ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အစိုးရ တက်လာပြီးနောက်မှာ နိုင်ငံခြားက အကူအညီပေးဖို့ ကမ်းလှမ်းလာတာတွေ ပိုများလာပါတယ်။ ဒါပေမဲ့ နိုင်ငံခြားအကူအညီကို ထိရောက်စွာ အသုံးပြုရေးအတွက် သတ်မှတ်ထားတဲ့ ပဲရစ် (၂၀၀၅) ၊ အက္ကရာ (၂၀၀၈) နဲ့ ဘူစန် (၂၀၁၁) သဘောတူညီချက်တွေနဲ့အညီ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ နိုင်ငံခြားအကူအညီ လက်ခံမယ့် နိုင်ငံဟာ ဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲနိုင်မှ ဆင်းရဲမှုနည်းပါးအောင် လုပ်နိုင်မှ၊ အပြန်အလှန် ယုံကြည်မှု ရရှိနိုင်မှ သိသာမြင်သာရေးနဲ့ တာဝန်ခံရေး စတာတွေ အကောင်အထည်ဖော်နိုင်မှ နိုင်ငံခြားအကူအညီ ထိရောက်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် NLD အစိုးရဟာ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit) နဲ့ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များအဖွဲ့ (Cooperation Partners Group) ကို လွန်ခဲ့တဲ့ အောက်တိုဘာ (၆) ရက်မှာ ဖွဲ့စည်းပြီး ဒီဇင်ဘာ (၁၂) ရက်နေ့မှာ ပထမအကြိမ် အစည်းအဝေးကို ကျင်းပပါတယ်။ အဖွဲ့ဥက္ကဋ္ဌက ဒေါ်စုဖြစ်ပြီး ဒုဥက္ကဋ္ဌက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံ၊ အလုပ်အကိုင်ဖန်တီးရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ပါဝင်တဲ့ စီမံကိန်းအချို့ကို အကောင်အထည်ဖော်ဖို့ NLD အစိုးရက လုပ်ဆောင်မယ်လို့ ပြောသွားပါတယ်။
လွန်ခဲ့တဲ့ နှစ် (၅၀) ကျော်မှာ နိုင်ငံခြားအကူအညီကြောင့် မြန်မာပြည် တိုးတက်ဖွံ့ဖြိုးတဲ့ သက်သေအထောက်အထား မတွေ့ရပါဘူး။ ဗိုလ်ချုပ်နေဝင်း ကြီးစိုးတဲ့ မဆလခေတ် ၁၉၇၆ ကစပြီး ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ IMF, UNDP, Australia, Britain, Canada, French, အနောက်ဂျာမဏီ၊ ဂျပန်နဲ့ အမေရိကန်တို့က မြန်မာပြည်ကူညီရေးအဖွဲ့ တည်ထောင်ပြီး ဝိုင်းဝန်းချေးငှားကြပါတယ်။ ၁၉၇၇ ကနေ ၁၉၈၈ အထိ ပျှမ်းမျှနှုန်း ဒေါ်လာသန်းလေးရာ နှစ်စဉ် မဆလအစိုးရကို ချေးငှားလာခဲ့တယ်။ ဆယ်နှစ်ကြာတော့ ချေးယူတဲ့ငွေကို အတိုးတောင် မပေးနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံခြားချေးငွေကို အတိုးပေးစရာ မလိုတဲ့၊ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂ က တင်ပြပါတယ်။ မဆလမျက်လှည့်ကို ကုလသမဂ္ဂ က ယုံကြည်တဲ့အတွက် မြန်မာဟာ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်သွားပါတယ်။
တနည်းဆိုရင်တော့ ဆယ်နှစ်ကျော် နိုင်ငံခြားက ဝိုင်းဝန်းချေးငှားပြီး အကူအညီပေးတဲ့အခါမှာ မြန်မာပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စာရင်းဝင် ဖြစ်သွားတဲ့သဘောပါ။ နိုင်ငံခြားအကူအညီဟာ အရည်အချင်း ညံ့ဖျင်းတဲ့အစိုးရ ကြီးစိုးတဲ့နိုင်ငံတွေမှာ ထိရောက်အောင်မြင်မှု မရှိတာ တွေ့ရပါတယ်။ ကိုယ်ကျိုးစီးပွားနဲ့ ရေတိုနိုင်ငံရေး အကျိုးအမြတ်ကို မကြည့်ဘဲ တိုင်းပြည်နဲ့ သင့်တော်တဲ့ လမ်းစဉ်ချမှတ်နိုင်တဲ့ ဒေသမှာသာ နိုင်ငံခြားအကူအညီဟာ တန်းဖိုးရှိပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ မြန်ဆန်တဲ့ ပြုပြင်ရေးအစီအစဉ်ကြောင့် (၂) နှစ်အတွင်းမှာ နိုင်ငံခြားအဖွဲ့အစည်း တရာကျော် နေပြည်တော်ကိုသွားပြီး ဆွေးနွေးကြပါတယ်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ မြန်မာပြည်မှာ လုပ်ငန်းတိုးချဲ့လိုကြပါတယ်။ ဒါပေမဲ့ နိုင်ငံခြားအကူအညီကို ထိရောက်စွာ အသုံးချနိုင်တဲ့ အခြေအနေ မြန်မာမှာ မရှိသေးပါဘူး။
ကမ္ဘောဒီယားနဲ့ နီပေါလ်မှာ နိုင်ငံခြားအကူအညီ အများအပြား အလျင်အမြန် ဝင်ရောက်လာလို့ အလေအလွင့် ပြုန်းတီးပျက်စီးမှုများ ဖြစ်ရပုံကို မှတ်တမ်းတင်ထားပါတယ်။ မြန်မာပြည်မှာလည်း နိုင်ငံခြားအကူအညီကြောင့် မတိုးတက်ဘဲ ဆုတ်ယုတ်သွားနိုင်ပါတယ်။ ဗမာအစိုးရမှာ ကြွေးဆပ်တဲ့ အစဉ်အလာ မရှိပေမယ့် ဂျပန်အစိုးရကတော့ ငွေထပ်ချေးဖို့သာ စိတ်သန်နေပါတယ်။ ဂျပန်အစိုးရ ငွေချေးတဲ့အခါမှာ မြန်မာပြည်မှာ ရင်းနှီးမြုပ်နံှတဲ့ ဂျပန်ကုမ္ပဏီတွေကလည်း တိုးပွားလာပါတယ်။ ဗမာအစိုးရဟာ ကြွေးဒုက္ခ Debt Distress ဖြစ်လာဖို့ အလားအလာမရှိဘူးလို့ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ (၂၀၁၄) ကြွေးမြီစီစစ်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အကြွေးပမာဏဟာ ကြွေးဒုက္ခအဖြစ် သတ်မှတ်တဲ့ အခြေအနေကို နီးကပ်လာပြီဖြစ်တဲ့အတွက် အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။
အစောပိုင်းက ပြောခဲ့တဲ့ နိုင်ငံခြားအကူအညီကို ထိရောက်စွာအသုံးပြုဖို့ သတ်မှတ်ထားတဲ့ ပဲရစ် (၂၀၀၅) အက္ကရာ (၂၀၀၈) နဲ့ ဘူစန် (၂၀၁၁) သဘောတူညီချက်ကို အခြေပြုပြီး ဦးသိန်းစိန်အစိုးရက ဖွံ့ဖြိုးမှုအကူအညီ ညှိနှိုင်းရေး နေပြည်တော်သဘောတူချက်ကို ၂၀၁၃ ဇန်နဝါရီမှာ ကြေညာပါတယ်။ ဗမာအစိုးရနဲ့ ကူညီသူမိတ်ဖက်တွေ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ နိုင်ငံခြားအကူအညီကို ထိထိရောက်ရောက် အသုံးပြုဖို့ သဘောတူကြတာပါ။ ဒီမိုကရေစီဓလေ့ ရှင်သန်ရေးကို အဓိက ဦးစားပေးထားတာကို တွေ့ရပါတယ်။
ဖွံ့ဖြိုးမှုအကူအညီ ညှိနှိုင်းရေး နေပြည်တော်သဘောတူချက်ဟာ အင်မတန်ကျယ်ဝန်းပြီး မျှော်မှန်းချက် ကြီးမားတဲ့အတွက် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲမယ်လို့ သုံးသပ်ကြပါတယ်။ တကယ့်လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် ကဏ္ဍတွေကို ဦးစားပေးသင့်တယ်လို့ သုံးသပ်ကြပါတယ်။ နိုင်ငံခြားအကူအညီကိစ္စမှာ NLD အစိုးရဟာ နေပြည်တော်သဘောတူချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်ဖို့ တာဝန်ရှိပါတယ်။ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ အမျိုးသားအဆင့် မူဝါဒကို ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့က မကြာမီရေးဆွဲမယ်လို့ သိရှိရပါတယ်။