သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ စစ်ကောင်စီက စုံစမ်းစစ်ဆေးနေပြီ


စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း။ (မတ် ၁၁၊ ၂၀၂၁)
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း။ (မတ် ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် အတော်များများကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးနေတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ သုံးနာရီနီးပါးကြာ သတင်းစာရှင်းလင်းပွဲအတွင်း အာဏာသိမ်းရတဲ့ အဓိကအကြောင်းရင်းအဖြစ် တောက်လျှောက်ပြောလာတဲ့ မဲမသာမှုဆိုင်ရာကိစ္စတွေကိုပဲ အဓိကပြောသွားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အစောပိုင်းကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီဟာ လုံခြုံရေးအရ ဒီပုဂ္ဂိုလ်နှစ်ဦးကို နေအိမ်အကျယ်ချုပ်ထားတယ်လို့ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အတိုင်ပင်ခံနဲ့ ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်အပါအဝင်၊ ဒေါက်တာအေးဇံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ စစ်ဆေးနေတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

"ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်သိန်းက NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပတ်သက်ဆက်စပ်တဲ့ အခြေအနေများကို ပြောဆိုလာခဲ့ပါတယ်။ ဒီပြောဆိုချက်တွေဟာ မှန်၊ မမှန် ကျနော်တို့ အကြိမ်ကြိမ်အခါခါ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် မတ်လအကြား ငွေသား အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နဲ့ အကယ်ဒမီရွှေ ၇ ပိဿာကို ကိုယ်တိုင်ကိုယ်ကျပေးအပ်ခဲ့တဲ့အကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ အခိုင်အမာ ထွက်ဆိုချက်များမှ သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အဲဒီ အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နဲ့ အကယ်ဒမီရွှေ ၇ ပိဿာကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူခဲ့ကြောင်း သိရှိရသည့်အတွက် လိုအပ်သည်များ ဆက်လက်စုံစမ်း စစ်ဆေးနိုင်ရေး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဖော်ထုတ်စစ်ဆေးလျက်ရှိပါတယ်။"

သမ္မတဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချို တို့ဟာ စီးပွားရေးလုပ်ငန်းရှင် တချို့ဆီကနေ ငွေကြေးအကူအညီတောင်းခံမှုနဲ့ လက်ခံရယူမှုတွေကို စိစစ်တွေ့ရှိရလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး သတင်းထုတ်ပြန်သွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့တကွ နိုင်ငံတကာအသိုင်းအဝိုင်းကို လေးစားပေမဲ့ စစ်ဘက်က အာရုံစိုက်လုပ်ဆောင်သွားဖို့ ချမှတ်ထားတဲ့ ရည်မှန်းချက် ၅ ခုကို ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်တဲ့ စစ်တပ်ရဲ့လုပ်ရပ်ကို လက်မခံတဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေဟာ နိုင်ငံအနှံ့မှာ ဒီကနေ့အထိ ရှိနေဆဲပါ။ ဒီလို ဆန္ဒပြနေသူတွေကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ပြောဆိုသွားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ...

"NLD ပါတီဝင်များနဲ့ NLD ပါတီ ထောက်ခံသူများအနေနဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေစပြီး ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစောပိုင်းမှာတော့ ငြိမ်းချမ်းစွာဆန္ဒပြတယ်လို့ ဆိုနိုင်ပေမဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့နဲ့ ၉ ရက်နေ့ နောက်ပိုင်းမှာတော့ အကြမ်းဖက်ဆူပူမှုအသွင် မင်းမဲ့စရိုက်ဆန်တဲ့ လူအုပ်စုအသွင်ဖြစ်ပေါ်လာခဲ့ပါတယ်။ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပန်းဆက်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊ ရုံးလုပ်ငန်းတွေ ရပ်တန့်စေဖို့ CDM လှုပ်ရှားမှုကို အကြပ်ကိုင်ခြိမ်းခြောက် ဖိအားပေးမှုတွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။"

ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်တွေကြောင့် သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေ အပါအဝင် ပျောက်ဆုံးသူတွေလည်း ရှိလာပါပြီ။ နေပြည်တော်က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ ဦးခေါင်းကို သေနတ်ကျည်ထိပြီး သေဆုံးခဲ့သူ မမြသွဲ့သွဲ့ခိုင်နဲ့ မန္တလေးက ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်တဦးဖြစ်တဲ့ မကြယ်စင်တို့ရဲ့ ဦးခေါင်းကို ထိမှန်ခဲ့တဲ့ သေနတ်ကျည်တွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကျည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း မြေပြင်အနေအထားမှာတော့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေဟာ သေနတ်ကျည်ထိပြီး သေဆုံးခဲ့ရသူတွေ အများအပြားရှိလာနေတာပါ။

မြန်မာစစ်ကောင်စီအတွက် ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အစ္စရေး၊ ရုရှားနဲ့ ကုလသမဂ္ဂ အပါအဝင် အမေရိကန်ကို စည်းရုံးပေးဖို့ အစ္စရေးနွယ်ဖွား ကနေဒါနိုင်ငံသား Ari Ben Menashe ထူထောင်ထားတဲ့ Dickens & Madson ကုမ္ပဏီကို ဒေါ်လာ ၂,၀၀၀,၀၀၀ နဲ့ ငှားရမ်းခဲ့တယ်ဆိုတဲ့ကိစ္စကိုလည်း ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံပြောဆိုသွားပါတယ်။

စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ မြန်မာပြည်အခြေစိုက် တရုတ်သံရုံးကတော့ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ သဘောထားကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြန်တင်ခဲ့ပါတယ်။ တဆင့်ခံ ပြန်လည်ဖော်ပြခဲ့တဲ့ ဒီစာထဲမှာ စစ်တပ်ကဖမ်းဆီးထားတဲ့ အတိုင်ပင်ခံနဲ့ သမ္မတအပါအဝင် တခြားပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့လည်း အဓိကပါဝင်နေပါတယ်။ ဒါပေမဲ့လည်း စစ်တပ်ရဲ့အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်နေကြတဲ့ ပြည်သူတွေကတော့ တရုတ်သံရုံး အလိုမရှိကြောင်း မှတ်ချက်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG