သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သံလွင် နှင့် မြန်မာသံလွင်


တရုတ်သံလွင် နှင့် မြန်မာသံလွင်
please wait

No media source currently available

0:00 0:05:15 0:00
တိုက်ရိုက် လင့်ခ်


သံလွင်မြစ်ဟာ တရုတ်ပြည်ကနေ မြန်မာပြည်ထဲကို စီးဆင်းနေတဲ့ မြစ်ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရဟာ တရုတ်ပိုင်သံလွင်မှာ ရေကာတာ မတည်ဆောက်ဘဲ မြန်မာသံလွင့်မှာသာ ရေကာတာတွေ တည်ဆောက်ဖို့ စီမံကိန်းချထားပါတယ်။ နုမြစ် (ခေါ်) တရုတ်သံလွင်မြစ်မှာ ရေကာတာ တည်ဆောက်မှာမဟုတ်ကြောင်း လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းက ထုတ်ဝေတဲ့ တရုတ်ရေအားလျှပ်စစ် ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀) မှာ ဖော်ပြပါတယ်။ အလွန်ကြီးမားတဲ့ ဂေဟစနစ် တည်ရှိတဲ့ တရုတ်သံလွင်ဟာ အတိမ်အစောင်း မခံတဲ့အတွက် ရေကာတာ တည်ဆောက်ရင် အကြီးအကျယ် ပျက်ဆီးလိမ့်မယ်လို့ တရုတ်က ယူဆပါတယ်။

ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်ကို ဖြတ်သန်းစီးဆင်းတဲ့ မြန်မာသံလွင်ဟာလည်း ကြွယ်ဝတဲ့ ဂေဟစနစ် တည်ရှိတဲ့ဒေသ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာသံလွင်ကို တရုတ်အစိုးရက တန်းဖိုးမထားတဲ့အတွက် ရေကာတာတွေ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူဖို့ စီမံကိန်း ချထားပါတယ်။ မြန်မာ့သံလွင်မှာ ရေအားလျှပ်စစ်ထုတ်ယူပြီး တရုတ်နဲ့ထိုင်းကို ရောင်းစားဖို့ မြန်မာအစိုးရ သဘောတူထားပါတယ်။ သံလွင်မြစ်ဟာ တရုတ်ပြည်ထဲမှာ တန်းဖိုးရှိပြီး မြန်မာပြည်ထဲရောက်တော့ တန်းဖိုးမရှိတော့တဲ့သဘော ဖြစ်နေတာကို မြန်မာအစိုးရအဆက်ဆက်ကလည်း လက်ခံထားပါတယ်။

အတွေ့အကြုံနည်းပါးတဲ့ မြန်မာအစိုးရကို စည်းရုံးသိမ်းသွင်းပြီး မြန်မာသံလွင်မှာ ရေကာတာ (၅) ခု တည်ဆောက်ဖို့ တရုတ်အစိုးရနဲ့ ရေအားလျှပ်စစ်ကော်ပိုရေးရှင်းတွေက ကြိုးပမ်းနေကြပါတယ်။ သံလွင်မှာ ရေကာတာ တည်ဆောက်လို့ ဖြစ်ပေါ်လာမယ့် အန္တရာယ်အကြောင်း တိုင်းရင်းသားတွေ တင်ပြလာတာ (၁၅) နှစ်လောက် ရှိပါပြီ။ Salween Under Threat ဆိုတဲ့စာတမ်းကို ထိုင်း-မြန်မာ (၁၆) ဖွဲ့က ၂၀၀၃ ခုနှစ်မှာ ထိုင်းဘာသာနဲ့ ထုတ်ဝေပြီး ၂၀၀၄ မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေပါတယ်။ Karen Rivers Watch အဖွဲ့ကတော့ သေနတ်ပြပြီး ရေကာတာ စီမံကိန်း အကောင်အထည်ဖော်ပုံကို “သေမင်းတမန် ရေကာတာ” အမည်နဲ့ မြန်မာ-အင်္ဂလိပ်-ကရင် (၃) ဘာသာနဲ့ ထုတ်ဝေပါတယ်။ တာဆန်းရေကာတာ စီမံကိန်းရဲ့ အခြေအနေတွေကို ရှမ်းပတ်ဝန်းကျင်အဖွဲ့က ၂၀၀၆ မှာ အစီရင်ခံစာ ထုတ်ဝေထားပါတယ်။

သံလွင်ရေကာတာ စီမံကိန်းမှာ တာဆန်းဟာ အကြီးဆုံးနဲ့ အကန့်ကွက်အခံရဆုံး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု California ပြည်နယ် Berkeley မြို့ အခြေစိုက် International Rivers Network အပြည်ပြည်ဆိုင်ရာ မြစ်များကွန်ရက်အဖွဲ့ကလည်း ၂၀၀၆ ခုနှစ်မှာ ရေကာတာတွေရဲ့ ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း မြန်မာဘာသာနဲ့ ပြည်သူ့လက်စွဲစာစဉ် ထုတ်ဝေထားပါတယ်။ ဒေသခံတွေ အမျိုးမျိုးကန့်ကွက်နေတဲ့ကြားက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ စီမံကိန်းပါ။ နာမည်ဆိုးထွက်လွန်းတာကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ မှာ မိုင်းတုံဆည် စီမံကိန်းလို့ အမည်ပြောင်းလိုက်ပါတယ်။ မိုင်းတုံမြို့ကို မီးပေးဖို့ ရည်ရွယ်တဲ့ ရေအားလျှပ်စစ်ဖြစ်သွားအောင် လုပ်လိုက်တာပါ။ အဓိက ရည်ရွယ်ချက်ကတော့ ထိုင်းကိုလျှပ်စစ်ရောင်းစားပြီး မြန်မာက ဆယ်ရာခိုင်နှုန်းသာ ရမှာဖြစ်ပါတယ်။

မိုင်းတုံဒေသမှာ အစိုးရတပ်အင်အား အများအပြား နေရာချထားပါတယ်။ တာဆန်းတဖြစ်လဲ မိုင်းတုံဆည် စီမံကိန်းကြောင့် ၁၉၉၆ ကစပြီး ရွှေ့ပြောင်းပေးရတဲ့ရွာပေါင်း (၁၅၀၀) နဲ့ လူဦးရေ (၃) သိန်းကျော်ရှိကြောင်း သိရှိရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ မှာ ရယူခဲ့တဲ့ သဘောတူညီချက်အရ သံလွင်ဆည်တွေကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအခြေအနေအရဆိုရင် ယူနန်ပြည်နယ်မှာ ထုတ်လုပ်နေတဲ့ လျှပ်စစ်စွမ်းအင်ဟာ လိုတာထက် ပိုနေကြောင်း သိရပါတယ်။ ဒါကြောင့် မြန်မာသံလွင်က ရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ်ပြည်ရဲ့ စွမ်းအင်လိုအပ်ချက်အရ အကောင်အထည်ဖော်တာ မဟုတ်တော့ဘူးလို့ တရုတ် သုတေသီ ယွန့်စွန် က သုံးသပ်ပါတယ်။ သံလွင်ရေကာတာနဲ့ ပတ်သက်ပြီး NLD အစိုးရဟာ တိုင်းရင်းသားတွေနဲ့ မဆွေးနွေးသေးကြောင်း သိရပါတယ်။

သံလွင်မြစ်မှာ ရေကာတာတွေ တည်ဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကို ရှမ်းလူမှုရေးအဖွဲ့ (၂၆) ဖွဲ့က တရုတ်ပြည်သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့နှစ် သြဂုတ်လ (၁၈) ရက်နေ့က ပေးပို့ပါတယ်။ သြဂုတ်လ (၂၃) ရောက်တော့ ပြည်သူ့ဆန္ဒကို NLD အစိုးရက လစ်လျူရှု့နေကြောင်း ရှမ်းလူမှုအဖွဲ့တွေက ဘန်ကောက်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ NLD အစိုးရဟာ သံလွင်ရေကာတာ စီမံကိန်းကို ထောက်ခံအားပေးတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေတာကို စိတ်မဝင်စားဘူးလို့ ရှမ်းပြည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းခေးဆိုင် က ထုတ်ဖော်ပြောဆိုသွားပါတယ်။

ရေကာတာစီမံကိန်းကို ကမ္ဘာ့ဘဏ် လက်အောက်ခံ IFC နိုင်ငံတကာ ငွေကြေးကော်ပိုးရေးရှင်းကလည်း စိတ်ဝင်စားနေပါတယ်။ ရေကာတာ တည်ဆောက်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို IFC က မြစ်ကြီးနားမှာ ဇန်နဝါရီလကုန်က ကျင်းပတာကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြကြပါတယ်။ မြစ်ဆုံဆည် စီမံကိန်း နိဂုံးချုပ်ပြီဖြစ်ကြောင်း NLD အစိုးရက ပြတ်သားစွာ ပြောဖို့လိုသလို တရုတ်ကလည်း NLD ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရပါလိမ့်မယ်။ တကယ်တော့ ဧရာဝတီ နဲ့ သံလွင် ရေကာတာစီမံကိန်းတွေဟာ တရုတ်ရေးဆွဲတဲ့ စီမံကိန်းတွေဖြစ်လို့ တရုတ်အကျိုးစီးပွားကသာ အဓိက ဖြစ်ပါတယ်။ စစ်အစိုးရ လိုက်လျောခဲ့တဲ့ တရုတ် စီမံကိန်းကို ပြည်သူ့အစိုးရက လက်ခံစရာမလိုဘူးလို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG