိယနိုင်ငံထုတ် Covishield ကို အသုံးပြုနေတာပါ။ အိန္ဒိယနိုင်ငံက လက်ဆောင်အဖြစ်ပေးထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရောက်လာတဲ့ ထိုးဆေး ၁ သန်းခွဲကိုတော့ ရန်ကုန်တိုင်း အပါအဝင် နိုင်ငံအဝန်းက ကျန်းမာရေးဝန်ထမ်းတွေအတွက် အဓိက သုံးစွဲဖို့ စီစဉ်ထားတယ်လို့လည်း ရန်ကုန်တိုင်းကျန်းမာရေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

"ကျနော်တို့ ရန်ကုန်တိုင်းထဲမှာတော့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းက ၈,၀၀၀ ပတ်ဝန်းကျင်ရှိပါတယ်။ ၈,၀၀၀ ကျော်ဆိုတာ ကျနော်တို့ ရန်ကုန်တိုင်းအောက်ကပေါ့နော်။ နောက် ဗဟိုအဆင့်နဲ့ တခြားဌာနတွေကိုလည်း ကျနော်တို့က ဦးဆောင်ပြီး ဆောင်ရွက်ပေးရတာရှိပါတယ်။ အဲဒါတော့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ အမျိုးသားဓာတ်ခွဲဌာန၊ ဒီဌာနတွေကိုလည်း ကျနော်တို့ဦးဆောင် ဆောင်ရွက်နေပါတယ်။ ဒါတွေနဲ့ဆိုရင်တော့ အားလုံး ကျနော်တို့က ဒီတသုတ်မှာတော့ ကျန်းမာရေးဝန်ထမ်း ၂၅,၀၀၀ ပတ်ဝန်းကျင်ကို ထိုးဖို့အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်တို့ရဲ့ရုံးမှာလည်းပဲ ကာကွယ်ဆေးတွေအပြည့်အဝ ရောက်နေပါပြီ။"

ရောဂါကာကွယ်ဆေး စတင်ထိုးနှံတဲ့ အစီအစဉ်ကိုတော့ ရောဂါကူးစက်မှုတွေများတဲ့ ရန်ကုန်၊ ရခိုင်ပြည်နယ်နဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော် အပါအဝင် နိုင်ငံအဝန်းမှာ စတင်နေပြီ ဖြစ်ပေမဲ့ ရောဂါအန္တရာယ်ကို ဆက်လက်သတိထားဖို့လည်း ဒီကနေ့ပဲ ကာကွယ်ဆေးထိုးခံခဲ့တဲ့ ရန်ကုန်မြို့ ဧရာဝတီကိုဗစ်စင်တာက စေတနာရှင်လုပ်အားပေး ကိုခန့်ကိုကိုက တိုက်တွန်းထားပါတယ်။

"ဘာပဲဖြစ်ဖြစ် ကာကွယ်ဆေးရပြီဆိုပေမဲ့လည်း Mask တပ်ပါပေါ့။ ကာကွယ်ဆေးကတော့ အချိန်တန်ရင် အားလုံးထိုးရမှာပါ။ အခု Mask တပ်ပြီး၊ လက်ဆေးပြီးတော့ အိမ်မှာပဲသေချာနေကြပါလို့ တိုက်တွန်းချင်ပါတယ်။"

ကာကွယ်ဆေးထိုးခံပြီးတဲ့ သူတွေကိုယ်တိုင်လည်း ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်တွေကို မပျက်မကွက် လိုက်နာဖို့ လိုတယ်လို့လည်း ဧရာဝတီကိုဗစ်စင်တာမှာ လုပ်အားပေးနေတဲ့ သူနာပြု ဒေါ်ဇူလိုင်ထက်ကပြောပါတယ်။

"ကာကွယ်ဆေးထိုးပြီးလည်း ပေါ့ပေါ့ဆဆ မနေကြပါနဲ့လို့။ အရင်လိုပဲ Mask တပ်ပြီးနေပါလို့။ ကျန်းမာရေးဌာနကနေ ထုတ်ပြန်ထားတဲ့အတိုင်းပဲ နေပါလို့။ ကာကွယ်ဆေးထိုးပြီးပြီဆိုပြီးတော့ ပေါ့ပေါ့ဆဆ မနေပါနဲ့လို့ အဲဒါပဲပြောချင်ပါတယ်။"

ကိုဗစ်ရောဂါကာကွယ်ဆေး စထိုးပေးနေချိန်မှာပဲ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ကပ်ရောဂါကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်နဲ့ ကူးစက်ခံရသူ အတည်ပြုလူနာပေါင်းက ၁၃၈,၀၀၀ ကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]















XS
SM
MD
LG