သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမွေဆိုင်အိမ် ဈေးထပ်လျှော့ လေလံတင်ဖို့ ဦးအောင်ဆန်းဦးကြိုးစား


တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မြင်ကွင်း (ဖေဖော်ဝါရီ ၅၊ ၂၀၂၅)
တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မြင်ကွင်း (ဖေဖော်ဝါရီ ၅၊ ၂၀၂၅)

ဒေါ်အောင်ဆန်းစုကြည် မိသားစုအမွေဆိုင်အိမ်ဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ၂၇ ဘီလီယံကျပ် ဈေးထပ်လျှော့ပြီး နောက်တကြိမ် လေလံတင်ဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေပါတယ်။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ၃ ကြိမ် လေလံပစ်ခဲ့ပေမဲ့ ဝယ်မယ့်သူမရှိတာကြောင့် လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီလီယံကနေ ကျပ်ငွေ ၂၇၀ ဘီလီယံ လျှော့ချ လေလံထပ်တင်ဖို့ ဦးအောင်ဆန်းဦးရှေ့နေက တရားရုံးကို တင်ပြခဲ့ပါတယ်။

ဒီအမွေဆိုင် အိမ်ခြံကြီးကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ၂၀၂၄ မတ်လ ၂၀ ရက်နေ့မှာ ပထမဆုံးအကြိမ်လေလံ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက ဝယ်သူမရှိတဲ့အတွက် ဈေးအကြိမ်ကြိမ်လျှော့ပြီး လေလံပစ်နိုင်ဖို့ ကြိုးစားတာ အခု ၄ ကြိမ်မြောက်ဖြစ်ပါတယ်။

နှစ်ရှည်ထောင်ဒဏ်အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အဖွဲ့ကတော့ ဦးအောင်ဆန်းဦး ရှေ့ နေ တွေ တင်ပြလာတဲ့ဈေးနှုန်းနဲ့ပတ်သတ်လို့ ရှေ့သီတင်းပတ် ကြာသပတေးနေ့ရုံးချိန်းကျရင် ကန့်ကွက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ တရားရုံးက လေလံဆွဲခွင့်ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ တောက်လျှောက် ကန့်ကွက်ခဲ့ပေမဲ့ တရားရုံးဘက်က ထည့်သွင်းစဉ်းစားပေးခြင်း မရှိခဲ့ပါဘူး။ အမှုနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ရမှာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က စစ်ကောင်စီကို အကြိမ်ကြိမ် တရားဝင်စာ တင် တောင်းဆိုထားပေမယ့် ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် အဲ့ဒီ့နေအိမ်ထဲမှာပဲ နှစ်ရှည်အကျယ်ချုပ်ချခံခဲ့ရဖူးသလို၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon, အမေရိ ကန် သမ္မတဟောင်း Barack Obama, အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါ အဝင် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သမိုင်းဝင်တွေ့ဆုံခဲ့ကြတဲ့ နေအိမ်လည်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအတွက်အရေးပါတဲ့ အဆောက်အဦးတခုဖြစ်တာကြောင့် ဒီခြံဝန်းကြီးကို ထိန်းသိမ်း ထားဖို့ ပြည်သူတချို့က ဆန္ဒရှိကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲကမှ ၆ နှစ်ကို လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။ သူ့ရဲ့ လက်ရှိအခြေအနေကို မသိရှိရတဲ့အတွက် စိုးရိမ်ကြောင်းသားဖြစ်သူ Kim Aris ကပြောပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG