ဒီတပတ်မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ဥပဒေဟာ ဗဟိုချုပ်ကိုင်မှုများလွန်ပြီး ကျောင်းသားတွေ လွတ်လပ်စွာ စုဝေးခွင့်၊ သမဂ္ဂဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားတယ်ဆိုပြီး ၁၉၆၀ တဝိုက်က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်လည်းဖြစ်၊ ဝါရင့်သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဦးသာဘန်း၊ သမ္မတဦးသိန်းစိန်ရဲ့ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ကထိကဟောင်း ဒေါက်တာရင်ရင်နွယ်တို့နဲ့ ဦးကျော်ဇံသာ တို့ သုံးသပ်ဆွေးနွေးထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အစိုးရက ပြဌာန်းလိုက်တဲ့ ပညာရေးဥပဒေဟာ ဗဟိုချုပ်ကိုင်မှု များလွန်တယ်ဆိုတဲ့ ကျောင်းသားတွေရဲ့ ဝေဖန်ချက်ကို ဆရာမ ဘယ်လို သဘောရပါသလဲ။
ဒေါ်ရင်ရင်နွယ် ။ ။ ကျမကတော့ ကျောင်းသားတွေကို ရှင်းပြချင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုက တစ်အချက် - သူတို့ ထင်သလို၊ ထင်သလောက်လဲ မများပါဘူး။ နှစ်အချက် - တချို့အရာတွေက အခုအချိန်မှာ အသွင်ကူးပြောင်းရေးကာလမှာ ဗဟိုက မချုပ်ကိုင်လို့ မဖြစ်ဘူး။ ကျမ နည်းနည်းလေး အကျဉ်းရုံး ရှင်းပြပါရစေ။ ဘယ်လိုလဲဆိုတော့ ကျမတို့ တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေက (၁၆၉) ကျောင်းရှိတယ်။ (၁၆၉) ကျောင်းဆိုတာ အများကြီး။ ဒီကျောင်းတွေအားလုံးကို ကျမတို့က လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်တယ်။ အမျိုးသားပညာရေးဥပဒေ က။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ တိုးတက်မှု၊ ရွှေ့ပြောင်းမှု (Transfer)၊ အလုပ်ခန့်ထားတဲ့ ကိစ္စ။ ဒီကိစ္စ (၃) ရပ်မှာ လုံးဝဝင်မပါတော့ဘူး။ ပညာရေးဌာနကလည်း မကိုင်တော့ဘူး။ အဆင့်မြင့်ပညာဦးစီးဌာန ဆိုတာလဲ နောက်ဆို ရှိတော့မှာမဟုတ်တော့ဘူး။ အခုဆိုရင် လောလောဆယ် တက္ကသိုလ်မှာ ကထိက (၁) ယောက်ကနေ ပါမောက္ခဖြစ်ချင်ရင် အဆင့်မြင့်ပညာဦးစီးဌာနက ကိုင်တယ်။ စစ်တွေကနေ ရန်ကုန်ကို ပြောင်းချင်ရင် အဆင့်မြင့်ပညာဦးစီးဌာန ကိုင်တယ် အစရှိသည်ဖြင့်၊ ဒါတွေက ကျမတို့ မလုပ်တော့ဘူးဆိုပြီး မူထဲမှာ ပါပါတယ်။ သို့သော်လဲပဲ (၁၆၉) ကျောင်းဆိုတော့ တကျောင်းနဲ့တကျောင်းကလဲ အရည်အချင်းမတူဘူး။ စွမ်းအားတွေလဲ မတူဘူး။ မတူတော့ ပညာရေးမူတွေ၊ သင်ရိုးညွှန်တမ်းတွေနဲ့ ပတ်သက်တဲ့ ပညာအရည်အချင်း၊ အဆင့်အတန်းမူတွေ။ နောက်တခုက ဘတ်ဂျက်ချပေးတဲ့ မူတွေ။ အဲဒီ မူတွေကိုတော့ လောလောဆယ်တော့ ထိန်းချုပ်ထားမှာပဲ။ ဒါကတော့ နိုင်ငံတကာ ရှုထောင့်နဲ့ ကြည့်ရင်လဲ နားလည်းနိုင်ပါတယ်။ ဥပမာ စင်္ကာပူနိုင်ငံက သိပ်နံမည်ကြီးတဲ့ National University of Singapore (NUS) ဆိုတာက ဗဟိုချုပ်ကိုင်မှုက နောက်ဘိတ်ဆုံး လျှော့ချလိုက်တာ ၂၀၀၄ ခုနှစ်မှာ လျှော့ချလိုက်တယ်။ ဆိုတော့ စင်္ကာပူလို ခေတ်မီတိုးတက်တဲ့ နိုင်ငံတောင် အစိုးရတက္ကသိုလ်ဆိုတော့ ဘယ်လိုပဲပြောပြော အစိုးရက နည်းနည်းပါးပါးတော့ ပေါ်လစီ မူအပိုင်းမှာတော့ ပါသေးတယ်။ ၂၀၀၄ အထိ။ နောက်ပိုင်းကျမှ လုံးဝဖွင့်ချလိုက်တာ။ ဆိုတော့ ကျမတို့ကလဲ အဲဒီအဆင့် မရောက်သေးပါဘူး။ အဲဒီလို လုံးဝဖွင့်ချဖို့။ ဘတ်ဂျက်တွေကလဲ အင်အားနည်းနေပါတယ်။ ဘတ်ဂျက်တွေ ခွဲဝေဖို့ကိုလဲ ဘယ်လိုပဲပြောပြော မူချပေးရမယ်။ ဒါပေမဲ့ ဒီတက္ကသိုလ်တွေမှာ အုပ်ချုပ်မှုကို ဝင်စွက်ဖက်သလားဆို မစွက်ဖက်ဘူး။ ကျမ အဲဒါကို ပြောချင်လို့ပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဓိကတော့ ပိုက်ဆံခွဲပေးဖို့ကို အစိုးရကို မှီခိုအားထားနေရတယ်ဆိုတဲ့ သဘောပေါ့ ဆရာမ။
ဒေါ်ရင်ရင်နွယ် ။ ။ မှီခိုအားထားနေရတယ်လိုတော့ မဟုတ်ဘူးလေ။ ဒါက နိုင်ငံတော်ပိုက်ဆံကို သုံးရင်တော့ နိုင်ငံတော်စံတွေကိုတော့ လေးစားရမယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒါက ဗဟိုချုပ်ကိုင်မှုအပိုင်း ဖြစ်ပါတယ်။ လွတ်လပ်စွာ စည်းရုံးတဲ့အပိုင်း မရောက်သေးပါဘူး။ ဦးသာဘန်း ဘယ်လို သဘောရပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗဟိုချုပ်ကိုင်မှု များလွန်တယ်လို့ ဝေဖန်တဲ့ကိစ္စကို။
ဦးသာဘန်း ။ ။ ဗဟိုချုပ်ကိုင်မှုကတော့ အခုဟာက အစစအရာရာမှာ တပြည်လုံးမှာ ဖြစ်နေတာ။ အခုဟာက ဒီမိုကရေစီ ပေးတယ်ဆိုရုံမယ့် အစိုးရတဖြစ်လဲ အရပ်သားအစိုးရဆိုပေမဲ့ ဒီအာဏာကို သူတို့ ချုပ်ကိုင်ထားတာပဲ။ ဗဟိုချုပ်ကိုင်မှုက ရှိနေတာပဲ။ ပညာရေးတခုတည်းမှ မဟုတ်ဘူး။ အားလုံးမှာ ရှိနေတယ်။ အဲဒီတော့ ဗဟိုချုပ်ကိုင်မှု မရှိဘူးဆိုတာတော့ မဟုတ်ဘူးဗျ။ ကျနော် အမြင်ကတော့။
ဒေါ်ရင်ရင်နွယ် ။ ။ ဟုတ်ပါတယ်။ ဆရာပြောတာ မှန်ပါတယ်။ ဗဟိုချုပ်ကိုင်မှု မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမ ရှင်းပြနေတာက ဆရာအများစု၊ ကျောင်းသားအများစုက မကြိုက်တဲ့ … ကို ဗဟိုက ချုပ်မကိုင်ထားတော့ဘူး။ Management ကိုလည်း မချုပ်ကိုင်တော့ဘူး။ ဥပမာ တက္ကသိုလ်တွေရဲ့ ဘဏ္ဍာရေးကို သူတို့ဘာသာသူတို့ Manage လုပ်မှာ။ ကျမ ဥပမာပြောမယ် ဒဂုံတက္ကသိုလ်က ကျောင်းသား နှစ်သောင်းကျော် ရှိတယ်။ အဲဒီ နှစ်သောင်းအတွက် ဘတ်ဂျက်ကို ဗဟိုက ချပေးမယ်။ နောက် ဘယ်လိုသုံးဆိုတာကို မပြောတော့ဘူး။ တခုရှိတယ် တချို့ ဘတ်ဂျက်ကတော့ လခအတွက် ထားရမယ်။ ဒါကတော့ သမားရိုးကျ။ ကျန်တာတွေကတော့ ကြိုက်သလိုသုံးလို့ ရတယ်လေ။ ဘတ်ဂျက်က လခအတွက်ဆိုတော့ နိုင်ငံတော်ဝန်ထမ်းတွေကို လခပေးရမှာပေါ့။ မချုပ်ကိုင်ပါဘူး။ အုပ်ချုပ်ရေးအရ မချုပ်ကိုင်ဘူး။ မူအရသာ ကျမတို့ အမျိုသားပညာရေးဥပဒေတွေမှာ ချုပ်ကိုင်တယ်လို့ ပြောတာ။ မူအရတော့ နိုင်ငံတော်ရဲ့ တက္ကသိုလ်တွေဆိုတော့ မူက တခုတည်း ရှိရမယ်လေ။
ဦးသာဘန်း ။ ။ တခုက ဗဟိုချုပ်ကိုင်မှုဆိုတဲ့ နေရာမှာ ဗဟိုချုပ်ကိုင်မှုရဲ့ အစွယ်အပွားလေးတခုလို့ မြင်တယ်။ အမှန်တော့ အစွယ်အပွားတော့ မဟုတ်ဘူး။ သူတို့ရဲ့ အလေးအနက်ထားတဲ့ ကိစ္စဗျ။ ကျောင်းသားသမဂ္ဂတွေနဲ့ကိစ္စ။ ပညာရေးမြှင့်တင်ရေးကော်မတီ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေမှာ မိမိတက္ကသိုလ်က ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲရေးအဖွဲ့မှာ ကျောင်းခွဲလိုက်၊ အတန်းလိုက်၊ အစုအပြုအလိုက် ကျောင်းသားကိုယ်စားလှယ်တွေ ပါရမယ်ဆိုတော့ အဲဒါ ကျောင်းသားသမဂ္ဂကို ပြောချင်တာဗျ။ ကျောင်းသားသမဂ္ဂဆိုတဲ့ စကားကို သူတို့က ကြောက်နေတယ်ဗျ။ ကျောင်းသားသမဂ္ဂဆိုတာ သမဂ္ဂဆိုတာ ဘုရားဟောစကား။ သူတို့က ကျောင်းသားသမဂ္ဂကို ဘာဖြစ်လို့ ကြောက်နေတာလဲ။ သတ်ခဲ့လို့ဗျ။ ကျောင်းသားတွေကို သတ်ခဲ့တော့ တစ္ဆေခြောက်နေတယ်။ အဲဒါကြောင့် သမဂ္ဂဆိုတာကို မပြောချင်ဘူး။ သမဂ္ဂလို့ပြောရင် ရှင်းနေတာပဲ။ အဲဒါမျိုးတွေ ရှိတယ်ဗျ။ ဒါက ဗဟိုချုပ်ကိုင်မှုပဲ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ကန့်ကွက်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံလုံးဆိုင်ရာကွန်ရက်ဆိုတဲ့ အဖွဲ့ရဲ့ စာထဲမှာလည်း ဘာပြောထားလဲဆိုတော့ ပညာရေးဝန်ထမ်းအားလုံး ကိုယ်ကျင့်တရားကောင်းမွန်ကာ ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်နိုင်မှုနှင့် ကိုယ်တိုင်တာဝန်ယူတတ်မှု ဖွံ့ဖြိုးလာမှုအပေါ် မူတည်၍ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်စနစ်ကို ကျင့်သုံးရေး ဆိုပြီး ရေးထားပါတယ်။ ဥပဒေ ပုဒ်မ (၄) အပိုဒ်ခွဲ (ဍ) မှာ။ ဆိုလိုသည့်အချက်မှာ ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာကို ထိပါးသဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်လို့ ဆိုထားပါတယ်။ ဆရာမ အဲဒါကို တွေ့မိပါလား။
ဒေါ်ရင်ရင်နွယ် ။ ။ အဲဒါတော့ ကျမ သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆရာ၊ ဆရာမဆိုတာ သိမ်းကျူံးပြီးပြောတာ။ ကျောင်းသားတွေလိုပဲ ကျမတို့ အစိုးရလိုပဲ ဘယ်သူမှတော့ သိမ်းကျူံးပြီး အဲဒီလို သိက္ခာစော်ကားတယ်လို့ ပြောလို့မရဘူး။ တရားဥပဒေ ချိုးဖောက်ရင်တော့ ချိုးဖောက်တာပဲ။ ကျမပြောတာ ကိုယ့်ကျောင်းသားတွေကိုယ် ကျူရှင်ပြပြီး ခြစားနေတာတွေ အများကြီးရှိတယ်။ အဲဒီတော့ ကိုယ့်ဂုဏ်သိက္ခာနဲ့ ညီအောင် နေရင်တော့ ဟုတ်တာပေါ့။ အရေးယူသင့်ရင်တော့ ယူရမှာပဲလေ။ ကျမတို့လည်း နည်းဥပဒေတွေကနေ ထွက်မယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုနက ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကို မပေးချင်လို့ ဗဟိုချုပ်ကိုင်မှုက ဒီဟာနဲ့ ဆက်စပ်နေတယ်။ ဦးသာဘန်းကတော့ ကျောင်းသားတွေကို သတ်ခဲ့လို့ ကျောင်းသားတစ္ဆေခြောက်နေတယ်။ သမဂ္ဂတစ္ဆေခြောက်နေတယ် ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးသာဘန်း နည်းနည်းဆက်လက်ပြီးတော့ ဘယ်လို ပွင့်လင်းသွားအောင် လုပ်နိုင်မယ်လို့ ထင်ပါသလဲ။ ကျောင်းသားသမဂ္ဂကို လွှတ်ပေးလိုက်ရင် သူတို့ကို တကယ်အန္တရာယ် ပြုလာနိုင်တဲ့ အခြေအနေ ရှိနေလို့လား။
ဦးသာဘန်း ။ ။ မရှိပါဘူးဗျာ။ ကျနော်တို့ ၁၉၅၈ ခုနှစ်က ဖဆပလ ကွဲတယ်။ တည်မြဲနဲ့ သန့်ရှင်းကွဲတော့ ဦးနု က တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ကို ရပ်စဲချင်တယ်ဆိုတဲ့ ကြွေးကြော်သံ ပါလာတယ်။ တိုင်းပြည်၊ ပြည်သူလူထုကို သက်ညှာတဲ့ပုံစံတွေ ပါလာတယ်။ အဲဒီတော့ ကျနော်တို့ ကျောင်းသားသမဂ္ဂက သန့်ရှင်းကို ထောက်ခံတယ်။ သန့်ရှင်းကို ထောက်ခံလိုက်တော့ ဦးနုအစိုးရ တက်လာတော့ ကျနော်တို့နဲ့ အစိုးရနဲ့ ပြေလည်တယ်။ ဘယ်လောက်အထိ ပြေလည်သလဲဆိုရင် ဆက်ဆံရေး ဘယ်လောက်အထိ ကောင်းသလဲဆိုရင် ကျနော်တို့ ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီးတော့ ပညာရေးနှီးနှောဖလှယ်ပွဲကို တပြည်လုံးက ကျောင်းသားတွေပါဝင်ပြီးတော့ လုပ်နိုင်ခဲ့တယ်။ သမဂ္ဂက ဦးဆောင်ပြီး တကသ၊ ဗကသ က ဦးဆောင်ပြီးတော့ ပညာရေးနှီးနှောဖလှယ်ပွဲကို လုပ်ခဲ့တယ်။ အဲဒီမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အထူးသဖြင့် Academic freedom နောက်ပြီးတော့ ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်၊ သမဂ္ဂဖွဲ့စည်းခွင့် အဲဒါတွေ တောက်လျှောက်လုပ်လာပြီးတဲ့အပြင် အဲဒီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ကို ဦးနုက နောက်ဆုံး အခမ်းအနားအပြီးမှာ ကျနော်တို့ကို ဧည်ခံကျွေးမွေးတဲ့နေ့မှာ ဒါတွေကို ဒို့အကောင်အထည်ဖော်ကြရအောင်။ မင်းတို့ငါတို့ လုပ်ကြရအောင်ဆိုပြီး ပြောနေပြီး ကျနော်တို့ကိုလည်း နောက်ဆုံး ကမ္ဘာ့ကျောင်းသားများ ညီလာခံကို တက်ခွင့်ပေးတယ်။ အဲဒီလောက်အထိ ပြေလည်တယ်။ ကျောင်းသားနဲ့ ပြေလည်ဖို့က လွယ်ပါတယ်။ ကျနော်တို့လည်း ကျောင်းသားဘဝမှာ ဆယ်နှစ်ကျော် သမဂ္ဂ လုပ်လာတာပဲ။ ကျနော်တို့က ရန်သူလို ဆက်ဆံတာ မဟုတ်ပါဘူး။ ကျနော်တို့ ကျောင်းသားတွေက Academic Freedom ကို လိုချင်တယ်။ လွတ်လပ်မှုကို လိုချင်တယ်။ အဲဒါကို ကျနော်တို့နဲ့ နားလည်မှုယူရင် ရပါတယ်။ အခုဟာက တစ္ဆေခြောက်နေတာ။ ကျောင်းသားတွေကို ရာနဲ့ချီသတ်ခဲ့တော့ အခုအဲဒီကိစ္စနဲ့ ကြောက်နေတာဗျ။ သမဂ္ဂဆိုရင် သူက တစ္ဆေလို့ ထင်နေတာ။ သမဂ္ဂဆိုတာ ဘုရားဟောစကားပါ။ နားလည်ကြပါလို့ မဆလအဟောင်းတွေကို ပြောချင်တယ်ဗျာ။ အခုလူတွေကိုလည်း ပြောချင်တယ်ဗျာ။
ဦးကျော်ဇံသာ ။ ။ ဆရာမ နိုင်ငံတကာမှာလည်း လွတ်လပ်တဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ရှိနေတယ်။ လန်ဒန်တက္ကသိုလ်မှာဆိုရင်လည်း ကျောင်းစဝင်တဲ့ ကျောင်းသားသစ်တွေကို ကျောင်းသားသမဂ္ဂက ကောင်တာကြီးဖွင့်ပြီးတော့ ဘာလုပ်ဘာလုပ် သူတို့ရဲ့ စာတမ်းတွေ တခါတည်းဝေပေးနေတယ်။ လွတ်လွတ်လပ်လပ် လုပ်နေကြတာပဲ။ မြန်မာနိုင်ငံမှာ အဲဒီလိုပေးဖို့ ဘာဖြစ်လို့ မဖြစ်နိုင်ဘူးလဲ။ ဆရာမ ထင်ပါသလဲ။
ဒေါ်ရင်ရင်နွယ် ။ ။ တခုတော့ ရှိတယ်လေ။ တကယ်လို့ သမဂ္ဂကိစ္စက ပါလိုက်ရင် ဥပဒေက နှောင့်နှေးသွားမယ်။ ကျမတို့က ဥပဒေကို တခြားနေရာမှာ အမြန်ကို လိုအပ်နေတာ။ အဲဒီတော့ ကျမတို့ ပညာရှင်အနေနဲ့ ပြောမယ်ဆိုရင်တော့ ဘယ်လိုပဲပြောပြော ဒီဥပဒေကို မြန်မြန်ဖြစ်စေချင်တယ်လေ။ နိုင်ငံသားကောင်းဖြစ်ဖို့။ နောက် ပညာသင်တာ သက်သက်များတယ်။ ဆိုတော့ ဒါက အဖွဲ့အစည်းတွေဖွဲ့ဖို့၊ သမဂ္ဂဖွဲ့ဖို့က လုံးဝပိတ်ထားတယ်လို့ မဆိုလိုပါဘူး။ နောက်ဆိုလဲ ဥပဒေတွေ လုပ်လို့ရတာပဲ။ ဒါက ကျမတို့ ပညာရှင်တွေအမြင်ပေါ့။ ဆိုတော့ မှန်ပါတယ်။ ဆရာပြောတာ မှန်တယ်။ နိုင်ငံခြား လွတ်လပ်တဲ့နိုင်ငံတွေမှာ ဒီမိုကရေစီအပြည့်အဝ ရပြီးသားနိုင်ငံတွေမှာ ကျောင်းသားသမဂ္ဂတွေ ကျမတက်ခဲ့တဲ့ တက္ကသိုလ်လည်း ဒီလိုပဲ။ ကျမသား တက်ခဲ့တဲ့ တက္ကသိုလ်လည်း ဒီလိုပဲ ရှိပါတယ် ကျောင်းသားသမဂ္ဂတွေ။ တခုတော့ ကွာတယ်။ နံပတ်တစ်အချက်က မြန်မာနိုင်ငံက အခုအသွင်ကူးပြောင်းရေးကာလ။ အသွင်ကူးပြောင်းရေးကာလဆိုတော့ ကျမတို့ အင်ဒိုနီးရှားရဲ့ သင်ခန်းစာတချို့ကိုယူရမယ်။ ချက်ချင်းကို လွှတ်လိုက်လို့ ဗဟိုက လွှတ်လိုက်လို့ ကစဉ့်ကရဲ ဖြစ်ကုန်မယ်။ အဲဒီတော့ အဆင့်လိုက်အဆင့်လိုက် ဘယ်လိုပဲပြောပြော သွားချင်တဲ့ပုံစံကို ကျမ နားလည်ပါတယ်။ နားလည်မှုတော့ရှိတယ်။ အဆင့်လိုက်ဖြည်းဖြည်း Decentralization လုပ်တာ။ အင်ဒိုနီးရှားမှာ တော်တော်လေးကို ဆိုးသွားတယ်။ ဆူဟာတိုပြုတ်ပြီး ချက်ချင်းပညာရေး၊ ကျန်းမာရေးကို လွှတ်လိုက်တော့ ဖြစ်ချင်သလို ဖြစ်ကုန်တယ်။ အဲဒါက ပထမတချက်။
နောက်တချက်က အသွင်ကူးပြောင်းရေးကာလဖြစ်တဲ့အတွက် ကျောင်းသားသမဂ္ဂကိစ္စနဲ့ ပတ်သက်ရင် တဖက်ကိုတဖက် အမြင်မကြည်ဘူးတွေ ဖြစ်နေတယ်။ စောစောက ဆရာကြီးပြောသလို အမြင်မကြည်ဘူး ဖြစ်နေတယ်။ အမြင်မကြည်ဘူးဆိုတာ ကျမပြောမယ် နိုင်ငံခြားက ကျောင်းသားသမဂ္ဂ ကျမကြုံဘူးတဲ့ ကျောင်းသားသမဂ္ဂတွေက အဓိက ဘာတွေလဲဆိုတော့ သူတို့က နိုင်ငံရေးပဲ လုပ်ဖို့မဟုတ်ဘူး။ တခြားကိစ္စတွေလည်း ဆွေးနွေးလို့ရတယ်။ ယဉ်ကျေးမှု၊ သမိုင်း၊ ဒီပြင့်နိုင်ငံတွေအကြောင်းတို့။ ဒီမနက်ပဲ ကျမပြောနေတာ ဥပမာ တောင်အာဖရိကမှာရှိတဲ့ အဖြူအမည်း ပြဿနာတွေကို ကျမတက်တုန်းက အဲဒါတွေ ဆွေးနွေးခဲ့ပါတယ်။ ဆိုတော့ အမြဲ အစိုးရနဲ့ အတိုက်အခံလည်း မဟုတ်ဘူး။ အစိုးရကိုတော့ ဝေဖန်ရင် ဝေဖန်မယ်ပေါ့။ ဆိုတော့ ခက်တာက အခုပြည်သူလူထုထဲမှာ ဘယ်လိုအောက်မေ့နေသလဲဆိုတော့ တချို့တွေက ကျောင်းသားသမဂ္ဂကို အစိုးရကို တော်လှန်ဖို့။ အစိုးရကို ဆန့်ကျင်ဖို့လို့ မြင်နေတယ်။ တကယ်တော့လဲ နားထောင်ဖို့လိုတယ်။ နှစ်ဖက်စလုံး။
ကျမပြောတာ ဖြည်းဖြည်းအချိန်အတိုင်းအတာ တခုတော့ ပေးဖို့လိုမယ်။ ကျမလည်း ကျောင်းသူဖြစ်ဖူးပါတယ်။ တက္ကသိုလ်ဆရာမဘဝမှာလည်း အနှစ် (၂၀) ကျင်လည်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ။ အဲဒီတော့ ကျမလည်း ဖိတ်ခေါ်ပါတယ်။ ပညာရှင်တယောက်အနေနဲ့ကော၊ တက္ကသိုလ်ဆရာမတယောက်အနေနဲ့ ကျောင်းသားလေးတွေ အချိန်မရွေး ကျမဆီလာတိုင်ပင်ပါ။ လာပြောပါ။ ကျမလည်း ပြောပေးပါမယ်လို့ ဖိတ်ခေါ်ပါတယ်။